ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ဒီတစ်ပတ်မှာတော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်ကို ပူဇော်ရာကနေ ပေါ်ပေါက်လာပြီး ဒီကနေ့ထိတိုင် လက်ဆင့်ကမ်း ထိန်းသိမ်းပြီး ကျင်းပလာကြတဲ့ ရခိုင်ရိုးရာနံ့သာသွေးပွဲတော်အကြောင်းကို တင်ပြပေးချင်ပါတယ်။ အဲဒီပွဲကတော့ မြန်မာသက္ကရာဇ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ တန်ခူးမှာ ကျင်းပကြာတာဖြစ်ပြီး တစ်ခြားတစ်နှစ်ကို မကူးမီကျင်းပကြတဲ့ နောက်ဆုံးပွဲတော်လည်း ဖြစ်ပါတယ်။
ဘီစီ ၅၅၄ ခုနှစ်၊ ရခိုင်ဘုရင်စန္ဒသူရိယမင်းလက်ထက်ကရခိုင်ကိုဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်လာတဲ့အခါ မဟာ မြတ်မုနိဘုရားရှင်ကို ရုပ်တုတော်သွန်းလုပ်ရာ ပြီးစီးတဲ့ ကဆုန်လပြည့်နေ့မှာနံ့သာဖြူ၊ နံ့သာနီ၊ ကရမက်စတဲ့ အမွှေးအ ကြိုင်တွေ သွေးပြီးပူဇော်ရာကနေ “ရခိုင်ရိုးရာနံ့သာသွေးပွဲ” ရယ်လို့ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ဓလေ့၊ ယဉ်ကျေးမှုရိုးရာပွဲတော်တွေကိုဖော်ထုတ်ကျင်းပလေ့ရှိတဲ့ သာကီမဏ္ဍိုင် ရက္ခိုင့်ယဉ်ကျေးမှုအဖွဲ့ နာယက ဆရာဦးမောင်သိန်းထွန်းက အခုလိုပြောပြပါတယ်။
“ကမ္ဘာမှာတစ်ဆူတည်းသော မြတ်စွာဘုရားဟာရခိုင်ပြည်(နယ်)မှာသက်ရှိထင်ရှားရှိဘိသကဲ့သို့ ယုံကြည်ပြီးတော့ ရခိုင် သားတွေ ဝမ်းမြောက်၊ ဝမ်းသာနဲ့ ပျော်ပွဲ၊ ရွှင်ပွဲတွေ၊ နံ့သာနီ၊ နံ့သာဖြူ၊ ကရမက်တို့ သွေးပြီးဘုရားကိုပူဇော်ကြတယ်။ မ ဟာမုနိမြတ်စွာဘုရားရှင်ကို။ သိပ်ထူးခြားတာကိုးဘုရားရှင်ကြွလာတဲ့ အဲဒီအချိန်ဟာ ။ အဲဒီလိုပူဇော်ရာကအစပြုပြီးတော့ ရခိုင်မှာနံ့သာသွေးတယ်လို့ ဖြစ်ပေါ်လာတယ်။”
နံ့သာသွေးရတဲ့ အဓိကအကြောင်းအရင်းကတော့ ဘုရားရေသပ္ပာယ်ရန်အတွက်ဖြစ်ပြီးတော့ မြန်မာသက္ကရာဇ်ရဲ့ နောက်ဆုံးလ တန်ခူးမှာ ကျရောက်တဲ့ သင်္ကြန်မတိုင်မီ ၁ ရက်၊ ၂ ရက်အလိုမှာ ပြုလုပ်လေ့ရှိကြပါတယ်။ နံ့သာသွေးပွဲကို ရပ်ကွက် အလိုက်သော်လည်းကောင်း၊ အသင်းအဖွဲ့ လိုက်သော်လည်း၊ ကျေးရွာအလိုက်သော်လည်းကောင်း စုပေါင်းကျင်းပကြတာလည်း ဖြစ်ပါတယ်။
“မိန်းကလေးတွေပါတယ်။ လူပျိုလေးတွေ စလို့နောက်လို့ တစ်ယောက်နဲ့တယောက် လူငယ်သဘာဝအရ နံ့သာတွေကို တစ်ယောက်နဲ့ တယောက်ပစ်လို့။ ဒါကအလွန်တရာ ချစ်ဖို့ကောင်းတဲ့ဓလေ့။ တစ်ယောက်နဲ့တယောက် စိတ်ဆိုးလို့လည်းမရ။ အမှန်က ကြိုက်လို့၊ ချစ်လို့လည်း မဟုတ်။ မောင်နှမလို။ နွေးနွေးထွေးထွေးချစ်ချစ်ခင်ခင်နေကြတဲ့ ရိုးရာဓလေ့။”
အဲဒီလိုနံ့သာသွေးပြီး နောက်တစ်နေ့မှာတော့ သူတို့ကိုးကွယ်တဲ့ ဘာသာရေးအဆောက်အအုံတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်ပြီး ငါးပါးသီလခံယူ၊ လှူဖွယ်ဝတ္ထုတွေ လှူဒါန်းကြကာ အသင့်ယူဆောင်လာတဲ့ နံ့သာရေတွေနဲ့ အဲဒီမှာရှိတဲ့ ဘုရားရုပ်ပွားတော်တွေကို ဝိုင်းဖွဲ့ ရေသပ္ပာယ်ကြတာပါ။
အဲဒီလိုဘုရားတွေကို ရေသပ္ပာယ်ပြီးမှသာ သင်္ကြန်ရေလောင်းခွင့်ရှိတယ်လို့ မှတ်ယူကြပါတယ်။ သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ ဦးဝိုင်းမောင်က ပြောပြတာက “ဘုရားကိုရေသပ္ပာယ်ပြီးမှသာ လူကို ရေလောင်းရမယ်ဆိုတဲ့ အစွဲတစ်ခုဖြစ် လာကြတယ်။ ဦးလေးတို့ ငယ်ငယ်ကလည်း အဲဒီလိုပဲ ဒီလိုရက်ကြီးနေ့ကြီးမှာ ရေလောင်းကြတဲ့ ကလေးတွေကို ဘုရားကိုတောင် ရေမသပ္ပာယ်ရသေးဘူး။ မင်းတို့ လူတွေကို ရေမလောင်းကြနဲ့လို့ လူကြီးသူမတွေကပါ ရေလောင်းခံသူတွေကပါ ပြောဆိုဆုံးမကြတာတွေကို ဦးလေးတို့ကြားဖူးခဲ့တယ်။ သို့သော် စစ်တွေမြို့အတိုင်းအတာအရကတော့ ဘုရားရေသပ္ပာယ်တာကို တရက်တည်းလို့ မသတ်မှတ်ဘူး။” လို့ ဖြစ်ပါတယ်။
ဘာသာရေးအဆောက်အအုံတွေမှာရှိတဲ့ ဘုရားရုပ်ပွားတော်တွေအပါအဝင် နေအိမ်တစ်အိမ်ချင်းစီမှာတည်ထားကိုးကွယ် တဲ့ ဘုရားတွေကိုလည်း ရေသပ္ပာယ်ကြသလို မိဘဘိုးဘွားတွေနဲ့ သက်ကြီးရွယ်ကိုတွေကိုလည်း ပူဇော်ကန်တော့လေ့ ရှိကြပါတယ်။
နံ့သာသွေး၊ ဘုရားရေသပ္ပာယ်တာတွေ၊ ပူဇော်ကန်တော့ခြင်း ပြုလုပ်တာတွေဟာ ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးထဲက တစ်ပါးပါးနဲ့ ပြစ်မှား ကျူးလွန်ခဲ့တာတွေ နောက်ပြီးတော့ ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ပြယ်ပျောက်သွားနိုင်တယ်လို့ ယုံကြည်တဲ့အတွက်လည်း လူတိုင်းနီးပါးက မဖြစ်မနေ ပါဝင်ဆင်နွဲကြပါတယ်။
“နှစ်တစ်နှစ်မှာ မကောင်းတာတွေရှိမယ်။ အပြစ်အနာဆာတွေရှိခဲ့မယ်။ ကာယကံ၊ မနောကံ၊ ဝစီကံတွေနဲ့ မိဘတို့၊ သက်ကြီးသူအိုတို့ကို ပြစ်မှားမိတယ်။ စကားနဲ့ဖြစ်စေ၊ ကိုယ်အမူယာနဲ့ဖြစ်စေ၊ အဲလိုပြစ်မှားမှုတွေရှိခဲ့တယ်ဆိုလို့ရှိရင် ဘုရားပူဇော်ခြင်း၊ နံ့သာသွေးပြီးတော့ ရေသပ္ပာယ်ခြင်း အားဖြင့် နှစ်တနှစ်မကူးမီ အသက်ကြီးတွေကို ရွာတွေမှာအမွှေးနံ့သာတို့နဲ့ ပူဇော်ပြီးတော့ ပြစ်မှားတာရှိခဲ့ရင်လည်း အငယ်တွေဖြစ်တဲ့ ကျနော်တို့ကို ခွင့်လွတ်ပါလို့ တောင်းပန်ရင် ဗုဒ္ဓဘာသာတို့မှာ ပျက်စီးကျရောက်လတ္တံ့ဖြစ်သော ဘေးဥပဒ်အန္တရာယ်တွေ ကင်းလွတ် တတ်တယ်လို့ အယုံအကြည်ရှိတယ်။” လို့ ဦးမောင်သိန်းထွန်းက ဆိုပါတယ်။
ချစ်စရာကောင်းတဲ့ အဲဒီဓလေ့ဟာ ခေတ်အဆက်ဆက် ပြောင်းလဲလာခဲ့ပေမဲ့ အဲဒီတုန်းကကျင်းပပုံနဲ့ ကွာခြားသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီဖက်ခေတ်အထိ ရခိုင်တို့က ထိန်းသိမ်းပြီးတော့ တမြတ်တနိုးနဲ့ ဆောင်ရွက်ကြဆဲပဲဖြစ်ပါတယ်။ ဒီလို ဘုရားရေသပ္ပယ်တာ၊ နံ့သာ သွေးတာစတဲ့ ရခိုင်တို့ရဲ့ အစဉ်အလာကြီးမားတဲ့ ဓလေ့ကတစ်ခါတလည်မှာ ဖူးစာဖက်ကိုလည်း ရွေးချယ်ပေးတတ်ပါတယ်။
ဦးမောင်သိန်းထွန်းက “ဒါကအလွန်တရာချစ်ဖို့ကောင်းတယ်။ မိန်းကလေးဖက်ကလည်း စိတ်ဆိုးလို့ မရ။ ယောက်ျားတွေကလည်း စိတ်ဆိုးလို့ မရ။ အဲဒါကနေစလို့ သူတို့မှာ လူငယ်ဘဝချစ်ကြိုက်သွားတာလည်း ရှိကောင်းရှိမယ်။ အဒီသဘာဝတွေလည်း ရှိကြတာကိုး။ သင်္ကြန် ဆိုတာလည်း အဲလိုပဲ။ မိန်းမနဲ့ ယောက်ျားနဲ့ မရီးခေါ်လို့။ ရေတစ်ဖလားပေး။ မတော်ရသေးတဲ့ မရီးဖြစ်ပေမဲ့ တင်စားလို့ ကိုယ်သဘောကျတဲ့ မိန်းကလေးတွေကို မဏ္ဍပ်ရှင်မတွေကိုခေါ်ပြီးလောင်းကြတဲ့ ဓလေ့တွေ ရှိကြတယ်။”လို့ သူတွေ့ဖူးတဲ့ အကြောင်းအရာလေးတစ်ခုကို ဥပမာပေးလို့ ပြောပြပါတယ်။
ဦးမောင်သိန်းထွန်းတို့ ငယ်ငယ်က ပြုလုပ်ကျင်းပခဲ့ကြတဲ့ အကြောင်းကို အခုလိုပဲ ရယ်ရယ်မောမောနဲ့ ပြန်ပြောင်းပြောပြပါသေးတယ်။
“ငါတို့ ငယ်ငယ်ကတော့ အရက်သောက်စားတဲ့ အလေ့အထက သိပ်မရှိဘူး။ ကလအဖွဲ့တွေဖွဲ့ထားတယ်။ လူ ၁၀ ယောက်၊ ၁၅ ယောက်လောက် ပေါင်းတယ်။ ပြီးတော့ ဆင်တူဝတ်တယ်။ သွပ်ဖလားလေးတွေ ဝယ်တယ်။ ဂျပန်တုံလို့ခေါ်တယ်။ အဲလိုဖလား တယောက်တလုံး ဝယ်တယ်။ ပြီးတော့ သီချင်းဆိုပြီးသူဆို၊ ဗုံတီးသူတီးသွားကြတယ်။ ငါတို့ကတော့ ဗုံးတီးလို့ မဟုတ်။ သူငယ်ချင်းတွေ စုပြီးတော့ မဏ္ဍလေးစီလို့ သွားကြတယ်။ ငါတို့ဓလေ့ပေါ့။”
အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ ဆရာဦးမောင်သိန်းထွန်းကတော့ အခုခေတ်လူငယ် ယောက်ျားလေးတွေဟာ သောက် စားမူးယစ်ပျော်ပါးကြသလို မိန်းကလေးတွေကလည်း ကာယိအိနြေ္ဒပျက်ပြားတဲ့ အဝတ်စားတွေဝတ်ပြီး ပျော်ပါးကြတာတွေ လျှော့ချကာ ရခိုင်တို့ရဲ့ ချစ်စရာကောင်းတဲ့ ဒီဓလေ့ကို ထိန်းသိမ်းကြဖို့ မှာကြားသွားပါတယ်။
816 total views, 1 views today