ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဆောင်းရာသီဝင်လို့ မြူနှင်းဖွေးဖွေးကျတဲ့ အချိန်ရာသီရောက်ပြီဆို  ရခိုင်ပြည်မြောက်ပိုင်းက လယ်ခင်းတွေကို ရိတ်သိမ်းပြီး တလင်းနယ်တဲ့အချိန် ရောက်ပါပြီ။ လယ်ကွင်းပြင်ထဲက ရိတ်သိမ်းပြီးစ ရိုးပြတ်တွေကြားမှာ မိုးရာသီလက်ကျန် ရေအိုင်တွေ၊ ရေကွက်တွေ ဟိုနားတစ်ခု၊ ဒီနားတစ်ခု ရှိနေတုန်းပါ။ မိုးရေတင်ကျန်ခဲ့တဲ့ မြေနိမ့် ကွင်းပြင်တွေမှာတော့ အင်းလို ရေပြင်ကျယ်၊ ရေအိုင်ကျယ်တွေလဲ ရှိနေပါသေးတယ်။

ဒီလို အချိန်မျိုးရောက်တိုင်း အအေးပိုင်းဒေသတွေမှာ ကျက်စားကြတဲ့ ဆောင်းခိုငှက်မျိုးစုံက အစားအစာ ပေါများတဲ့ လယ်ကွင်းတွေထဲ ရိုးပြတ်တွေကြားမှာ၊ ရေအိုင်တွေ၊ အင်းတွေ၊ ချောင်းရိုးလေးတွေထဲမှာ အုပ်စုလိုက် လာရောက်ပြီး အစာရှာဖွေနေကြတာကို မြင်တွေ့နေရမှာပါ။ အုပ်စုလိုက် ရောင်စုံဖြန့်ကျက် ပျံသန်းနေတဲ့ ငှက်တွေ၊ သူတို့တွေရဲ့ ဟစ်ကြွေးသံတွေကတော့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင် မယူကမ်း၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား စတဲ့ နေရာတွေမှာ ကြားနေရတတ်ပါတယ်။

ဒီတစ်ပတ်မှာတော့ ဆောင်းခိုငှက်တွေ ဘယ်အချိန်လာကြသလဲ၊ ဘယ်လိုငှက်အမျိုးအစားတွေလဲ၊ သူတို့ ဘယ်လို ရှင်သန်ကြသလဲ၊ ဘယ်အချိန်မှာ လာရာဒေသကို ပျံသန်းသွားကြသလဲ စတာတွေကို လေ့လာ တင်ပြပေးပါမယ်။ မင်းပြားမြို့နယ်ထဲမှာနေတဲ့ မဖြူက အခုလို လရာသီဆိုရင် သူတို့နေရာမှာ မြင်ရတဲ့ ငှက်တွေရဲ့ မြင်ကွင်းကို အခုလိုပြောပါတယ်။

“ဒီဘဲတွေက ပြာသို တပို့တွဲလလောက်ဆို ရောက်လာကြတယ်။ ကောက်ရိုးတွေပုံရင် ရိုးပြတ်ကြားမှာ ငါးရှာစားကြတယ်။ အုပ်စုလိုက်ကြီး အတန်းလိုက် မဲနေအောင်လာတယ်။ တကောင်ချင်းစီမလာကြဘူး။ သူတို့ လာရင် အသံတွေမြည်တယ်။”

မင်းပြားမြို့နယ် စွန်ရဲကျေးရွာနဲ့ အနီးပါတ်ဝန်းကျင်က လယ်ကွင်းပြင်၊ အင်းရေပြင်နဲ့ ပုဇွန်တာတွေ၊ ချောင်းရိုးတွေမှာ ဆောင်းခိုငှက်တွေအုပ်စုလိုက် လာရောက်ကျက်စားကြပါတယ်။ စွန်ရဲကျေးရွာမှာနေတဲ့ လယ်သမားကြီး ဦးစံသာကျော်က ရောက်လာတတ်တဲ့ ငှက်အမျိုးအစားတွေကို ခုလိုရှင်းပြပါတယ်။

“ဒေသအခေါ် တောင်ဘဲလို့ တမျိုးခေါ်တယ် တောင်ချွန်း၊ ဘဲမဟင်္သာ လို့ခေါ်တယ် တမျိုး၊ လယ်သမား အခေါ် ဘဲရူးလို့ တမျိုးခေါ်တယ် စပါးစားတဲ့ဘဲ၊ စစ္စလီလို့ခေါ်တာတမျိုး ဒီကအခေါ်ကတော့ တန်းဆိပ်ပေါ့။ အဲ့ဒီ တန်းဆိပ်လို့ ခေါ်တဲ့ဘဲကတော့ ဒီဒေသမှာ အချိန်မရွေး ၁၂ လစလုံး ဒီနေရာမှာနေတယ်။ ဒီနေရာမှာပဲ ကျက်စားတယ်။”

ဒီလို ခရီးဝေးက ပျံသန်းလာပြီး ဆောင်းခိုနေကြတဲ့ ငှက်တွေရှိသလို ဒေသမှာ အမြဲနေတဲ့ငှက်တွေလဲ ရှိပါတယ်။ အဲ့ဒီ အထဲမှာ ရှားပါးပြီး ဥပဒေအရ ကာကွယ်ပေးထားရတဲ့ ငှက်ကတော့ ကြိုးကြာ ဦးခေါင်းနီ ငှက်မျိုးပဲ ဖြစ်ပါတယ်။ ဒီငှက်တွေကလဲ ရခိုင်ဒေသမှာနေတဲ့ ငှက်အမျိုးအစားတမျိုးပဲဖြစ်ပါတယ်။

“ကြိုးကြာက ၁၂ လ၊ သုံးရာသီစလုံး မိုး၊ နွေ၊ ဆောင်း ဒီမှာရှိတယ်။  ဒီမှာဥတယ်၊ ဒီမှာပေါက်တယ်၊ ဒီမှာကြီးတယ်။”

ငှက်မျိုးစုံပေမယ့် သူ့သဘာဝနဲ့သူ နေထိုင်ပုံကလည်း ကွာခြားကြပါတယ်။ ဘဲငှက်အမျိုးအစားတွေ နေထိုင်ပုံကို ဦးစံသာကျော်က အခုလိုရှင်းပြပါတယ်။

“ဘဲကတော့ ဒီဒေသမှာရှိတဲ့ တန်းဆိပ် (စစ္စလီ) မျိုးကတော့ အပင်မှာနားတယ်။ ၀ါဆို ၀ါခေါင်မှာ ဥတယ်။ တော်သလင်းဆို ဥတယ်။ ဒါက ဒီမှာနေတဲ့ငှက်မျိုးပါ။ ဘဲရူးတို့၊ ဟင်္သာတို့ တောင်ချွန်းတို့ ဆိုတာတော့ အပင်နားငှက်မျိုးမဟုတ်ဘူး။ ရေမှာနားတယ်၊ ရေမှာစိမ်တယ်၊ မြေမှာနားတယ်။ အဲ့လိုငှက်မျိုး။”

ဒါပေမယ့် ကြိုးကြာငှက်ကတော့ ပျံသန်းနိုင်ပေမယ့် ရေထဲမှာ ကူးခတ်တဲ့ ငှက်မျိုးမဟုတ်သလို အပင်မှာ နားတတ်တဲ့ ငှက် မဟုတ်ပါဘူး။

“အဲ့ဒီကောင်တွေတော့ အပင်ပေါ်မှာ အိပ်တာ တခါမှ မမြင်ဖူးသေးဘူး။ မြေမှာအိပ်တယ်၊ အပင်မှာ နားလဲ လုံးဝမနားဘူး။ မြေပြင်မှာ ခြေထောက်နဲ့သွားတယ်။ အဲ့လိုသတ္တ၀ါ ငှက် မျိုးပါ။”

အများဆုံး ရောက်ရှိတဲ့ ဆောင်းခိုငှက်အမျိုးအစားတွေက ဘဲ တွေဖြစ်ပါတယ်။ဘဲမဟင်္သာလို့ခေါ်ကြသလို ရုရှား ဘဲလို့လဲ ခေါ်ကြတဲ့ ဘဲ အမျိုးအစားက အဖြူ၊ အ၀ါနဲ့ အနက်ရောင်စပ်ပြီး ကောင်ရေ အများဆုံးလို့ ဆိုရမှာပါ။ ရေဘဲငှက်တမျိုးဖြစ်တဲ့ဘဲရူးငှက်တွေနဲ့အကောင်ကြီးမျိုးဖြစ်ပြီးဒေသမှာတောင်ဘဲ၊ တောင်ချွန်းလို့ ခေါ်ကြတဲ့ ဆိုက်ဘေးရီးယား ဘဲငန်းတွေလဲ လာရောက်လေ့ ရှိပါတယ်။ အဲဒီ ငှက်တွေက စပါး၊ ရေမှော်၊ ခရု၊ ငါး၊ ပုဇွန်၊ ကဏန်းငယ်တွေကို စားသောက်ကြပါတယ်။

“ဘဲရူးလို့ခေါ်တဲ့ ဘဲမျိုး၊ ဘဲမဟင်္သာ၊ တောင်ချွန်းလို့ခေါ်တဲ့ ဘဲမျိုးက သီတင်းကျွတ်လ၊ သီတင်းကျွတ် လပြည့်ကျော်၊ မိုးနည်းပြီဆိုရင် အဲ့ဒီရာသီမှာ စပြီးရောက်တယ်။ ပြန်တာက တပေါင်းလပြည့်ကျော် တန်ခူး၊ အဲ့ဒီလလောက်မှာ ပြန်သွားကြတယ်။ သူတို့စားတဲ့ အစားအစာက စပါးစေ့၊ မြက်သီး၊ မြက်သီးလေးတွေကို စားပြီး အသက်ရှင်ကြတယ်။ နေထိုင်မှုက ကုန်းနေ၊ ရေနေ။ သူတို့က ရေထဲမှာ၊ အင်းပြင်ကြီးတွေထဲမှာလဲ နေတယ်။ အစာရှာမယ်ဆို ကုန်းပေါ်မှာ လယ်ထဲမှာ စပါးရိတ်ပြီးတဲ့ ကောက်ရိုးပြတ်တွေထဲမှာ ရှာစားကြတယ်။”

ဆိုက်ဘေးရီးယားဘဲ၊ ရုရှားဘဲနဲ့ စပါးစားရေဘဲ မျိုးတွေကတော့ ဆောင်းခိုတဲ့ကာလမှာပဲ နေထိုင်ကြပြီး ဒီဒေသမှာ အသိုက်ဆောက်တာ၊ ဥချတာမျိုး မရှိပါဘူး။  ကြိုးကြာတွေကတော့ မြေပြင်မှာ အသိုက်ဆောက်၊ ဥ ချ နေထိုင်ကြပါတယ်။ သူတို့ရဲ့ သဘာဝကိုတော့ လယ်သမားကြီး ဦးစံသာကျော်က အခုလိုပြောပါတယ်။

“ဒီပတ်ဝန်းကျင် စွန်ရဲ တ၀ိုက်ကိုကြည့်ရင်တော့ ကြိုးကြာကောင်ရေ တရာအောက်လောက်ရှိတယ်။ တစ်ရာ အထက်တော့မရှိဘူး။ ကြိုးကြာက ၀ါဆိုလမှာ ဥတယ်။ ၀ါခေါင် တော်သလင်းဆို အကောင်ပေါက်တယ်။ ဥ က ၂ ဥ ဥတယ်။ ၃ ဥ ဥတယ်။ ၃ ဥထက်မိုဘူး။ အကောင်ပေါက်ရင် ၂ ကောင်ပေါက်တယ်။ များသော အားဖြင့် ၂ ကောင်တွေ့ရတယ်။ သူ့ဟာသူ စပါးခင်း၊ မြက်ခင်းထဲမှာ စားသောက်ရင်း သူ့ဟာသူ ကြီးသွား ကြတယ်။”

ဆောင်းခိုဖို့ ရောက်လာကြတဲ့ ဘဲအုပ်တွေထဲမှာ လူတွေစိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းတွေကို စားသောက် တတ်တဲ့ ငှက်အမျိးအစား တွေလဲ ပါဝင်တတ်ပါတယ်။ အဲ့ဒီငှက်မျိုးတွေပါလာရင်တော့ ပျက်စီးတာမဖြစ်ရအောင် လယ်သမားတွေ အတွက် အပင်ပန်းခံပြီး ကာကွယ်ရပါတော့မယ်။

“စားတာကတော့ ဟင်္သာတို့၊ တောင်ချွန်းတို့ကတော့ မစားဘူး။ ဘဲရူးဆိုတာကတော့ စပါးသီးတဲ့ရာသီ၊ စပါးတွေလဲနေတဲ့အခင်းတွေ၊ တခါတလေ မုန်တိုင်းနဲ့ ပြားပြားဝပ်လဲတာတွေရှိတယ်။ အဲ့ဒီအခင်းဆို ဘဲရူးတွေ လာစားကြတယ်။ အဲ့ဒီကောင်တွေက အစားလဲ မြန်တယ်။ အစားလဲကြမ်းတယ်။ အဲ့ဒီကောင်တွေလာရင် ၀ါး တစ်ရာ (ဧက ရှစ်ဆယ်) နှစ်ရာလောက် ပျက်စီးသွားတာရှိတယ်။ အဲ့ဒါနဲ့ အဲ့ဒီကောင်တွေ မလာရအောင် မီးထွန်းကြတယ်။ စည်တွေခေါက်ကြတယ်။ အဲ့လိုကာကွယ်ကြရတယ်။ ပွင့်လင်းရာသီမှာတော့ သိပ်မလာဘူး။  မိုးတွေအုံ့လို့ ဖြစ်နေပြီဆိုရင် လူစိုက်ထားတဲ့စပါးတောကို လုကြတော့တာပဲ။”

အစားအစာပေါများလို့ အုပ်စုလိုက်ရောက်လာတတ်တဲ့ ငှက်တွေအတွက် အမြဲတမ်းတော့ လွတ်လွတ်လပ်လပ် ပျံသန်းနေနိုင်တာ မဟုတ်ပဲ အန္တရာယ်တွေကလဲ ရှိနေတာပါ။ သဘာဝက ပေးထားတဲ့ စွမ်းအားတွေနဲ့ ရှင်သန် လွတ်မြောက်နိုင်တဲ့ ငှက်တွေလဲရှိပေမယ့် တချို့ ငှက်တွေကတော့ လူတွေစားသောက်ဖို့ ဖမ်းဆီး ရောင်းချ ခံရတာတွေ ရှိနေတယ်လို့ ဦးစံသာကျော်က ပြောပါတယ်။

“တခြားနေရာတွေကတော့ ဒီနေရာတွေမှာ လာရောင်းတာလဲ မြင်ရတယ်။ ဈေးထဲတွေမှာ ရောင်း တာလဲ မြင်ရတယ်။ ရောင်းရင်တော့လဲ စားကြတာပဲလေ။ ရောင်းတာကတော့ သုံးထောင်နဲ့ ရောင်းတာလဲ မြင်တယ်။ သုံးထောင့်ငါးရာနဲ့ ရောင်းတာလဲမြင်တယ်။ ဟင်္သာတို့၊ စပါးစားဘဲ (ဘဲရူး) တို့ပေါ့။ တောင်ချွန်းဘဲ ကတော့ မတွေ့ရဘူး။ ဖမ်းလို့ရတယ်ဆိုရင် ရောင်းတဲ့လူ လက်ထဲမှာပါလာမှာပဲ။ ရောင်းတဲ့သူတွေဆီမှာ မပါလာတော့ ဖမ်းဖို့ခက်တယ်လို့ ထင်တာပဲ။”

များသော အားဖြင့် ဒေသခံတွေက ငှက်တွေကို ဖမ်းဆီးတာမျိုးမရှိပေမယ့် တခြားဒေသတွေက ငှက်မုဆိုးတွေ လာရောက် ဖမ်းဆီးကြတယ်လို့ မဖြူကလဲပြောပါတယ်။

“ဖမ်းဖို့ပိုက်ထောင်ရပါတယ်။ ကောင်းကင်ပိုက်နဲ့ ဖမ်းကြတယ်။ အခုလိုအချိန်မျိုးမှာရတယ်။ ကွင်းပတ် သမားလာတယ်၊ လူသံကြားတယ်ဆိုရင် ထပျံကြတယ်။”

ဒါပေမယ့် ကြိုးကြာတွေကတော့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒေသခံတွေက ကြိုးကြာငှက်တွေကို ဘေးမဲ့ ပေးထားသလို အနှောက်အယှက်မပေးကြပါဘူး။

“ဒီဒေသမှာတော့ ကြိုးကြာကို ငှက်မျိုးမြတ်၊ အသက်ကြီး ဆယ်ပါးမှာ ပါဝင်တယ်လို့ သတ်မှတ်ပြီး ဒီဒေသမှာ ဘေးမဲ့ပေးတယ်။ စားချင်တဲ့နေရာမှာစား၊ နေချင်တဲ့နေရာမှာနေ၊ အန္တရာယ်မပြုဘူး။ သူ့ကို အန္တရာယ်ပြုရင် ကိုယ့်ဘက်ကို ပြန်ပြီး အန္တရာယ်ရောက် တတ်တယ်လို့ ဒီဒေသကလူတွေမှာ အယူအဆရှိတယ်။ အဲ့ဒီတွက် သူတို့ကို သွားချင်ရာသွား၊ စားချင်ရာစား ဘေးမဲ့။”

ဆောင်းခိုငှက်တွေ နေထိုင်ကြတဲ့ကာလကတော့ အောက်တိုဘာလက မတ်လအထိကာလထဲမှာပဲ နေထိုင်ကြတာပါ။ သူတို့ ဘယ်ဒေသကလာကြတယ်ဆိုတာ သေသေချာချာ မပြောတတ်ပေမယ့် သူတို့ရဲ့ ထူးခြားတဲ့ သဘာဝကိုလဲ ဦးစံသာကျော်က ပြောပြပါသေးတယ်။

“သီတင်းကျွတ်လလောက်က ရောက်ပြီး အစားအသောက် ၀၀လင်လင် စားရတဲ့အတွက်၊ သူတို့ ကိုယ်ခန္ဓာထဲမှာ အဆီ အာဟာရတွေ တက်လာတယ်။ သဘောက ကိုယ်ခန္ဓာလေးလံလာတယ်ပေါ့။ အလွန် အကျွံ မပျံနိုင်တော့ဘူး။ သူ့နေရာ သူ့ဒေသကို ရောက်ဖို့ နာရီပေါင်းဘယ်လောက် ပျံရမယ်လို့ မသိဘူး။ ကိုခန္ဓာလေးလို့ ကိုယ့်နေရပ်ကိုမပြန်နိုင်လို့ ဆားငန်ရေစိမ်ကြတယ်။ ဆားငန်ရေ သောက်တယ်။ အဲ့ဒါဆို ၀မ်းသွား တယ်လေ။ အဲ့ဒီအခါ အဆီတွေလျော့ပြီးမှ ကိုယ့်နေရပ်ပျံဖို့အတွက် ရေငန်စိမ်တယ်။ ရေငန် သောက်ရတယ်လို့ အဆိုရှိတယ်။”

ဒေသငှက် ကြိုးကြာ ဦးခေါင်းနီတွေကတော့  ဘေးမဲ့ပေးခံရတဲ့အတွက် ကောင်ရေတဖြည်းဖြည်း တိုးလာတဲ့ အတွက် ၀မ်းသာစရာလို့ပဲ ဆိုရမှာပါ။

“အရင်က ငါတို့ အသက် ၂၀ ကျော်လောက်၊ လယ်စလုပ်တဲ့အချိန်ကဆိုရင် အဲ့ဒီအကောင်တွေ ၁၀၊ ၂၀ ပတ်ဝန်းကျင် လောက်မှာ ရှိတယ်။ အခုတော့ တနှစ်ထက် တနှစ် များလာတယ်။ အကောင်ရေ တစ်ရာအောက်၊ တရာလောက်တောင် ပြည့်နေပြီထင်တယ်။ တပေါင်း၊ တန်ခူးလရာသီလောက်ဆို လယ်ပြင်ထဲမှာ ရိုးပြတ်တွေ ကျဲနေပြီဆိုရင်၊ အဲ့ဒီကောင်တွေ စုပြီးတော့ တခါတလေ ကောင်ရေ သုံးဆယ် လေးဆယ်၊ နေတတ်တယ်။ အမှန်ကတော့ ၂ ကောင်တည်းနေတတ်တာမျိုး၊ အဖိုတကောင်၊ အမတကောင် ခွဲပြီး နေတတ်တဲ့မျိုး။ တပေါင်းတန်ခူးလောက်ဆိုရင်တော့ သုံးဆယ်၊ လေးဆယ် အုပ်စုလိုက်မြင်ရတယ်။”

ဆောင်းခိုငှက်တွေကို မဖမ်းကြဖို့ သစ်တောဌာနက ဥပဒေနဲ့ ညွှန်ကြားချက်တွေ၊ ပညာပေးတွေ ရှိပေမယ့်လည်း စီးပွားရေးအရ ဖမ်းဆီးသတ်ဖြတ်တာ ရှိနေသေးတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ဆိုရမှာပါ။

“အရင်နဲ့ အခုနဲ့ဆို အခု နည်းလာတယ်ပြောရမယ်။ ငှက်မုဆိုးတွေကြောင့်လို့ပဲ ပြောရမယ်။ သူတို့ စီးပွားရေးအဖြစ် ဒီမှာတော့ ပိုလို့ ခေါ်တယ်၊ ညွှတ်လို့လဲ ခေါ်တယ် အဲ့ဒါမျိုးတွေနဲ့ ထောင်တယ်။ စားကြတဲ့ လူတွေလဲရှိတယ်။ နောက် ပိုက်၊ အာကာပိုက်လို့ ခေါ်တယ် (ကောင်းကင်ပိုက်) အဲ့လိုပိုက်တွေနဲ့ ထောင် ဖမ်းတယ်။ ရောင်းကြတယ်။ အဲ့ဒါတွေကြောင့်ပဲ ငှက်တွေနည်းလာသလားလို့ ယူဆတယ်။”

 1,086 total views,  1 views today