ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအကြောင်းကို တင်ပြချင်ပါတယ်။ သူဟာ အစ္စလမ် အမျိုးသမီး လည်း ဖြစ်ပါတယ်။
ပြည်နယ်အတွင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရာထူးအတော်များများဟာ အမျိုးသားများသာဖြစ်ကြပြီး အမျိုးသမီးအရေအတွက်ဟာ လက်ချိုးရေတွက်နိုင်တဲ့ ပမာဏသာ ရှိနိုင်မှာပါ။ အဲဒီထဲကမှ အစ္စလမ်အမျိုးသမီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအကြောင်းကို တင်ဆက်သွားမှာပါ။
သူမကတော့ ကမ္ဘာကျော်ကမ်းခြေတစ်ခုဖြစ်တဲ့ ငပလီကမ်းခြေတည်ရှိတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်က ကျောင်းတိုက်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ခင်အုန်းရွှေပဲ ဖြစ်ပါတယ်။
“အန်တီရဲ့သမီးက GTI မှာ ကျောင်းတက်တယ်။ အဲဒီအချိန်မှာ နိုင်ငံသားစီစစ်ရေးကတ်မရှိရင် ကျောင်းကလက်မခံတော့ဘူးလို့ ကျောင်း က ထုတ်လိုက်တဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကမန်ရွာ ၁၉ ရွာရှိသလို GTI ကျောင်းသားကလည်း ၁၉ ယောက် ရှိတယ်။ အန်တီရဲ့ သမီး အပါအဝင်ပေါ့နော်။ ဒီကလေးလေးတွေဟာ စီစစ်ရေးကတ်မရှိတဲ့တာကြောင့် အခက်ခဲတွေကို ကြုံတွေ့နေရတယ်။ ကလေးတွေက ငိုလိုက်၊ ရယ်လိုက် သူတိုရဲ့ ပညာရေးတွေ အနှောင့်အယှက်ဖြစ်နေတယ် ဆိုတဲ့အခါ အန်တီလည်း မိဘတစ်ယောက်အနေနဲ့ တော်တော် ခံစားရတယ်။ ဒီလိုဆိုရင် ဒီနိုင်ငံသား စီစစ်ရေးကတ်ရဖို့အတွက် အန်တီလှုပ်ရှားမှ အဆင်ပြေတော့မယ် ဆိုပြီးရင် လုပ်လိုက်တာ”
အုပ်ချုပ်ရေးမှူး ဖြစ်လာဖို့ဟာ သူမရဲ့ ရည်မှန်းချက် မဟုတ်သလို အစ္စလာမ်ဘာသာရေးအရ ပြောရမယ်ဆိုရင်လည်း အမျိုးသမီး ဦးဆောင်တယ် ဆိုတာဟာ ရှားပါးလှပြီး အဲဒီအချိန်တုန်းက သူမဟာ နိုင်ငံရေးလောကထဲ ဝင်ဆန့်ခဲ့သူတစ်ဦးလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူမက ဘာကြောင့် လုပ်ဖြစ်ခဲ့ရတာပါလိမ့်။
“ထဲထဲဝင်ဝင်ဆိုလို့ရှိရင် ကမန်ပါတီဝင်တာလည်း မဟုတ်။ ဒါပေမဲ့ လူမှုရေးအသိုင်းအဝိုင်း အနေမျိုးနဲ့ ဦးဆောင်လုပ်မယ်ဆိုပြီး ရွာမှာ အန်တီကို ထည့်ပေးတယ်။ ကျမရဲ့ အမျိုးသားနဲ့ နောက်ရွာထဲက ၃၊ ၄ ယောက်ပါတယ်။ ရွာကိုယ်စားလှယ်အဖြစ် ဦးဆောင်ပြီး မခံချင် စိတ်ကလေးနဲ့ ပေါ့နော်။ အမှန်အကန်ဖြစ်ပါလျှက်နဲ့ ကလေးတွေရဲ့၊ သားသမီးတွေရဲ့ အနာဂတ်။ ဒီကလေးတွေရဲ့ မျက်ရည်စာတွေကို မိဘတစ်ယောက်အနေနဲ့ မခံစားနိုင်ဘူး။ ဒီဟာကို ဦးတည်ပြီးလုပ်လိုက်တဲ့ အချိန်မှာ ရွာသားတွေက အန်တီရဲ့လုပ်ရည်ကို မြင်လာတဲ့ အခါ အုပ်ချုပ်ရေးမှူးဝင်ရောက် အရွေးခံပါ။ ရွာထဲမှာရှိတဲ့ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ၊ အမျိုးသားတွေကလည်း အကုန်လုံးကို ထောက်ပံ့ပေးတယ်ပေါ့နော်။ အဓိကကတော့ ရွာသားတွေရဲ့ လိုလားချက်၊ ရွာသားတွေရဲ့ ပံ့ပိုးမှုကြောင့်လည်း အန်တီ အခုလို အုပ်ချုပ် ရေးမှူးတစ်ယောက်ဖြစ်လာတာပါ။”
၁၉၉၅ မတိုင်ခင်ကာလတွေက ကမန်တိုင်းရင်းသားတွေဟာ အမျိုးသားမှတ်ပုံတင် (၃ခေါက်ချိုး) ကဒ်နဲ့ မြန်မာနိုင်ငံအပါအဝင် နေရာတိုင်းကို လွတ်လပ်စွာ သွားလာလို့ ရခဲ့ပေမဲ့ ရခိုင်မှာ အစ္စလာမ်မရှိဘူးဆိုပြီး သတ်မှတ်ပြီးတဲ့နောက်မှာတော့ ပိတ်ပင်ခံခဲ့ကြရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်အနိုင်ရရှိခဲ့ပေမယ့် နိုင်ငံသားစီစစ်ရေးကတ် မရှိတာသေးကြောင့် တစ်နှစ်ကြာတဲ့အခါမှသာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့တာပါ။
“ပထမ ၂၀၁၅ က ရွေးတဲ့အခါ အုပ်ချုပ်ရေးမှူးဖြစ်တယ်။ ဒါပေမဲ့ မခန့်ဘဲနဲ့ တစ်နှစ်နေရတယ်။ နိုင်ငံသားစီစစ်ရေးကတ်မရှိလို့။ နိုင်ငံသား မဟုတ်ပါ ဆိုပြီးရင် ဟိုအရင်တုန်းက ကိုင်ခဲ့တဲ့ အမတ ၃ ခေါက်ချိုးရှိတယ်။ နိုင်ငံသားကတ် မရှိဘူးဆိုပြီးရင် တစ်နှစ်အုပ်ချုပ်ရေးမှူး မခန့်ဘဲ ထားတယ်။ ၂၀၁၇ ဧပြီလ တစ်ရက်နေ့မှာမှ တာဝန်စပြီး ထမ်းဆောင်ရတယ်”
လူဝင်မှုကြီးကြပ်ရေးဌာနက စီမံချက်နဲ့ ကွင်းဆင်းလာတဲ့အခါမှာလည်း သံတွဲမြို့နယ်မှာရှိတဲ့ ကမန်ရွာ ၁၉ ရွာက လူဦးရေစာရင်းပြုစုပြီး စီမံချက် ချလိုက်တဲ့ အခါမှာ ၃၂၂၈ ဦး နိုင်ငံသားကတ်ပေးခဲ့ပေမဲ့ အဲဒီအနက် ဒေါ်ခင်အုန်းရွှေက မပါဝင်ခဲ့တဲ့အတွက်လည်း စိတ်ညစ်ခဲ့ရ ပြန်ပါတယ်။
“လဝကဝန်ကြီးဌာနကပေါ့ နိုင်ငံသားစီစစ်ရေးကဒ်လုပ်ပေးဖို့အတွက် ကွင်းဆင်းတယ်ပေါ့။ စီမံချက်နဲ့လာတဲ့အခါ သံတွဲမြို့နယ်မှာရှိတဲ့ ကမန်ရွာ ၁၉ ရွာရဲ့ လူဦးရေးစာရင်းကို ပြုစုပြီးရင် စီမံချက်ချလိုက်တဲ့အခါ အားလုံးပေါင်း ၃၂၂၈ ယောက်ပါတယ်။ အန်တီတို့ရွာ အပါ အဝင်ပေါ့။ အကုန်လုံးကလည်း နိုင်ငံသားစီစစ်ရေးကဒ်ရသွားတယ်ပေါ့။ အဲဒီကတော့ ဒီကွင်းဆင်းမှာပါတာ မဟုတ်။ အဲလိုမျိုးလုပ်ပေး လိုက်ပါဆိုတဲ့ အတိုင်းအတာမျိုး ကမန်တိုင်းရင်းသားတွေကို နိုင်ငံသားစီစစ်ရေးကဒ်ပြားထုတ်ပေးပါတယ်ဆိုတဲ့အချက် ၂၀၁၆ ဒီဇင်ဘာ ၂ ရက်နေ့မှာ အန်တီနိုင်ငံသားစီစစ်ရေးကဒ်ရခဲ့တယ်။”
၂၀၁၇ ဧပြီလ ၁ ရက်နေ့မှာ အုပ်ချုပ်ရေးမှူး တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး အခုဆိုရင် ၃ နှစ်ဝန်းကျင် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဒေါ် ခင်အုန်းရွှေ အုပ်ချုပ်တဲ့ ကျောင်းတိုက်ကျေးရွာအုပ်စုထဲမှာ ကျောင်းတိုက်နဲ့ ဇာဒီပြင်ဆိုပြီး ကျေးရွာ ၂ ရွာပါဝင်ပြီး အစ္စလာမ် ကမန် တိုင်းရင်းသား လူဦးရေ ၁၀၀၀ ကျော်နေထိုင်ပါတယ်။ သက်မွေးဝမ်ကျောင်းအနေနဲ့ လယ်ယာလုပ်ငန်း အဓိက လုပ်ကိုင်ကြပြီး ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ အနည်းငယ်ရှိပါတယ်။
အုပ်ချုပ်ရေးမှူး ရွေးချယ်ခံတဲ့အခါ ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပုံကို “ပထမဆုံးရွေးတဲ့အခါ ဆယ်အိမ်မှူးက မဲထည့်ရတယ်။ ဆယ်အိမ်မှူးက ၂၉ ယောက်ရှိတယ်။ အန်တီက ၂၇ မဲရတယ်။ နောက်တချိန် ဒုတိယအကြိမ်ပြည်သူလူထုတွေထည့်တဲ့အချိန်မှာအကုန်လုံးက ၂ ရွာ ပေါင်း ၂၂၅ မဲမှာ အန်တီက ၂၁၅ ရတယ်။ ကျန်တဲ့ ၁၀ ဦးက မထည့်။ အရင်းတုန်းက အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အန်တီနဲ့ပြိုင်တာ။ သူက ယောက်ျားပေါ့။”လို့ ပြန်ပြောင်းပြောပြပါတယ်။
အဲဒီတုန်းက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဟာ အမျိုးသားတစ်ဦးဖြစ်ပေမယ့် သူမဟာ အဲဒီလူကို ကျော်လွန်ပြီး အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
“ပြဿနာတစုံတရာဖြစ်လာတဲ့ အချိန်မျိုးမှာ ကိုယ်တယောက်တည်းသွားလို့ရတဲ့ အချိန်က အဆင်ပြေတယ်။ တခါတလေကျတော့ အိမ် မှာလည်း လူကအမြဲတမ်းမရှိ။ သားရှိတယ်။ အမျိုးသားရှိတယ်။ သမက်ရှိတယ်။ ဒါမဲ့ သူတို့မရှိတဲ့ အချိန်မျိုးမှာဆိုတော့ ရွာထဲမှာရှိတဲ့ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေ ခေါ်ရတော့ ကိုယ်က ရောက်ချင်တဲ့ဆန္ဒစောနေတယ်။ သူတို့ကို စောင့်ရတဲ့ အခါမှာ စိတ်အနှောင့် ယှက်ဖြစ်ရတာပေါ့။ အဲလိုမျိုးအခက်ခဲတွေရှိတယ်။”
အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်အုန်းရွှေကတော့ သူလုပ်ဆောင်နေတဲ့ လမ်းမှာ အခက်အခဲတွေရှိရင်လည်း နောက်ဆုတ်ပေးတတ်သူ တစ်ဦး မဟုတ်ပြန်ပါဘူး။
“ကိုယ်က ဒီဟာကိုလက်ခံလိုက်တာဟာ မှားလားဆိုတဲ့ဟာမျိုး တခါတလေတော့ ဝင်မိတယ်။ ဒါပေမဲ့ ကိုယ်လုပ်မယ်လို့ ရည်ရွယ်ချက်နဲ့ လုပ်ထားပြီးပြီဆိုတော့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အတိုင်းအတာမျိုးနဲ့ ဖြေသိမ့်လိုက်တော့ အဆင်ပြေသွားတာပါပဲ။”
သူမဟာ ၁၉၉၃ ခုနှစ်မှာ စစ်တွေဒီဂရီကောလိပ်က တရိစ္ဆာန်ဗေဒအထူးပြု (Zoology) ကို ဂုဏ်ထူး ၅ ခုနဲ့ ဘွဲ့ရရှိ အောင်မြင်ခဲ့သူပါ။ ဒါပေမဲ့ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ ၈၈ အရေးအခင်းကြောင့်ရော ရတဲ့လစာကြောင့်ပါ အစိုးရဝန်ထမ်းအလုပ်ကို မရွေးချယ်ခဲ့ပဲ သူနေထိုင်တဲ့ ရွာလေးမှာ ကျူရှင်ပြ၊ မုန့်ရောင်းစတဲ့ အလုပ်တွေကို ကျဘမ်းလုပ်ကိုင်ခဲ့ပါတယ်။
“အန်တီတို့ ဘွဲ့ရတဲ့ အချိန်လောက်က အစိုးရအမှုထမ်းဝင်လုပ်ကြတယ်။ အန်တီက မလုပ်ဖြစ်ခဲ့ဘူး။ အဲဒီအချိန်တုန်းက လစာ အတိုင်းတာနဲ့။ အန်တီတို့နဲ့ အရွယ်တူတွေက အခုဆိုလို့ရှိရင် တက္ကသိုလ်တွေမှာ ကထိကတွေဖြစ်နေပြီ။ ပါမောက္ခတွေဖြစ်နေပြီ။ အန်တီတို့ အစ္စလာမ် ဘာသာကို ကိုးကွယ်ပေမဲ့ ပညာရေးလောကမှာ အနှောင့်ယှက် မရှိခဲ့ဘူး။”
သူမရဲ့ခံယူချက်ကတော့ “အန်တီက ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလို့ရှိရင် ကိုယ့်ရပ်ကိုယ့်ရွာအတွက် ဖွံ့ဖြိုးမယ်ဆိုလို့ရှိရင် ဘယ်လိုအတိုင်းတာမျိုးဘဲ ရင်ဆိုင်ရ အတိုက်အခံပြောမယ်။ ကိုယ့်မှန်တရားအတွက် ကိုယ့်ရပ်ရွာအတွက်ဆိုလို့ရှိရင်တော့ မားမားမတ်မတ်ရပ်ပြီးရင် လုပ်ဆောင်မယ်လို့ အန်တီမှာ ရည်ရွယ်ချက်က ရှိပြီးသား။”လို့ ပြောပါတယ်။
သူမအနေနဲ့ ကိုယ်ကျိုးတွေထက် ကျေးရွာဒေသဖွံ့ဖြိုးရေး၊ အများအကျိုးသယ်ပိုးရေးတွေကို ပိုမိုဦးစားပေးနေရတဲ့အတွက် တခါတရံမှာ ခင်ပွန်းအတွက် ဇနီးကောင်းမပီသူ၊ သား၊ သမီးတွေအတွက် မိခင်ကောင်း မပီသသူဖြစ်ရပေမယ့်လည်း သူမရဲ့ အုပ်စိုးမှုအောက်မှာ နေထိုင်လျှက်ရှိကြတဲ့ ဒေသခံတွေအတွက်ကတော့ တန်ခိုးတွေပေးစွမ်းနိုင်သူတစ်ဦးအလားပါ။
836 total views, 1 views today