ပန်းသီကြိုး (ရသေ့တောင်)

လူမျိုးတိုင်းမှာ မိမိတို့လူမျိုးကို ကိုယ်စားပြုတဲ့ ရိုးရာအစားအစာများ ရှိတတ်ကြပါတယ်။ အခုတင်ပြမယ့် ရခိုင်အစားအစာ တစ်မျိုးဖြစ်တဲ့ ဂြစ်ချေလို့ ရခိုင်တိုင်းရင်းသားတွေခေါ်တဲ့ ရခိုင်အစားအစာတစ်မျိုးဟာ ရခိုင်လူမျိုးတွေရဲ့ အစဉ်အလာကြီးမာတဲ့ အစားအစာတစ်မျိုးတော့ မဟုတ်ပါဘူး။ ဆိုလိုတာက ရိုးရာယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ပွဲလမ်း သဘင်လိုနေရာမျိုးတွေ၊ အလှူပွဲလိုနေရာမျိုးတွေမှာ ဂြစ်ချေလို အစားအစာမျိုးကို ဘယ်ရခိုင်ပဲဖြစ်ဖြစ်မကျွေးပါဘူး။

နောက်ပြီး ထမင်းဝိုင်းလိုနေရာမျိုးမှာလည်း ဂြစ်ချေအစားအစာဟာ မပါဝင်ပါဘူး။ ဂြစ်ချေဆိုတာ ရခိုင်လူမျိုးတွေ သရေစာအဖြစ် စားလေ့ရှိတဲ့ အစားအစာတစ်မျိုးသာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရခိုင်အစားအစာတွေထဲမှာ ဂြစ်ချေဟာ ခမ်းခမ်းနားနားတော့ မရှိလှပါဘူး။ ဒါပေမယ့်ဂြစ်ချေကို ရခိုင်တော်တော်များများက နှစ်ခြိုက်ကြပါတယ်။ အထူးသဖြင့် ရခိုင်သူလေးတွေ ကြိုက်တဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။

ဂြစ်ချေဆိုတာဟာ အခြားသရေစာတွေလို ပေါင်းစပ်ပစ္စည်းတွေနဲ့ လူတွေဖန်တီးထားတဲ့သရေစာမျိုးလည်း မဟုတ်ပါဘူး။ ချောင်းကမ်းစပ်တွေမှာ နေထိုင်ကျက်စားတတ်တဲ့ ရေငံခရုငယ်တစ်မျိုးဖြစ်ပါတယ်။ ရေချိုရေငံစပ်ချောင်းကမ်းနား ဒီရေတောတွေကို မှီခိုနေထိုင်ကြပါတယ်။ ဂြစ်ချေကောက်ယူပုံနဲ့ ပတ်သက်လို့ ဘူသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာက ဂြစ်ချေခရုကောက်ပြီး ရောင်းတဲ့ အမျိုးသမီးတစ်ဦးက အခုလိုပြောပြပါတယ်။

“ဂြစ်ချေခရုကို ကောက်ယူရာမှာဒီရေတက်ချိန်နဲ့ ဒီရေကျချိန်တွေမှာ ကောက်ယူရပါတယ်။ ရေတက်ချိန်ကောက်ပုံနဲ့ ရေကျချိန် ကောက်ယူရပုံချင်းတော့ မတူပါဘူး။ ဒီရေတက်ချိန် (ရခိုင်လိုဖြားတက်ချိန်)မှာ ကောက်ယူမယ်ဆိုရင် ချောင်းကမ်းစပ်မှာပေါက် နေတဲ့ ဒီရေတော အပင်တွေပေါ်ကို ဂြစ်ချေခရုတွေတက်လာတတ်ပါတယ်။ ဒီခရုတွေက ချောင်းထဲမှာနေတယ်ဆိုပေမယ့် ချောင်းရေ တက်လာရင် အပင်တွေပေါ် တက်ပြေးကြပါတယ်။ ရေကျချိန်ဆိုရင်တော့ အပင်ပေါ်က ဆင်းပြီး ရွှံ့ထဲမှာ နေတတ်ပါ တယ်။ ဒါ့ကြောင့် ရေတက်ချိန်ဆိုရင် အပင်တွေမှာ ကပ်နေတဲ့ ခရုတွေကို အလွယ်တကူမြင်နိုင်တဲ့အတွက် ကောက်ရ ပိုလွယ်ကူပါတယ်။ ရေကျချိန် ဆိုရင်တော့ ချောင်းစပ်က ရွှံ့ထဲမှာ ရှာကောက်ရပါတယ်။ အရနည်းပါတယ်။ ဒါပေမယ့် ဂြစ်ချေခရုကျင်း (ရခိုင်လိုအကျိုင်) နဲ့ တွေ့ရင်တော့ ထမ်းမနိုင်အောင် ရတတ်ပါတယ်။ ဒါကြောင့်ရေတက်ချိန်ကော ရေကျချိန်ကော ဂြစ်ချေခရု ကောက်လို့ရတယ်လို့ ဆိုပါတယ်။ ပုံမှန်ဆိုရင်တော့ တစ်နေ့ကို ဂြစ်ချေခရုကောက်လို့ သိုက် (၁၀) လောက်ရနိုင်တယ်လို့ ဆိုပါတယ်။ ကောက်လို့ရတဲ့ ဂြစ်ချေတွေကို ကျွန်မတို့က အ၀ယ်ဒိုင်မှာ သွားသွင်းပါတယ်။ ဂြစ်ချေတစ်သိုက် (နို့ဆီလေးဗူး) ကို ၅၀၀ ကျပ်နှုန်းနဲ့ ဒိုင်မှာ သွင်းရပါတယ်လို့လည်း ဆိုပါတယ်။ ဒီအလုပ်ဟာ ကျွန်မတို့လို လက်လုပ်လက်စားတွေ၊ ကျပမ်းလုပ်ကိုင် စားသောက်ရသူတွေအတွက် တော့ တစ်နေ့စာ မီးဖိုချောင်စရိတ်ကို တစ်ပိုင်းတစ်စ အထောက်အပံ့ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

ဂြစ်ချေအ၀ယ်ဒိုင်အလုပ်ကို လုပ်ကိုင်နေတဲ့ ညောင်ချောင်းကျေးရွာက ဒေါ်လှသိန်းကတော့ “ကျွန်မတို့အနေနဲ့ ဂြစ်ချေ ခရုတွေကို အော်ဒါ မှာတဲ့ဆီ ပို့ပေးပါတယ်။ ခရုတွေဆိုတော့ တစ်ခါတစ်ခါ သေသွားတာမျိုးတွေ ရှိတတ်တော့ အဲလိုအခြေအနေဆို ရှုံးတာမျိုးလည်း ရှိပါတယ်။ ခရုလေးတွေက တော်ရုံနဲ့ မသေပါဘူး။ ဒါပေမယ့် တစ်ခါတစ်ခါ ကျွန်မတို့ဘက်က ထားသိုတာ နည်း မမှန်တာကြောင့် သေတာလည်းပါတယ်။ အမြဲလုပ်နေတယ်ဆိုပေမယ့် အသက်ရှိရောင်းကုန်ဆိုတော့ နည်းနည်းမှားရင် ရှုံးတာပါပဲ။ ပြီးတော့ ဂြစ်ချေခရု အသေတွေကို ရောင်းလို့မရပါဘူး။ အော်ဒါမှာတဲ့ သူဆီ ပို့ပေးလိုက်ပေမယ့် သူတို့ဆီရောက်မှ သေနေတာမျိုးဆိုလည်း ကျွန်မတို့ဆီ ပြန်ပို့ကြတယ်။ အဲလိုဆို ကျွန်မတို့ ရှုံးတယ်” လို့ ဆိုပါတယ်။

ဂြစ်ချေခရုတွေကို အ၀ယ်ဒိုင်အနေနဲ့ တစ်သိုက် (နို့ဆီလေးဗူး) ကို (၅၀၀) ကျပ်နဲ့ ၀ယ်ယူပြီး သူတို့အနေနဲ့ ပြန်ရောင်းတဲ့အခါ (၈၀၀) ကျပ်နဲ့ ပြန်ရောင်းတယ်လို့ ဆိုပါတယ်။ တစ်သိုက်က (၃၀၀) ကျပ် မြတ်တဲ့အတွက် ချောချောမောမောဆိုရင် တွက်ချေကိုက်တယ်လို့ ဒေါ်လှသိန်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်က မြို့တွေမှာ ဂြစ်ချေခရုငယ်တွေကို လှော်ပြီး ရောင်းတာတွေကို ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်စတဲ့ မြို့နယ်တော် တော်များများရဲ့ စက်လှေဆိပ်တွေမှာ များသောအားဖြင့်တွေ့ရပါတယ်။ ရခိုင်လူမျိုးတွေက ဂြစ်ချေလို့ခေါ်တဲ့ ခရုတွေကို ခရီးသွားရင်း အပျင်းပြေစားကြတာမျိုး ဖြစ်ပါတယ်။

ကြက်သွန်ဖြူနံ့ သင်းသင်း ချင်းစိမ်းနံ့ မွှေးမွှေးနဲ့ ဂြစ်ချေခရုလှော်ကို စက်လှေပေါ်မှာစားနေကြတဲ့ မြင်ကွင်းဟာ စားလေ့စားထမရှိတဲ့ လူတွေအတွက်တော့ နည်းနည်း ကသိကအောင့် နိုင်မယ်လို့ထင်ပါတယ်။ ဂြစ်ချေခရုဟာငယ်တဲ့အတွက် အခြားခရုတွေလို စုပ်လို့မရတာကြောင့် သွားကြားထိုးတံလို ဆူးကလေးနဲ့ ခရုအသားကို ကော်ထုတ်ပြီး စားရတာဖြစ်ပါတယ်။

ခရုနပိုင်လို့ခေါ်တဲ့ အပြားလေးကိုလည်း ပါးစပ်ထဲရောက်မှ ပြန်ထုတ်ရပါသေးတယ်။ ခရုကိုလက်နဲ့ကိုင်ပြီး အသား ထုတ်ယူရတာကြောင့် လက်မှာခရုညှိနံ့က ကြက်သွန်ဖြူနံ့တွေနဲ့ရောပြီး သင်းနေတတ်ပါတယ်။

ဂြစ်ချေခရုတွေကို အသင့်စားနိုင်တဲ့ အဆင့်ကိုရောက်ဖို့ အတွက် လှော်ရပုံအဆင့်ဆင့်ကို ရသေ့တောင်မြို့ သင်္ဘောဆိပ်မှာ ဂြစ်ချေလှော်ရောင်းနေတဲ့ မဇာနည်ဝင်းက အခုလိုရှင်းပြပါတယ်။

“ဂြစ်ချေခရုတွေကိုလှော်ဖို့အတွက် ဒန်အိုးကြီးကြီးတစ်လုံးမှာ ဂြစ်ချေကိုထည့်ပြီး တစ်ညလောက် ရေစိမ်ထားရပါတယ်။ ရေစိမ်တာက ခရုမှာပါတဲ့ ရွှံ့တွေ ထွက်သွားအောင် လုပ်တာပါ။ တစ်ညလောက် ရေစိမ်ထားရင် ခရုအတွင်းထဲမှာပါတဲ့ ရွှံ့တွေ ထွက်သွားပါတယ်။ ရေစိမ်တဲ့နေရာမှာ အိုးကို အဖုံးအုပ်ထားရပါတယ်။ ဒါက ခရုတွေ တွားတက်လာတတ်လို့ပါ။ အဖုံးမအုပ်ဘဲ ထားမိရင် မနက်လင်းရင် ဒန်အိုးထဲက ခရုတွေထွက်သွားတာမျိုး မဖြစ်အောင်ပါ။ ရေတစ်ည စိမ်ထားတဲ့ ခရုတွေကိုလှော်ဖို့အတွက် ရေနဲ့ ခုနစ်ထပ်ရှစ်ထပ်လောက် ဆေးရပါတယ်။ ဒီလို မဆေးရင် ညှိနံ့ပြင်းတဲ့အတွက် အဆင်မပြေပါဘူး။ ရေစင်အောင်ဆေးပြီးရင်တော့ ဂြစ်ချေခရုကို လှော်လို့ရပါပြီ။ လှော်တယ် ဆိုပေမယ့်လည်း ဂြစ်ချေကိုပြုတ်တဲ့ သဘောမျိုးပါ။ ပြုတ်တယ်ဆိုပေမယ့်လည်း ရေထည့်ပြီး မပြုတ်ရပါဘူး။ ရေဆေးရေစိမ် ထားတဲ့ ဂြစ်ချေခရုတွေရဲ့ အတွင်းမှာ ရေ၀င်ပြီးသားမို့ ရေထည့်ပြီးမပြုတ်တာပါ။ အိုးထဲကိုထည့်ပြီး မီးအပူပေးလို့ ခရုတွေ မီး အပူကြောင့် သေသွားတဲ့ အချိန်မှာ ခရုနပိုင် ဟလာပြီး ခရုအတွင်းက ရေထွက်လာပါတယ်။ တကယ်လို့စပြုတ်ကတည်းက ရေထည့်ပြီး ပြုတ်မယ်ဆိုရင် ခရုထဲကထွက်လာမယ့် ရေကြောင့် အရည်များသွားတတ်ပါတယ်။ ဒါကြောင့် ရေမထည့်ရတာပါ။ ခရုထဲက ထွက်လာတဲ့ အရည်ဆူရင် ကြက်သွန်ဖြူနဲ့ ချင်းစိမ်းထောင်းထားတာကို ထည့်ပါတယ်။ ပြီးရင် ဆားသင့်တော်ရုံထည့်ရပါတယ်။ တစ်ချို့ကလည်း အချိုမှုန့််ပါ ထည့်တာမျိုးလည်းရှိပါတယ်။ ကျွန်မက အချိုမှုန့််တော့မသုံးဖြစ်ပါဘူး။ ခရုမှာကိုက အချိုဓာတ်က ပါပြီးသားဆိုတော့ အချိုမှုန့်် မထည့်လည်း အရသာရှိပြီးသားမို့ မသုံးတာပါ။ ပြီးရင်အိုးထဲမှာ အရည်ခမ်းအောင် လှော်ရပါတယ်။ အရည်ခမ်းပြီ ဆိုရင်တော့ အသင့်စားလို့ရတဲ့ ဂြစ်ချေဖြစ်ပါပြီ” လို့ မဇာနည်ဝင်းက ရှင်းပြပါတယ်။

ဂြစ်ချေလှော်ကို မဇာနည်ဝင်းတို့ အနေနဲ့ ပြန်ရောင်းတဲ့အခါမှာ နို့ဆီတစ်ဗူးကို ၅၀၀ ကျပ်နဲ့ ရောင်းပါတယ်။

တစ်သိုက်ဆိုရင် ကျပ်၂၀၀၀ လောက်ရပါတယ်။ ၀ယ်ဈေးက (၈၀၀) ကျပ်နဲ့ ဆိုရင် တွက်ခြေကိုက်တယ်လို့ ပြောလို့ရပါတယ်လို့လည်း ဆိုပါတယ်။ ရောင်းချရတဲ့ အခြေအနေကတော့ ပုံမှန်မရှိပါဘူး။ ဘုရားပွဲလို ပွဲလမ်းသဘင်တွေ ရှိရင်တော့ တစ်နေ့ကို ဆယ်တောင်း (တစ်တောင်းတွင် ခြောက်ပြည်) ဆယ့်ငါးတောင်းလောက် ရောင်းစွံတယ်လို့လည်း မဇာနည်ဝင်းက ဆိုပါတယ်။

ရခိုင်လူမျိုးတွေဟာ ပင်လယ်ကမ်းရိုးတမ်း တစ်လျှောက် နေထိုင်ကြသူများဖြစ်ကြသလို ပင်လယ်အစားအစာတွေကို မြတ်မြတ်နိုးနိုး စားသုံးကြသူတွေ ဖြစ်ပါတယ်။ ဒီလိုစားသုံးကြရာမှာ နေရာဒေသအလိုက် ကွဲပြားမှုတော့ရှိပါတယ်။ ဒီလိုစားသုံးမှုတွေရဲ့ နောက်ကွယ်မှာ ဆက်စပ်တည်ရှိနေတဲ့ လူမှုဘ၀တွေဟာလည်း နေရာဒေသအလိုက် ရုန်းကန်လှုပ်ရှားမှုတွေဟာလည်း ဒေသအလိုက် ကွဲပြား နေကြတာတွေဟာ တစ်မျိုးလေး ချစ်စရာ ကောင်းနေမယ်လို့ ထင်ပါတယ်။

 1,598 total views,  1 views today