Arakan Yoma |
ရခိုင်ပြည်နယ်၏ ၁၇ မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထားနိုင်ပြီဖြစ်ကာ ကျန်ရှိ တစ်မြို့နယ်ဖြစ်သော မာန်အောင်မြို့နယ်ကိုလည်း ဆိုလာစနစ်ဖြင့် မီးပေးရန် စီစဉ်နေပြီဖြစ်သည်ဟု ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေးဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သော မတ် ၃၁ ရက်နေ့က ကျောက်ဖြူမြို့နယ်ရှိ စနဲမြို့တွင် နိုင်ငံတော် ဓာတ်အားလိုင်း ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခဲ့ပြီး ထို အခမ်းအနားကို ယင်းမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တက်ရောက်လာကြစဉ်တွင် အများပြည်သူ သို့ ထိုသို့ အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် ထိုသို့ လျှပ်စစ်မီးရရှိပြီဖြစ်သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍများမှာ ယခင်ထက်ပိုမို ကောင်းမွန်လာမည်ဖြစ် ပြီး ပြည်သူများ မျှော်လင့်ထားသည့် ဆန္ဒပြည့်ဝပြီဖြစ်သဖြင့်လည်း ဝမ်းမြောက်ကြောင်းနှင့် ရရှိလာသည့် အခွင့်အရေးများကို ဒေသဖွံ့ဖြိုး ရေးအတွက် ကောင်းမွန်စွာ အသုံးချ သင့်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်တကွ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင် သာယာရေး ဝန်ကြီး ဦးဝင်းမြင့်နှင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် လျှပ်စစ်မီးရရှိသည့် အထိန်းအမှတ်ဖွင့်ပွဲတွင် ဖဲကြိုးဖြတ်မှုများပြုလုပ်ပြီးနောက် ဦးညီပုက လက်ပန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် အသုံပြုရန် ကွန်ပျူတာနှင့် ပရင်တာစက်တစ်စုံအတွက် ငွေကျပ် ၈ သိန်းနှင့် ကျေးရွာတွင်း လမ်းများတွင် Box Culvert များတည်ဆောက်နိုင်ရန် ငွေကျပ် ၁၅ သိန်းလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
498 total views, 2 views today