ဇင်ထွန်း

မြန်မာ့ရိုးရာ စားစရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မုန့်ဆမ်းကိုလုပ်တဲ့ အမျိုးသမီးသမီး တစ်ယောက်အကြောင်းကို ပြောပြပေးချင်ပါတယ်။ သူကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ ၊ သက်ကယ်ပြင် ကျေးရွာမှာနေထိုင်ပြီး မုန့်ဆမ်းလုပ်ရောင်းချ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေသူတစ်ယောက်ပါ။

ဒါ့အပြင် မုန့်ဆမ်းက ရေငံတစ်ရိုး ပိုင်ကာစိုးပါတဲ့ စောင်းတော်ရှင် ဦးရှင်ကြီး နတ်ကို ပူဇော်ပသတဲ့အခါမှာလည်း အဓိက ပါဝင်ပါတယ်။ မုန့်ဆမ်းကို ဈေးကွက်ထဲမှာတော့ အလွယ်တကူ ဝယ်ယူလို့ ရနိုင်ပေမယ့်  မုန့်ဆမ်း အဆင့်ရောက်လာအောင် ပြုလုပ်ရတာကတော့  တကယ့်ကို မလွယ်ကူလှပါဘူး။ မုန့်ဆမ်းကို အဓိက စပါးကနေ အဓိကပြုလုပ်တာ ဖြစ်ပါတယ်။

ဒေါ်ဖြူလှစိန်ကတော့ စစ်တွေမြို့ထဲက ဈေးတွေထဲမှာ မုန့်ဆမ်းတင်သွင်းရောင်းချသူဖြစ်ပါတယ်။

“စပါးက သူများဆီကဝယ်တယ်။ သူများဆီက ထမ်းတယ်။ ပြီးတော့ အဲဒီစပါးကို ရေမှာစိမ်တယ်။ နှစ်ညစိမ်တယ်။ နှစ်ညစိမ်ပြီးထောင်းတယ်။ ထောင်းပြီးတာနဲ့ ရောင်းဖို့လုပ်တယ်။ မိန်းကလေးနှစ်ယောက်က ထောင်းတယ်။ အန်တီက လှော်တယ်။”

အမျိုးသမီးသုံးယောက်လောက်က ဒီမုန့်ဆမ်းကို ဝိုင်းဝန်းလုပ်ကိုင်ကြပေမယ့် ရလာတဲ့ မုန့်ဆမ်းကို ဈေးကွက်ထဲမှာ ပြန်ပြီး ရောင်းချချိန်မှာတော့ မုန့်ဆမ်းဈေးကွက်က သိပ်တော့မကောင်းလှပါဘူး။

“ဈေးနှုန်းက တစ်ဘူးကို ငွေကျပ်သုံးရာလေ။ တစ်တောင်းဆိုရင် ခြောက်ပြည်ပါတယ်။ ခြောက်ပြည်ဆိုရင် တစ်သောင်းရတယ်။ ထင်းဖိုးဖယ်၊ စပါးဖိုးဖယ်လိုက်ရင်တော့ စားဖို့သောက်ဖို့ အများကြီး မကျန်ဘူး။ သုံးလေးထောင်လောက်ပဲ ကျန်တယ်။”

“ပင်ပန်းတယ်။ လှော်တဲ့အခါလဲ ပင်ပန်းတယ်။ ထောင်းတဲ့အခါလည်း ပင်ပန်းတယ်။ လှန်းတာရော။ ရောင်းတာရော ပင်ပန်းတယ်လေ။ စပါးသွားထမ်းလာရတာလဲ။ ပင်ပန်းတယ်။ အကုန်လုံး  ပင်ပန်းတယ်။ မုန့်ဆမ်းထောင်းတာ။”

ဒီအလုပ်က သူတို့အတွက် အရမ်းကြီး အဆင်ပြေတယ်လို့ မရှိပါဘူး။ လုပ်ရတာ ပင်ပန်းသလို၊ ရတဲ့ငွေကလည်း နည်းပါးတာကြောင့် သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် အခြားအလုပ်တွေကိုလဲ ကြုံရင်ကြုံသလို လုပ်ကိုင်နေရသူတွေ ဖြစ်ပါတယ်။

“အဆင်မပြေပါဘူး။ အဆင်မပြေလဲ လုပ်ရတာပဲ။ အလုပ်မရှိတော့ လုပ်ရတာပဲ။ အခုအချိန်ဆို မုန့်ဆမ်းမထောင်းရတော့ ပန်းရံလုပ်တယ်။ မြို့ထဲမှာ အလုပ်လုပ်တယ်။ သမီးနှစ်ယောက်က ကျောင်းသူလေ။ သူတို့ ကျောင်းစာမလိုက်နိုင်မှာစိုးလို့ အန်တီက မြို့ထဲမှာ ပန်းရံ အလုပ်လုပ်ရတာ။ ပန်းရံလဲ အဆင်မပြေရင် တောထဲမှာ ဟင်းသီးဟင်းရွက် ခူးရောင်းတယ်။”

မုန့်ဆမ်းဖြစ်လာဖို့က စပါးကို မီးဖိုပေါ်တင်ပြီး လှော်ရတာဆိုတော့ ပင်ပန်းသလို ထိခိုက်ဒဏ်ရာတွေနဲ့လည်း ကြုံရတဲ့အလုပ်လို့ ပြောလို့ရပါတယ်။

မီးဖိုပေါ်က ကျကျချင်း စပါးအပူတွေကို ဆုံထဲထည့်ပြီး ထောင်းရတာမို့ အပူလောင်တာတွေလဲ ခဏခဏ ကြုံရပြန်ပါတယ်။

“ထောင်းနေတုန်း စပါးကို လှန်တယ်ဆိုရင် လက်ကပူတယ်။ စပါးကို လှော်ရတော့ လက်မောင်းက ညောင်းတယ်။ ကလေးတွေက ထောင်းတာဆိုတော့လဲ ညောင်းတယ်။ လက်တွေလဲပေါက်တယ်။ အခု ဆုံက ထောင်းနေတုန်း မုန့်ဆမ်းကို လှန်တယ်မလား၊ လှန်တဲ့အခါ သတိမထားတဲ့အခါ လက်က ထောင်းဆုံ ညှပ်ပါသွားတတ်တယ်။”

ဒီလို မုန့်ဆမ်းရောင်းချရင်း အသက်မွေးနေတဲ့ ဒေါ်ဖြူလှစိန်ကတော့ ကလေး လေးယောက်မိခင်ဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးတွေဖြစ်တာမို့ ကျောင်းစရိတ်နဲ့ စားစရိတ်ရှာရတာကလဲ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေါ့။ တစ်ယောက်ထဲက မိသားစုဝင်ငွေအတွက် ရုန်းကန်ရပ်တည်နေရတာ ဘာကြောင့်များပါလဲ။

“အလုပ်မလုပ်တော့ဘူး။ အဆင်မပြေဘူး။ စိတ်မမှန်ဘူး။ သူက အလုပ်လုပ်မရတော့ အန်တီတစ်ယောက်ထဲ သူတို့တွေကို လုပ်ကျွေးနေရတာ။ ပြောပြရင်တော့ အန်တီအလုပ်လုပ်နေရင်း နေမကောင်းဖြစ်ခဲ့ဘူးတယ်။ နေမကောင်းဖြစ်ရင် အခက်အခဲတွေ အမြဲ ကြုံရတယ်။ သူများဆီကနေ ချေးပြီးစားရတယ်။ သားသမီးတွေက လည်း စာသင်ဖို့အတွက် ကျောင်းစရိတ် အဲဒီတော့ ကျွန်မတို့က သူများဆီကနေ  ယူရတယ်။ အဲဒီလို အခက်အခဲတွေ အများကြီးပဲ။”

“စာသင်ဖို့အတွက် အခက်အခဲရှိတယ်။ စားဖို့သောက်ဖို့အတွက်လည်း အခက်အခဲရှိတယ်။ ကျောင်းစာအုပ်တွေ အတွက်လဲ အခက်အခဲတွေ ရှိတယ်။”

ဒါပေမယ့်လည်း သားသမီးတွေ ရှေ့မှာတော့ မားမားမတ်မတ် ရပ်တည်ဦးဆောင်နေတဲ့ သူ့ရဲ့ လိုအင်ဆန္ဒ တစ်ခုကတော့  –

“သားသမီးတွေကို အခု စာသင်ပေးနေတယ်။ အန်တီကလေ။ သားသမီးတွေကို လုံးဝ ကျောင်းကို နောက်မဆုတ်ဘဲ မရှိရှိတာနဲ့ သင်ပေးဖို့ အားမရှိလဲ ရအောင် သင်ပေးချင်တယ်။

 828 total views,  1 views today