ဇင်ထွန်း
ကဲ ဒီတစ်ခါမှာတော့ ကျွန်တော်က ငါးပိငါခြောက်လုပ်ငန်းခွင်ထဲက အမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့ တစ်ဖက်ကမ်းမှာ ရှိတဲ့ သဲခုံကျွန်းကပါ။
ဒေသအခေါ်အရတော့ ပိုက်လုပ်ငန်းလို့ခေါ်တဲ့ ငါးပိငါးခြောက်လုပ်ငန်းကို လုပ်ကိုင်သူတစ်ယောက်ဖြစ်ပါတယ်။
“မနက် မိုးလင်းတာနဲ့ ငါးကို ထမ်းသယ်ရပါတယ်။ လှမ်းရတယ်။ မနက် ၁၁ နာရီကနေ ၁၂ နာရီထိပေါ့။ ထမင်းစားခဏ နားတယ်။ ပြီးရင် လှမ်းထားတဲ့ ငါးတွေ မှောက်လှန်တယ်။ ပြန်တယ်ပေါ့။ မွန်းလွှဲ ၂ နာရီ၊ ၃ နာရီ ရောက်တဲ့အခါ ငါးတွေကို နေလှမ်းထားတာကနေ ပြန်ရုပ်သိမ်းရပါတယ်။ ညနေစောင်း ဒီရေကျတဲ့အချိန် ၆ နာရီလောက်ထိုးတဲ့အချိန်ထိ လုပ်ရတဲ့အခါလည်း ရှိပါတယ်။ ပြီးတဲ့အခါကျမှပဲ ညကျ တအောင့်ခဏလောက် အနားယူအိပ်တယ်။ ပြီးရင် မနက်ကျ ထလုပ် ဒီတိုင်းပေါ့။”
အသက် ၁၂ နှစ်အရွယ်ကတည်းက ပိုက်လုပ်ငန်းမှာ လုပ်ကိုင်လာတာ အခုဆိုရင် လုပ်သက်က ၉ နှစ်နီးပါး ရှိလာပါပြီ။
စလုပ်ခါစကတော့ ပင်ပင်ပန်းပန်းနဲ့ လုပ်ခဲ့ရတဲ့ အချိန်ဖြစ်ပါတယ်။
နွေရာသီတစ်ရာသီကို အခြေခံထားလုပ်တာမို့ မိုးနဲ့ဆောင်း အလုပ်ချိန်ကတော့ နည်းပါတယ်။ ဒါကြောင့် ပိုက်လုပ်တဲ့ လူတစ်ယောက်ရဲ့ ဝင်ငွေ ကောင်းတာ မကောင်းတာကလည်း ရာသီဥတုအပေါ် အများကြီး မူတည်နေပါတယ်။
“ပထမဆုံး စလုပ်ခါစမှာတော့ အသည်းအသန် လုပ်ခဲ့ရတာပါ။ နားချိန်လုံးဝမရပါဘူး။ အခုမှ ငါးတွေ စုံစုံလင်လင်ပါလာတာပါ။ ဆောင်းရာသီမှာတော့ နည်းနည်းပဲ လုပ်ရပါတယ်။ နွေရာသီနဲ့ ဆောင်းရာသီနဲ့ မတူဘူးပေါ့။”
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး ကလေးတစ်ဖက်နဲ့ အလုပ်လုပ်ရတာကြောင့် ပိုပြီး ပင်ပန်းတယ်လို့လည်း ဆိုပါတယ်။ ခင်ပွန်းသည်ကတော့ သူ့လိုပဲ ပိုက်လုပ်ငန်း လုပ်ကိုင်သူ တစ်ယောက် ဖြစ်ပါတယ်။
“ဆယ့်ရှစ်နှစ်ခါ လင်ရတယ်။ အစ်မရဲ့ အိမ်မှာနေရင်းနဲ့ပေါ့။ အလုပ်လုပ်တဲ့အခါ ကလေးကို အစ်မတို့နဲ့ ထားပါတယ်။ အခုတော့ အစ်မတို့နဲ့ အတူလုပ်ပါတယ်။ ယောက်ျားက ငပြီကျွန်းက။ ကလေးတစ်ဖက်နဲ့ အလုပ်လုပ်ရတာဆိုတော့ နေပူပြင်းတဲ့အခါကျရင် ကလေးကို အရိပ်ရတဲ့ နေရာတစ်ခုမှာ ထားခဲ့ရတယ်။ ကျန်ချန်ဆို ချီထားတယ်ပေါ့။ တစ်ခါ ကလေးကို ထမင်းလာခွံ့ကျွေးရတယ်။ ပြန်သွားရတယ်။ ချော့သိပ်ရတယ်။ ငါးလုပ်ရတယ်။ အဲဒီလိုပဲ။”
ရာသီဥတုအပေါ် အများကြီး မူတည်တဲ့အလုပ်ဆိုတော့ မိုးတွင်းမုန်တိုင်းကျတဲ့အချိန်တွေဆိုရင် ဒုက္ခက များရပြန်ပါတယ်။ ငါးရမှ ထမင်းစားရတာဆိုတော့ ငါးမရတဲ့အချိန်က စိတ်ပင်ပန်းတဲ့အချိန်ပါပဲ။
“ဘယ်လောက်ထိ ခက်ခဲလဲဆိုတော့ လေမုန်တိုင်းသာ ရှိရင် ဟိုပြေးရ၊ ဒီပြေးရ။ ငါးလဲမရဘူး။ ငါးတွေ ဘယ်ကို ရွေ့သွားလဲပေါ့။ စိတ်လဲပင်ပန်းရတယ်။ ပြီးတော့ ငါးရတာက နည်းတဲ့အခါ နည်းတယ်။ များတဲ့အခါ များတယ်။ အဲဒီငါးကရမှပဲ စားရတာလေ ထမင်း။ ငါးမရရင် စိတ်ပင်ပန်းရတယ်။ အခက်အခဲဆိုတာက လုပ်လို့ကိုင်လို့ အဆင်မပြေတာပါ။ စိတ်ပင်ပန်းရပါတယ်။ အိမ်မှာလဲ စားဖို့ မရှိရင် ပူရပါတယ်။ ဒီအလုပ်က ရမှပဲ ကျွန်မတို့ စားရတာပါ။ လေမုန်တိုင်းနဲ့ ထွက်လုပ်ရတဲ့အခါမှာဆိုရင် ထမင်းတောင် ငတ်တယ်။ လုပ်လို့ကိုင်လို့ ရပြီးမှ အဆင်ပြေပါတယ်။ စိတ်ထဲ မွန်းကြပ်လာတဲ့အထိ ဖြစ်လာတယ်။ စိတ်ပင်ပန်းပါတယ်။”
ရာသီဥတုက နှိပ်စက်တဲ့အပြင် ပိုက်ကွန်ထဲမှာ မိလာတဲ့ ငါးတွေထဲမှာလည်း အဆိပ်ပါတဲ့ ငါးတွေရဲ့ ဆူးတောင်တွေ ထိုးမိစိုက်မိတဲ့အခါ ဆိုရင်လည်း အဆိပ်တက်ပြီး အိပ်ရာထဲ လှဲရပြန်ပါတယ်။
“ဆူးများတဲ့ ငါးတွေပါရင် လက်ကိုစူးတယ်။ တစ်ချို့ အဆူးတွေက အဆိပ်ရှိတယ်လေ။ နှစ်ရက်သုံးရက်နဲ့တောင် ဘာမှ မလုပ်နိုင်ဖြစ်သွားတယ်။ အဆိပ်ပြေသွားမှ ပြန်လုပ်နိုင်ပါတယ်။ ရိုးရိုးပုံမှန်အတိုင်းဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ မသိဘဲ စူးဝင်သွားပြီဆိုရင်တော့ မလုပ်နိုင်တော့ဘူးပေါ့။”
ဒီလို ရေလုပ်ငန်းက လူရောစိတ်ပါ ပင်ပန်းရတဲ့အလုပ်ပါ။ ပင်လယ်ထဲက ရလာတဲ့ ငါးတွေကို တစ်ချို့ကို ငါးပိသိပ်၊ တစ်ချို့ကို ငါးခြောက်လှန်းရတာဟာ လွယ်တဲ့အလုပ်တော့ ဘယ်ဟုတ်ပါ့မလဲ။
နေပူထဲမှာ ငါးတွေကို ခြောက်ကပ်သွားအောင် လှန်းရတာဆိုတော့ ကိုယ်တိုင်လဲ နေပူထဲမှာ လှုပ်ရှားရပြန်ပါတယ်။
“တစ်ခြားလုပ်ငန်းနဲ့ ဘယ်လိုကွာခြားလဲဆိုတော့ ငါးလှန်းရတဲ့အခါ အခက်အခဲရှိတယ်။ စိတ်လဲ ပင်ပန်းပါတယ်။ နေပူတဲ့အချိန်မှာ ငါးရပြန်ရင်လဲ နေပူထဲမှာ ငါးလှန်းရတယ်။ လူလဲ ဒဏ်ဝင်တယ်။ လူလဲဒဏ်ဝင်တယ်။ စိတ်လဲညိုးနွမ်းရပါတယ်။ ငါးမပါတဲ့အခါလည်း စိတ်ပင်ပန်းရပါတယ်။ ရတဲ့အခါတော့ ဝမ်းသာရတယ်ပေါ့။ ငါးပိအတွက် ငါးတွေကို ပွဲရုံကို ပို့ပါတယ်။ ငါးခြောက်တွေဆိုရင်လည်း ဒီမှာ ဝယ်လက်မရှိရင် စစ်တွေမြို့ကို ပို့ရပါတယ်။ ငါးပိလုပ်တဲ့ ငါးနဲ့ ငါးခြောက်လှန်းမယ့် ငါး သီးသန့်ခွဲပါတယ်။ ပုစွန်ကိုပြုတ်ပြီး လုပ်တဲ့အခါလည်း ရှိပါတယ်။ ရေခဲရိုက်ပြီး တင်ပို့တဲ့အခါလည်း ရှိပါတယ်။ စစ်တွေကို ပို့တာကတော့ ဒီရေကို ကြည့်ပြီးပို့တာပါ။ ဒီရေကျပြီး အားလုံး လုပ်ကိုင်ပြီးမှပဲ စစ်တွေကို ပို့တာပေါ့။”
အိမ်မှာကျန်ခဲ့ပြီးတော့ ငါးပိသိပ် ငါးခြောက်လှမ်းကြရတဲ့ အိမ်ရှင်မတွေအတွက်ကတော့ ပင်လဲထဲ သွားတဲ့ ခင်ပွန်းသည်တွေ သားတွေအတွက် ပူပန်ရတာတွေလဲ ရှိပြန်ပါတယ်။ ဒီလို ပူပင်မှုတွေ ၊ ပင်ပန်းမှုများစွာနဲ့ လုပ်ရတဲ့အလုပ်ဆိုပေမယ့် ရတဲ့ဝင်ငွေကတော့ ပုံမှန်ရယ်လို့ မရှိပါဘူး။ တစ်လမှာ ဒီရေအတက်အကျ နှစ်ကြိမ်ဖြစ်ပေါ်တဲ့ အပေါ် မူတည်ပြီး ဝင်ငွေအနည်းအများကလည်း ကွာခြားသွားပါတယ်။
“တစ်ပိဿာကို ၄၅၀၀ ရတဲ့အခါရတယ်။ ၁၀၀၀၀ ကျပ် ရတဲ့အခါ ရတယ်။ ၆၀၀၀ ရတဲ့အခါ ရတယ်။ ဒီရေတစ်ကြိမ်မှာ တကယ်ရပြီဆိုရင် သုံးသိန်းကနေ လေးသိန်းထိ ရပါတယ်။ မရတဲ့အခါ တစ်သိန်းတောင်မရပါဘူး။ လေးငါးခြောက်သောင်းပဲ ရတယ်။ ငွေမရှိလို့ လုပ်ငန်းတိုးချဲ့ဖို့တော့ မရှိပါဘူး။ ဒီလုပ်ငန်းကလဲ ရတဲ့အခါ ရတယ်။ မရတဲ့အခါမရ။ အဲဒီလိုသဘောပါ။ ရတဲ့အခါ နှစ်သိန်းသုံးသိန်းရလိုက်တယ်။ မရတဲ့အခါ မရဘူးပေါ့။ ဆောင်းရာသီဆိုရင် မရတော့ဘူး။ နည်းနည်းပဲရတယ်”
ရတဲ့ဝင်ငွေကို ရလိုက်စားလိုက်နဲ့ပဲ လည်ပတ်နေကြရတာပါ။ တစ်ရွာလုံး ဒီပိုက်လုပ်ငန်းကို လုပ်ကိုင်နေကြတာ ဖြစ်ပေမယ့် သူတို့ရွာမှာ ဈေးမရှိတဲ့အတွက် ငါးအစိမ်းတွေကတော့ ဝယ်သူမရှိပါဘူး။ အဲဒါကြောင့်လည်း ငါးပိငါးခြောက်ကို အဓိကထား လုပ်ကိုင်ကြတာပါ။ တစ်ခါတစ်လေ ငါးခြောက်တွေကိုတော့ ဝယ်သူတွေ ရှိတတ်ပါတယ်။ အဲလို မရောင်းရတဲ့ ငါးအစိမ်းတွေကိုတော့ ငါးပိလုပ်ပြီး ပြန်ရောင်းကြပါတယ်။
“မပုပ်မသိုးခင်ကတည်းက လတ်လတ်ဆတ်ဆတ် လုပ်တာက ငါးပိကောင်းပါတယ်။ ပုပ်သွားတဲ့ဟာကို လုပ်ရင်တော့ မကောင်းတော့ဘူး။ ခြေဖနောင့်မှာ ငါးဆူးတွေ စူးတာတော့ ရှိတယ်ပေါ့။ ဒါပေမယ့် နာရင်လဲ လုပ်ရတယ်လေ။ မဟုတ်ရင် ငါးတွေက ပုပ်သွားမှာပေါ့။ ပုပ်ရင်အကုန် လွှင့်ပစ်လိုက်ရတော့မှာ။ အဲဒီဇောနဲ့ပဲ လုပ်ရတယ်။ ပိုက်ဆံရဖို့အတွက်ပဲလေ။ ဒီလိုပဲ ဒီရေတစ်ကြိမ်တိုင်းမှာ ဒီလို လုပ်နေရတာပဲ။ ဇောနဲ့ချည်း လုပ်နေရတဲ့အတွက် ထမင်းကိုတောင် စိတ်မဝင်စားနိုင်ပါ။”
ဒီအလုပ်က တစ်ဦးတစ်ယောက်တည်း လုပ်လို့မရပါဘူး။ အိမ်ရှိလူအကုန် ဝိုင်းပြီးလုပ်ကိုင်ရတာ ဖြစ်ပါတယ်။ မိသားစုဝင်နည်းတဲ့သူတွေဆိုရင် လူငှားနဲ့ လုပ်ကိုင်ရပါတယ်။
“လုပ်ဖို့မတတ်ခင်မှာတော့ အထက်က လူကြီးတွေက သင်ပေးတာပေါ့။ ငါးပိကို ဘယ်လိုချက်တယ်။ ငါးခြောက်ကို ဘယ်လို ခြောက်အောင်လှန်းရမယ် စသဖြင့်ပေါ့။ ဒီလိုပဲ တဖြည်းဖြည်း တတ်လာတာပဲ။ ခုတော့ ကိုယ့်ဘာသာ ကိုယ်လုပ်တတ်နေပါပြီ။ အိမ်က သင်တာကို မတတ်ရင်လည်း ကိုယ့်ဥာဏ်မီသလောက် ကြိုးစားပြီး ရှာကြံလုပ်ကိုင်တယ်။ ဒီလိုနဲ့ တတ်လာတာပဲ။”
“မှတ်မှတ်ရရနဲ့ ပတ်သက်ပြီးတော့ ဒီနေရာကို လေမုန်တိုင်းဝင်ပြီဆိုရင် အထက်ဘက်ကို ပြေးရတယ်ပေါ့လေ။ မုန်တိုင်းစဲမှပဲ ဒီနေရာကို ပြန်လာ၊ ပြန်လုပ်ပေါ့။ ဒီရေပြည့်လာရင် ငါးလှန်းရတာ အဆင်မပြေဘူးလေ။ ကုန်းပေါ်မှာ လှန်းထားတဲ့ ငါးတွေကိုလည်း ရောက်လာရင် အကုန်ပြန်ကောက် ပြန်သိမ်းပြီး သိမ်းရတယ်ပေါ့။”
မလှနှင်းကြည်က သူငယ်တန်းအထိပဲ အတန်းပညာကို သင်ကြားခဲ့ရပေမယ့် စိတ်ကူးတွေ ရည်မှန်းချက်တွေကလဲ ရှိလို့ နေပြန်ပါတယ်။
“ကျောင်းဆရာမ ဖြစ်ချင်ခဲ့တာပါ။ မိဘတွေက ပိုက်ဆံမတတ်နိုင်တော့ စာမသင်ခဲ့ရဘူး။ အတန်းပညာကတော့ သူငယ်တန်းပဲ ရောက်ခဲ့ပါတယ်။ ကျွန်မသားကိုတော့ ပညာရှိတစ်ယောက် ဖြစ်စေချင်တယ်ပေါ့။ ဒီမှာတော့ ကျောင်းရှိတယ်။ အဲဒီမှာ စာသင်ခိုင်းမယ်။ ဒီအလုပ်က ဘယ်လိုအလုပ်လဲဆိုတော့ တံငါသည်အလုပ်ပေါ့။ ငါးအလုပ်ကို လုပ်တဲ့အခါ စားရတယ်။ မလုပ်တဲ့အခါ မစားရဘူး။ ငတ်သွားတဲ့ သဘောလဲ မဟုတ်ပါဘူး။ အကုသိုလ်အလုပ်လဲဖြစ်ပါတယ်။ အဲဒါကြောင့် အလှူအတန်းတွေရှိရင် လှူပါတယ်။ ဆွမ်းကျွေးအလှူတွေရှိရင်လဲ လှူပါတယ်။ တစ်ဖက်က သတ္တဝါတွေကို သတ်တယ်။ တစ်ဖက်က လှူတယ်။ စိတ်ထဲမှာတော့ ဒါကတော့ အလုပ်ပေါ့ဆိုပြီး ဖြေသိမ့်ပါတယ်။ အခွင့်သာရင်တော့ ကိုယ်နဲ့ ထိုက်တန်မယ့် အလုပ်တစ်ခုကို ရွေးချင်ပေမယ့် ရွေးခွင့်မရှိတော့ပါဘူး။”
ငယ်စဉ်က ဖြစ်ချင်နေခဲ့တာတွေကို စွန့်လွှတ်ပြီး ဖြစ်သင့်တာတွေကို ရင်မှာပိုက်ခဲ့ရပေမယ့် လင်ကလွဲပြီး သားဖြစ်သူကိုတော့ ပညာတတ်တစ်ယောက်အဖြစ် ရည်မှန်းရင်း အဆုံးအစမရှိ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကို ဦးမော့ရင်းနဲ့ မလှနှင်းကြည်တစ်ယောက်ကတော့ ဆက်လက် လုပ်သွားရဦးမှာပဲ ဖြစ်ပါတယ်။
471 total views, 2 views today