ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဓာတ်ပုံ – ထူး ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဆောင်းရာသီကုန်လို့ နွေဦးပေါက်ပြီဆိုတာနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နဲ့ ၅ မိုင်လောက်အကွာအဝေးမှာ တည်ရှိတဲ့ ကျောင်း တိုက်ရွာသားတွေက စပါးတွေ ရိတ်သိမ်းပြီးလို့ နောက်လုပ်ငန်းခွင်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ ပြင်ဆင်နေကြပါပြီ။

ဒီလို နေ့ရက်တွေမှာ ကျောင်းတိုက်ရွာသားတွေဟာ ရွာရဲ့ တည်နေရာ အနေအထားရကော ရာသီရဲ့အနေအထားအရပါ လိုက်ပြီး ရာသီ ပေါ် လုပ်ငန်းအချို့ကို လုပ်ကိုင်လေ့ ရှိတတ်ကြပါတယ်။ အဲဒီအထဲက ရွာရဲ့တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် ဘိုးဘေးစဉ်ဆက်မပြတ် လုပ် ကိုင်လာကြတဲ့ သက်ကယ်လက် (ဒေသခေါ်အုန်းလက်) ထိုးလုပ်ငန်းအကြောင်းကို တင်ပြပေးချင်ပါတယ်။

သက်ကယ်ဆိုတာကတော့ ချောင်းကမ်းစပ်တွေမှာ ဒီရေတောတွေနဲ့ ရောနှောပေါက်ရောက်လေ့ရှိသလို လုပ်ငန်းအတွက် အသုံးဝင်တဲ့အတွက် စီးပွားအဖြစ် သီးသန့်စိုက်ပျိုးထားကြတာလည်း ရှိပါတယ်။ များသောအားဖြင့်ကတော့ ကျေးလက်တွေမှာ အိမ်ခေါင်မိုးတာ၊ ထရံကာတာ စတွေမှာ သက်ကယ် (အုန်းလက်) ကို အသုံးပြုကြတာ ဖြစ်ပါတယ်။

သက်ကယ်ပျစ်တစ်ချပ်ဖြစ်လာဖို့ဟာလည်း လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အဆင့်ဆင့် ပြုလုပ်ရသေးပါတယ်။ အပင်က ခုတ်လာတဲ့ အလက်အတိုင်း အသုံးပြုလို့ မရပါဘူး။ ပထမဦးစွာ အုန်းတောကိုသွားပြီး အုန်းပင်ကလှတဲ့ အလက်တွေကို ရွေးခုတ်၊ ပြီးမှ ဘေးနှစ်ဖက်မှာ ဖြာပြီးပါတဲ့ အရွက်တွေကို သိုက်ပြီး အစည်းလိုက်စည်းကာ ပိုးမကျအောင်အတွက် ရေထဲမှာ ၁၅ ရက်လောက် စိမ်ထားရပါတယ်။

“အုန်းခုတ်တဲ့အခါ လိုအပ်တာကတော့ ဓါးပေါ့။ ဓါးပါးပါးရှည်ရှည်။ အုန်းခုတ်တဲ့အခါ အုန်းဘောင်ကို ခုတ်လိုက်တာနဲ့ အောက်က အုန်း ဘောင်ခရင်းတွေကို အုန်းခြေချပေးရတယ်။ အုန်းခြေချပြီးမှ အုန်းပင်ကလှတယ်။ ဘေးကားပြီးတော့ အရွက်တွေ ဝိုင်းလို့ ထွက်တယ်ပေါ့။ အုန်းခုတ်ပြီးရင် အုန်းသိုက်ပြီး အုန်းကြိုးစည်းဖို့အတွက် ကြိုးဆွဲရတယ်။ ရေစိမ်တဲ့အခါမှာလည်း အုန်းမိုးကို ပိုးပြီးတော့ ရေထဲမှာစိမ်။ စိမ် ပြီးတော့ ၁၅ ရက်လောက်ဆိုရင် ပြန်ဖော်။ ပြန်ဖော်ပြီးမှ ထိုးတယ်။”

ကျောင်းတိုက်ကျေးရွာသား ဦးအောင်နိုင်ထွန်းက အုန်းလက်တွေကို ခုတ်ရင်းနဲ့ ပြုလုပ်ပုံတွေကို ရှင်းပြတာ ဖြစ်ပါတယ်။

မနက်အိပ်ရာက ထတာနဲ့ စတင်ခုတ်လေ့ရှိပြီး နေပူတဲ့အချိန် နေ့လည် ၁၁ နာရီလောက်ဆိုရင် တစ်ထောက်နားလေ့ရှိပြီး ညနေပိုင်း ရောက်မှ ပြန်ခုတ်ကြတာ ဖြစ်ပါတယ်။ လူတစ်ဦးစီက တစ်ရက်ခုတ်ရင်တော့ ဓနိချပ် ၃၀ ၊ ၄၀ ဝန်းကျင်ဖို့ ရနိုင်ပါတယ်။

တောထဲသွားပြီး အုန်းခုတ်တာ၊ ရေစိမ်တာတွေကိုတော့ အမျိုးသားတွေကပဲ တာဝန်ယူကြတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကကော ဘယ်အပိုင်းတွေကို တာဝန်ယူ လုပ်ဆောင်ကြပါသလဲ။

ငယ်ငယ်ကတည်းကနေ သက်ကယ်ထိုးလာတဲ့ အသက် (၈၄) နှစ်အရွယ် ဒေါ်အကီးမန်က 0 “ထိုးဖို့အတွက် အုန်းတံဝယ်ရတယ်။ ဝါးဝယ်ရတယ်။ အုန်းတံသတ်ပြီးသားဝယ်ရတယ်။ ပြီးတော့ အုန်းလက်နဲ့ အုန်းတံနဲ့ ထိုးကြတယ်။ အုန်းလက်တစ်လက်ဆိုရင် နှစ်ချပ်လောက်ပဲရတယ်။ တစ်ချပ်ဟာ ၃ တောင့်တထွာ(၃ ပေနီးပါး) ။”လို့ အမျိုးသမီးတွေ လုပ်ရတဲ့ အပိုင်းတွေကို ရှင်းပြပါတယ်။

အုန်းအလက်ငယ် တစ်လက်စီကို သုံးပေနီးနီးရှိတဲ့ ဝါး(အုန်းတံထိုးရန်ပြုလုပ်ပြီးသား)တံမှာ နှစ်ခေါက်ချိုးပြီး ဆံ့သလောက် ထည့်ရပါတယ်။ နှစ်ခေါက်ချိုးထားတဲ့ အလက်တွေကို ပူးကပ်ပြီး ပြုတ်ကျမသွားအောင် အုန်းလက်မှာပါတဲ့ ဒုတ်ကလေးကို ချိုးပြီး ညှပ်ရပါတယ်။ သက်ကယ်ပျစ် အဖြစ်ပြီးတဲ့ အခါမှာတော့ တစ်ပတ်လောက်နေလှမ်းရပြန်ပါတယ်။

တပိုင်တနိုင် လုပ်ကိုင်သူတွေရှိသလို အငှားလုပ်ကိုင်သူတွေကလည်း ရှိနေပါတယ်။ အသက် ၇၀ ကျော်ရှိနေပြီဖြစ်ပြီး  ငယ်ငယ်ကတည်း ကနေ သက်ကယ်ထိုးလုပ်ကိုင်လာတဲ့ အဖွားဒေါ်အေးရီက 0 “ကျသလောက်ပေါ့။ တစ်ရက်မှာ အပျစ် ငါးဆယ်ဆို၊ ငါးဆယ်။ သုံးဆယ်ဆို၊ သုံးဆယ်။ အငှားထိုးတာလေ။ သုံးဆယ်ကျလို့ရှိရင် ၁၂၀၀ ရာ တစ်ရက်ကို။ တစ်ရာကို ၄၀ ထောင်။ အုန်းထိုးတဲ့ သက်တမ်းက ရင့်မှာ ပေါ့။ ၄၊ ၅၊ ၆ ဆယ် တောင်ရှိနေပြီ။ အခုတောင် ၇၀ ကျော်နေပြီ။ မိသားစုကတော့ သားသမီ ၄ ယောက်။ ကိုယ် ၁ ယောက်။ ၅ ယောက်။ ဒါပေမယ့် အတူတူမနေဘူး။ ကိုယ့်ဟာနဲ့ကိုယ်နေတယ်။”လို့ ပြောပါတယ်။

သက်ကယ်ထိုးတဲ့ အမျိုးသမီးတွေကတော့ တစ်နေ့မှာ လက်မြန်ရင် မြန်သလို ရနိုင်ပြီး ပျှမ်းမျှကတော့ အပျစ် ၄၀ လောက်ရတယ်လို့ ဆိုပါတယ်။ သက်ကယ်တစ်ပျစ်ကို ကျပ် ၄၀ နှုန်းနဲ့ ရတာကြောင့် တစ်ရက်မှာ ၃၀ ပြီးတဲ့ ဒေါ်အေးရီတို့လို အမျိုးသမီးတွေဆိုရင် ကျပ် ၁၂၀၀ လောက်ရတယ်လို့လည်း ဆိုပါတယ်။

အုန်း အငှားခုတ်တဲ့ ဦးသိန်းလွင်ကလည်း 0 “တစ်ဘုတ်ကို ၈၀၀ နှုန်းနဲ့ ခုတ်တယ်။ မနက် ၁၀၊ ၉ ဘုတ်၊ ညနေ ၁၀၊ ၉ ဘုတ်လောက် ပြီးတယ်။ တစ်နေ့မှာ ၂၀၊ အစိတ်လောက်ပြီးတယ်။ ရက်တွက်မကိုက်ရင်လည်း ဒီအလုပ်ပဲ ရှိတဲ့အခါ လုပ်ရတာပေါ့။ တစ်ဘုတ်မှာဆိုရင် အခက်ကြီး ၂၀ လောက်ပါတယ်။ တစ်နှစ်တလေ လိုက်ခုတ်တယ်။ တစ်နှစ်တစ်လေဆိုလည်း မခုတ်ဖြစ်ဘူး။”လို့ ပြောပါတယ်။

အမျိုးသားတွေ အနေနဲ့ကတော့ တစ်နေ့ခုတ်ရင် သက်ကယ် အခက် ၂၀ လောက်စီပါတဲ့ အပုတ်တစ်ပုတ်စီကို ၈၀၀ လောက်ရပြီး တစ်နေ့အတွက် ကျပ် ၇၀၀၀၊ ၈၀၀၀ လောက် ရကြပါတယ်။ အဲဒီလို တောထဲမှာခုတ်နေကြရင်းနဲ့ တစ်ခါတစ်လေမှာလည်း ပိုးမွှားအန္တရာယ်တွေ ကြုံရပြန်ပါ တယ်။

“ပင်တော့ ပင်ပန်းတာပေါ့။ ကိုယ်တွေလက်တွေနာတာပေါ့ တစ်ဖြည်းဖြည်း။ သူကလေ ခြုံထဲနဲ့ စီနေလို့ရှိရင် ခါချဉ် (ပုရွတ်စိတ်ကြီး) တွေ ကိုက်တာ ခံရတယ်။ မြွေတွေ၊ ကင်းတွေကတော့ မတွေ့ရပါဘူး။”လို့ ဦးသိန်းလွင်က သူကြုံရတဲ့ အန္တရာယ်တွေကို ပြောပြပါတယ်။

ကုန်ချောဖြစ်တဲ့ ဓနိပျစ်ဖြစ်အောင် ပြုလုပ်ပြီးတော့ အခါမှာတော့ အိမ်မိုးတာတွေ၊ ဝါးထရံကာတာတွေလည်း လုပ်ဖို့ စတင်ကြပါတော့ တယ်။ တပိုင်တနိုင်လုပ်ကိုင်သူတွေများတဲ့အတွက် ပိုလျှံတဲ့ သက်ကယ်ပျစ်တွေကိုတော့ ရောင်းကြပါတယ်။ သီးသန့်ရောင်းချဖို့အတွက် ပြုလုပ်သူတွေလည်း ရှိပါတယ်။

ရောင်းမယ်ဆိုရင် သက်ကယ်ပျစ် ၁၀၀၀ ကို ၁ သိန်း ၇ သောင်းလောက်ရကြပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ဝါးစရိတ်၊ လူငှားလို့ ရှိရင်လည်း အငှား စရိတ်တွေ ပေးရတာကြောင့်လည်း အဆင်မပြေတဲ့ အခါတွေလည်း ရှိတယ်လို့ ဦးခင်မောင်စောက ပြောပါတယ်။

“အဆင်ပြေလောက်တဲ့ လုပ်ငန်း မဟုတ်ပေမယ့်လည်း ကိုယ့်မှာ ရှိနေတဲ့ လုပ်ငန်းဆိုတော့ လုပ်ကြတဲ့သူတွေချည်းပဲ။ ဟိုး အရင်ကတည်းနေ အဆက်ဆက်လုပ်ကိုင်လာကြတာမို့ အဆင်မပြေလည်း လုပ်ရမှာပဲ။ အဆင်ပြေလည်း လုပ်ရမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့် ပစ္စည်းရှိရင်တော့ ဒါဟာတစ်ခုတစမှာ  အစားထိုးဖို့အတွက် ငွေရတယ်ဆိုတဲ့ သဘောနဲ့ပဲ လုပ်တယ်။”

လက်ရှိအချိန်မှာတော့ ရွာတွင်းလုပ်သားရှားပါးတာ၊ နောက်ပြီးတော့ သက်ကယ်မိုးထက်ဈေးသက်သာတဲ့ သွပ်မိုးတွေ ပေါ်လာတာကြောင့် အုန်းဈေးကွက် ကတော့ အရင်ကလို အခြေအနေမကောင်းတော့ပါဘူး။ ဒါပေမဲ့ အဲဒီရွာဟာ ကမ္ဘာကျော် ကမ်းခြေတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေနဲ့ မနီးမဝေး မှာ တည်ရှိနေတာကြောင့် နိုင်ငံခြားသားတွေကို ဆွဲဆောင်ဖို့ တဲလေးတွေ ထိုးတဲ့နေရာမှာ သက်ကယ်တွေကို အသုံးပြုတဲ့အတွက် ကျောင်းတိုက် ရွာသားတွေရဲ့ သက်ကယ်မိုးဈေးကွက်က တစ်ခါတစ်လေ ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် တစ်ခါစိုက်ပျိုးရင် တစ်သက်တာလုံး အသုံးဝင်နေတဲ့ သက်ကယ် (အုန်း) တောကလေးဟာဖြင့် ကျောင်းတိုက်ကျေးရွာရဲ့ ကမ်းပြိုမှုတွေကို ထိန်းညှိပေးသလို ဝင်ငွေရအောင်လည်း ဖော်ဆောင်ပေးနေတဲ့အတွက် ကျောင်းတိုက်ရွာသားတွေအဖို့ ကျေးဇူးရှင်တစ်ပါးပါပဲ။

 1,649 total views,  1 views today