ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

လူမျိုးတစ်မျိုးချင်းစီတိုင်းမှာ ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့ ရိုးရာတွေ၊ ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ အစားအစာတွေ ရှိကြစမြဲပါ။ အဲဒီ လိုပဲ ရခိုင်တွေမှာလည်းပဲ ကိုယ့်လူမျိုးကို ကိုယ်စားပြုတာတွေ များစွာရှိပါတယ်။ အခုတစ်ပတ်မှာတော့ ရခိုင်တို့ရဲ့ အစဉ်အလာကြီးမားတဲ့ အစားအစာတစ်ခုဖြစ်သလို လူကြိုက်လည်းများတဲ့ ရခိုင်မုန့်တီလုပ်ငန်းအကြောင်းကို တင်ပြပေးမှာပါ။

ရခိုင်မုန့်တီဟာလည်း နာမည်ကြီးပြီး တကယ့်ကိုကောင်းမွန်တဲ့ အရသာရှိတဲ့ အစားအစာကောင်းတစ်ခုဖြစ်သလို အဲဒီနောက်ကွယ်က လူမှုဘဝတွေဟာလည်း စိတ်ဝင်စားစရာ ကောင်းလွန်းနေပါတယ်။

ဒီလုပ်ငန်းကို ရခိုင်ပြည်နယ် စစ်တွေမြို့က ဦးထွန်းထွန်းဝင်းရဲ့ ယောက္ခမတွေက ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဆယ်ကျော်ကတည်းကနေ လုပ်ကိုင်လာတာဖြစ်ပြီး သူတို့အိုမင်းလာချိန်မှာတော့ သူတို့ရဲ့ သမက်ဖြစ်တဲ့ ဦးထွန်းထွန်းဝင်းကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

“ကျနော်ကကျတော့ ၉၅ ခုနှစ်က အိမ်ထောင်ကျတော့ ယောက္ခမနဲ့ တွဲပြီး ဒီအလုပ်ကို ကြီးကြပ်လုပ်လာတာ အခုချိန်ထိပေါ့။ ကျနော့်မှာ လည်း အခုဆိုရင် ယောက္ခမနှစ်ပါးမှာ တစ်ပါးရှိပါသေးတယ်။ ကျနော်တို့နဲ့ အတူတကွနေထိုင်ပြီး စုပေါင်းလုပ်ကြတာပေါ့။ အခုဆိုရင် ကျ နော်က ယောက်ျားသားဖြစ်တာကြောင့် ဦးဆောင်နေရတာပေါ့။”လို့ ဦးထွန်းထွန်းဝင်းက ပြောပြပါတယ်။

ဦးထွန်းဝင်းရဲ့ ယောက္ခမဖြစ်သူတွေက ဒီလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ချိန်မှာဆိုရင် ခုခေတ်မှာလို စက်ယန္တရားတွေ မပေါ်သေးပါဘူး။ ဒါ ပေမဲ့ တစ်ခေတ်ပြီးတစ်ခေတ် တိုးတက်ပြောင်းလဲလာချိန်မှာတော့ ခေတ်ပေါ်စက်ကိရိယာတွေ အသုံးပြုပြီး လက်လှမ်းမှီသလောက် ကြိုး စားကာ တိုးချဲ့လုပ်ကိုင်ခဲ့တာကြောင့် အခုဆိုရင် ဗီယက်နမ်နိုင်ငံကလာတဲ့ နောက်ဆုံးပေါ်စက်နဲ့ လုပ်ကိုင်နိုင်ခဲ့ပါပြီ။

“ဒီမုန့်တီကို စလုပ်တာက ကျနော်ယောက္ခမတို့ပေါ့။ လက်နဲ့ထောင်းတဲ့ ဘဝကနေလုပ်လာတာ။ အဲဒီလို လုပ်လာရင်းနဲ့ နောက်ဆိုရင် စက်ခေတ်ပေါ်လာတယ်။ စက်က ၅၊ ၆ ကော်ပတာ စက်ကလေးတွေပေါ့။ အဲဒီစက်ကလေးတွေနဲ့ လုပ်တယ်။ နောက်တော့ ၁၃ ကောင် စက်တွေ၊ ၁၈ ကောင် အဲလို စက်မှုခေတ်တွေနဲ့ လုပ်လာတယ်။ ခုထိတိုင်တည်ဆောက်ပြီးတော့ နောက်ပိုင်းမှာ လက်ညှစ်မုန့်တီလို့ ပေါ် လာတယ်။ လက်ညှစ်မုန့်တီဆင့်လုပ်တယ်။ အခုကျနော်တို့ခေတ်မှာဆိုရင် ကျနော်အခုစက်နဲ့ လုပ်တယ်။ စက်နဲ့ဆိုတော့ အရင်က ဆန် ၁၀ အိတ်မှာဆန်ချေ ၇ အိတ်၊ ဆန်ကြီး ၃ အိတ်ထည့်ပြီးလုပ်ရတယ်။ အခုဆိုရင် ဆန်ကြီးထည့်စရာမလိုတော့ဘူး။ ဆန်ချေသီးသန့်ပဲ။ အရင်မုန့်တီက မဲသွားတယ်။ အခုဆိုရင် ရောင်းရတယ်။”

ခေတ်အလျောက် စက်ကိရိယာတွေ အသုံးပြုပြီး တိုးချဲ့လုပ်ကိုင်လာချိန်မှာတော့ မုန့်ဖတ်ရဲ့ အရည်အသွေးကလည်း ကောင်းလာသလို ရောင်းအားကလည်း ကောင်းလာတယ်လို့ ဆိုပါတယ်။ အရင်ကတည်းက ရောင်းအားနှေးခဲ့ပေမဲ့ လက်ရှိမှာတော့ စစ်တွေမြို့ပေါ်က မုန့် တီရောင်းတဲ့ ဆိုင်သည်တွေသာမက နယ်တွေကပါ လာရောက်ဝယ်ယူမှုတွေလည်း ရှိလာပါတယ်။

“မြို့မဈေးကြီး၊ ဆင်ကူးလမ်း၊ အုန်းတပင်တို့မှာလည်း ဖောက်သည်တွေရှိတယ်။ မင်းဂံဈေးမှာဆိုလည်း သွားပြီးဈေးထိုင်ပေးတယ်။ ကိုယ် ကိုတိုင် အကွက် ၂ဈေးမှာသွားထိုင်ပေးတယ်။ မနက်တပိုင်း ၁၀ နာရီလောက်ဆိုပြန်တယ်။ နောက်ပြီးဗျိုင်းဖြူရွာကလည်း လာဝယ်တယ်။ အကုန်လုံးဖောက်သည်တွေပဲ။ တစ်ခါတစ်ခါ ဆင်တက်မော်ကမ်းဖက်ကလည်း လာယူတာတွေရှိတယ်။ မုန့်ဖတ်က ကော်လတီကောင်း တော့လေ။ တရက်မှာ ဆန် ၁၀ အိတ်ပတ်ဝန်းကျင်လောက်ရောင်းရတယ်။ တရက်မှာ ၃ သိန်းကျော်၊ ၄ သိန်းဖိုးလောက်ပေါ့။”

ရခိုင်မုန့်တီဟာ ရခိုင်ဒေသအစားအစာတစ်ခုဆိုပေမဲ့ ရခိုင်ပြည်နယ်အတွင်းကရော မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာပါ နေထိုင်ကြတဲ့ လူတိုင်းနီး ပါးကလည်း သိကြသလို ကြိုက်သူတွေလည်း များပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးနေကျ အစားအစာတစ်ခုအဖြစ်ရော ပွဲလမ်းသဘင် တွေမှာပါ မုန့်တီကို ဧည့်ခံကျွေးမွေးလေ့ ရှိကြပါတယ်။

စက်ယန္တရားတွေကို အသုံးမပြုမီကာလတွေမှာတော့ ကိုယ်ကာယအားကိုစိုက်ပြီး လုပ်ရတာကြောင့် အလုပ်သမားတွေ တည်မြဲမှုမရှိခဲ့ပါ ဘူး။ အဲဒါကြောင့်လည်း ဦးထွန်းထွန်းဝင်းဟာ အလုပ်သမားတွေတည်မြဲမှုရအောင် ကြိုးပမ်းခဲ့ရာ လက်ရှိမှာတော့ အလုပ်သမားတွေအပါ အဝင် သူတို့ရဲ့ မိသားစု ၁၀ စုလောက်ကို လုပ်ငန်းခွင်အတွင်းနေထိုင်နိုင်အောင် ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ 

“အလုပ်သမားတွေကနားမလည်။ ဒီအလုပ်ကိုက ကိုယ်ဘဲနားလည်တာကိုး။ ဒီလုပ်အတည်မကျခင်ပေါ့လေ။ ကျနော်က အလုပ်ခွင်မှာ ထမင်းစားရတာတွေရှိတယ်။ ကျနော် နောက်လှည့်ပိုက် တစ်ခုခုထားပစ်ခဲ့တယ်ဆိုရင် သူတို့က နားမလည် မုန့်ပြတ်သွားတယ်။ မဟုတ် ရင် မီးများလို့ မုန့်ပျော့သွားတယ်။ မီးခလုတ်တခုကိုတောင် မကိုင်ရဲတာတွေရှိတယ်။ ခုဆိုရင် ကျနော်ပြားလို့ သူတို့တွေနားလည်လာကြ ပါပြီ။ ကျနော်အဝေးကြီးတောင်သွားလို့ မရဘူး။ အနီးအနားမှာ ခနနေရင် အရေးကြီးရင် လာခေါ်ကြတယ်။ အရင်နဲ့ယှဉ်ရင်တော့ ကျနော် နည်းနည်းသက်သက်သာသာနေရပြီ။”

တစ်ခါတစ်ရံမှာ စီးပွားရေးအရ အရင်းအနှီးတွေ နစ်မြှပ်သွားတာတွေ စိတ်ညစ်ရသလို လူ့ဘဝရဲ့သဘောသဘာဝအလျောက် ခါးသီးလွန်း တဲ့ အချိန်အခါတွေကိုလည်း ကြုံဆုံခဲ့ရပါတယ်။

“တခါခါမုန့်ဆန်ကော်လတီမကောင်းလို့ ပြတ်ထွက်သွားတာတွေကြောင့် အရင်းပြုတ်သွားတာတွေရှိတယ်။ ၂ ရက်၊ ၃ ရက် လူကပင်ပန်း စိတ်ကပင်ပန်း။ ငြိမ်းမွေ့လာတယ်။ အလုပ်သမားတွေကို ပြောရဆိုရတာ သိပ်ပင်ပန်းတာတွေရှိပါတယ်။ အခက်ခဲတွေပေါ့လေ။ နောက်ပြီး မီးမတောက်။ ထင်းမတောက်တာတွေလည်း ရှိတယ်ပေါ့။ ကျနော်တို့ဟာ ဒီလုပ်ငန်းတွေကိုလုပ်လို့ ၂၀၀၁ ခုနှစ်ကဆိုရင် မီးလောင်ပြီး ဘာအလုပ်မှ မကျန်ခဲ့ဘူး။ ကျနော်တို့ မိသားစုတစ်ခုလုံး မီးမှာပါသွားတာ။ ကိုယ့်နေရာလဲကိုယ် ပြန်မရလိုက်တော့ဘူး။”

အဲဒီတုန်းက အခက်အခဲတွေကြားက ဒီလုပ်ငန်းကို ပြန်လည်ထူထောင်ခဲ့တဲ့ အကြောင်းကို ဦးထွန်းထွန်းဝင်းက အခုလိုပဲ ဝမ်းနည်းစွာနဲ့ ပြောပြပါတယ်။

“မီးလောင်ပြီးနောက်ပိုင်းမှာ ကျနော်တို့ ဘုန်းကြီးကျောင်းမှာသွားနေခဲ့ရတယ်။ သူများတွေက ပေးတဲ့ ထမင်းတွေကိုစားပြီး လုပ်ငန်းတွေ လုပ်လာတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် နေထိုင်မရဖြစ်ခဲ့ရတယ်။ ပြန်လည်နေရာချထားပေးတဲ့အခါ ကျနော်တို့က အမြန်ဆုံးနည်းနဲ့ လုပ်ခဲ့တာပါ။”

အခုနောက်ပိုင်းမှာ သူတို့ရဲ့လုပ်ငန်းဟာ အဆင်ပြေလာတယ်ဆိုပေမဲ့ လက်ရှိမှာ ဆန်ဈေးတက်လာတာ၊ လုပ်အားခတွေ ပေးရတာတွေ ကြောင့်လည်း သိပ်ပိုချန်မနေပါဘူး။

“ဆန်တစ်အိတ်မှာ မုန့်က ၁၈ ဆွဲလောက်ရပါတယ်။ လုပ်အားခနဲ့ အလေအလွင့်နဲ့ ကိုက်လိုက်တော့ ကိုယ့်အအတွက်က သိပ်မကျန်ဘူး။ ဒီလောက် အပင်ပန်းခံပြီးလုပ်လို့ မုန့်တစ်ဆွဲက ပိုင်ရှင်အတွက် အမြတ်ငွေက ၂ ရာလောက် ပတ်ဝင်းကျင်ပဲရတယ်။ တစ်ဆွဲကို ၁၅၀၀ ဆိုဈေးရောင်းတယ်။ ဖော်သည်ဆိုရင် ၁၂၀၀ အဲလို ရောင်းရတာတွေရှိတယ်။ သူတို့ ကိုယ့်ဆီကယူရောင်တော့ သူတို့လည်း အကျိုးခံစား ခွင့်တစ်ခု အဆင်ပြေဖို့လိုတယ်လေ။”

“ရခိုင်မုန့်တီဖို”လို့ နာမည်ပေးထားတဲ့ ဒီလုပ်ငန်းဟာ သိပ်ကြီးဝင်ငွေမကောင်းပေမဲ့ ဦးထွန်းထွန်းဝင်းတို့ မိသားစုအပြင် ကျန်တဲ့မိသားစု ၁၀ စုရဲ့ စားဝတ်နေရေးပါ အဆင်ပြင်နေတဲ့အတွက် ဦးထွန်းထွန်းဝင်းကတော့ ယောက္ခမတွေဆီက အမွေရထားတဲ့ အဲဒီလုပ်ငန်းလေး ကို သား၊ သမီးတွေကိုလည်း လွှဲပြောင်းပေးခဲ့ဖို့ ဆန္ဒကတော့ ရှိနေပါတယ်။

“ကျနော်တို့လည်း မသေမချင်းပေါ့။ မိဘရိုးရာလုပ်စားလာတာဖြစ်လို့ မပျက်မစီးရအောင်ပေါ့။ အရင်ကတော့ လက်နဲ့ဆုံနဲ့ထောင်းလာတဲ့ ခေတ်ကတည်းက ဒိလုပ်ငန်းကို ထူထောင်လာတာကြောင့်မို့လို့ ကျနော်တို့လည်း ကျန်းမာရေးကောင်းသလောက်။ လုပ်နိုင်သလောက်။ သားသမီးတွေ ကြီးလာရင် လက်စဉ်ကမ်းဖို့အတွက် စဉ်းစားထားတယ်။ ဒီထက်မက တိုးတက်အောင်ဆိုပြီးတော့။”

ဦးထွန်းထွန်းဝင်း ဦးစီးနေတဲ့ အဲဒီမုန့်တီလုပ်ငန်းကလေးဟာဖြင့် ရခိုင့်ရိုးရာလက်ဆင့်ကမ်းအမွေလေးတစ်ခုပါပဲ။

 996 total views,  1 views today