ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ဒီတစ်ပါတ်မှာတော့ ကိုယ်နေထိုင်တဲ့ ရွာကရွာသားတွေကို ကိုယ်ပိုင်လှေလေးနဲ့ ကူညီပို့ဆောင်ရင်း ကူးတို့ စက်လှေမောင်း သမားဖြစ်လာသူ တစ်ယောက်အကြောင်း တင်ဆက်ပေးပါမယ်။
မြောက်ဦးမြို့နယ်ထဲက ဆင်အိုးကြီးရွာဟာ လေးမြို့မြစ်ကမ်းနားမှာရှိပါတယ်။ ဆင်အိုးကြီးရွာမှာ ဈေးရှိတဲ့အတွက် လေးမြို့ချောင်းရဲ့ အထက်ပိုင်းကျေးရွာတွေက ဈေးဝယ်လာကြသလို၊ ဆင်အိုးကြီးရွာက တဆင့် ဆိုင်ကယ်၊ သုံးဘီး၊ ခရီးတိုလိုင်းကားတွေနဲ့ မြောက်ဦး၊ ကျောက်တော်မြို့တွေကိုခရီးဆက်နိုင်ပါတယ်။ ဆင်အိုးကြီးနဲ့ လေးမြို့မြစ်ထဲက တခြားရွာတွေကိုတော့ စက်လှေတွေနဲ့ပဲ ကူးသန်း သွားလာ နိုင်ကြပါတယ်။ ဆင်အိုးကြီး ဆိပ်ကမ်းမှာနေ့စဉ် စက်လှေစီးရေတရာလောက် အမြဲဝင်ထွက်နေပြီး အဲ့ဒီထဲမှာအသက် ၆၀ အရွယ် ဦးသာထွန်းစိန်ရဲ့ စက်လှေ ကလေးကလည်း တစီးအပါအ၀င် ဖြစ်ပါတယ်။ သူက စက်လှေမောင်းသူတွေထဲမှာ အသက်အကြီးဆုံး တယောက် လို့လဲ ဆိုနိုင်သလို လေးမြို့ မြစ်ထဲမှာ နှစ်ပေါင်းလေးဆယ်လောက် ရေကြောင်း ခရီးအတွေ့အကြုံရှိခဲ့သူပါ။ မြစ်ထဲက အန္တရာယ်တွေကို ဘယ်လို ရင်ဆိုင်ခဲ့သလဲ၊ သူ့မျှော်လင့်ချက်တွေကဘာတွေလဲစတဲ့ လှေခတ်သမား၊ စက်လှေမောင်း သမားတစ်ယောက်ရဲ့ အတွေ့အကြုံ တွေကို မေးမြန်းတင်ဆက် ပေးမှာပါ။
“ကြာပါပြီဒီမှာမောင်းနေတာမှတ်တောင် မမှတ်မိနိုင်တော့ဘူး။ လိုင်းလိုင်စင်ရယ်လို့ မရှိသေးတဲ့ ခေတ်ကတည်းကပဲ။ ဒါကလိုင်စင် မရှိဘူး အဲ့ဒီတုန်းကလက်နဲ့လှော်ရတယ်။ အဲ့ဒီအချိန်ကတည်းကပဲ။”
သူငယ်စဉ်ကတည်းက နေရပ်ရွာ မယ်ဇလီကုန်းကနေ မြောက်ဦးမြို့ဘက်ကမ်းကိုအစုန် အဆန် ကူးတို့ တိုက်နေခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီ အချိန်ကာလ တုန်းကလိုင်စင်ကြေး၊ လိုင်းကြေးတွေ သွင်းစရာမလိုတဲ့အတွက် ရသမျှ ၀င်ငွေက ကိုယ့်လုပ်အားခ ဖြစ်သလို၊လှေလေးတစီးနဲ့ လှော်တက်တချောင်းရှိရုံနဲ့ ကူးတို့လှေ လိုက်နေနိုင်တာကြောင့် တခြားအရင်းမစိုက်ရဘဲ နေ့တွက်ကိုက်ခဲ့ဖူးပါတယ်။ စီးပွားရေးပုံစံတွေ ပြောင်းလာသလို ကူးတို့တွေကို ခရီးစဉ် ပိုင်းခြားသတ်မှတ်ပြီး စည်ပင်သာယာ ရံပုံငွေအဖြစ် လေလံတင်လာတဲ့အခါတော့ ကိုယ်တိုင် လေလံ မဆွဲနိုင် တာကြောင့်အခက်အခဲဖြစ်လာခဲ့ရပါပြီ။ သူကိုယ်တိုင် ပြေးဆွဲနေတဲ့ မယ်ဇလီကုန်းအိုး ပျဉ်ထောင် ကူးတို့လိုင်းကို လေလံ အောင်ထားတဲ့ သူဆီကလိုင်စင်ကြေးအမြတ်ပေးပြီးထပ်ဆင့် ၀ယ်ယူပြေးဆွဲရ ပါတော့တယ်။ တခြားလုပ်စားစရာအလုပ်မရှိတဲ့အတွက် လက်ငုတ် လက်ရင်း ကူးတို့လှေလေးနဲ့ပဲ မိသားစုအသက်မွေးနေရတယ်လို့ ဦးသာထွန်းစိန်ကပြောပါတယ်။
”တွက်ခြေမကိုက်ရင်လဲဘယ်လိုလုပ်မလဲ။မကိုက်လည်းလုပ်နေရတာပဲလေ။ အလုပ်အကိုင်မှ မရှိတာ။ တခြားဘာအလုပ်မှ မရှိဘူး။ ဒီအလုပ်ပဲရှိတယ်။ တခြားလူတွေမှာကလယ်ပြင်ရှိတယ်။ ယာခင်းရှိတယ်။ ကျွန်တော့်မှာလယ်လဲမရှိ၊ ယာလဲမရှိ။ ဒါနဲ့ပဲလုပ်စားရတယ်။”
ကူးတို့လှေ တစီးရဲ့ တန်ဖိုးကငွေငါးသိန်းကနေဆယ်သိန်းအထိတန်ကြေးရှိပါတယ်။ သူအခုကူးတို့ လိုင်းပြေးဆွဲနေတဲ့ လေကတော့ ၂၅ ပေ လောက် ရှိတဲ့ ဆယ်ယောက်စီးလှေပါ။ တကယ်တော့ လှေဆိုတာက အိမ်ပြန်အိပ်တဲ့အချိန်၊ အလုပ်နားတဲ့အချိန် အိမ်မှာယူပြီးသိမ်းထားလို့ မရနိုင်တဲ့အတွက် အင်ဂျင်ကိုပဲ ဖြုတ်သိမ်းပြီးလှေကိုတော့ ကူးတို့ဆိပ်မှာပဲ ကြိုးချည်၊ သော့ခတ်ထားခဲ့ရပါတယ်။ ဒါပေမယ့် မကြာခဏ အခိုးခံနေရလို့ လှေအကောင်းစားတစီးကိုမစပ်နိုင်တာလဲ ကြာပါပြီ။ လက်ရှိလှေနှစ်စီးရှိနေပေမယ့် အန္တရာယ် မဖြစ်အောင်သုံးနေလို့ ရနိုင်တယ်ဆိုတဲ့ အနေအထားနဲ့ပဲထားရတာပါ။
”လှေအပျက်ကို ပြန်လုပ်ထားတာ။ လှေအကောင်းမကိုင်ရဲဘူး။ လှေအကောင်းဆိုရင် အခိုးခံရတယ်။ ဒီမှာလူပြတ်ရင် ခိုးသွားပြီ။ ပြောပြရရင် ကူးတို့လှေ စခတ်ကတည်းကဟိုးအရင် နှစ်ပေါင်း နှစ်ဆယ် သုံးဆယ်လောက်ကတည်းကဆိုရင် ပျောက်သွားတဲ့လှေ ရေတွက် လို့တောင် မရဘူးနဲနဲလေး လှေကာင်း တယ်ဆိုတာနဲ့ အခိုးခံရတာ။ တနေ့တည်း နှစ်စီးအခိုးခံရတာတောင်ရှိတယ်။ အဲ့ဒီအချိန်က လှေငယ်ကလေး။ လှေငယ်တော့လဲပါသွားတာပဲပေါ့။ နဲနဲလောက် ပြောင်လို့ ဆေးကြောထားခဲ့ရင် အခိုးခံလို့ ပါသွားတာပဲ။”
အရင်ကတော့ ဒီမြစ်ထဲမှာပဲအစုန်အဆန် လက်နဲ့လှော်ခတ်နေခဲ့ပေမယ့် ခေတ်ကာလအလိုက် ဓါတ်ဆီအင်ဂျင်နဲ့ ပန်ကာရိုးတတ်ပြီး ပဲ့ချိတ်စက်လှေအဖြစ် အသွင်ပြောင်းပြေးဆွဲရပါပြီ။ အဲ့ဒီအခါ အင်ဂျင်စက်အတွက် အရင်းအနှီး ထပ်ထည့်ရတဲ့အပြင် နေစဉ်စက်မောင်းဆီ အတွက် ကုန်ကျစရိတ်ကရှိလာပါတယ်။ ခရီးသည်အရေအတွက်လဲ များလာပေမယ့် ကုန်ကျစရိတ်နဲ့ တွက်ခြေကိုက်တယ်လို့ ပြောနိုင်တဲ့ အခြေအနေမှာမရှိတော့ပါဘူး။
“တစ်ယောက်တည်းပို့ဆိုဆိုရင် အသွားအပြန် ဆီ ၁၀၀၀ ဖိုးကုန်ပါတယ်။ ငါးရာပဲရတယ်။ မြောက်ဦးကိုသွားဖို့ တယောက်တည်း ပို့လိုက်ရရင် သွားပြီလေ ကျွန်တော် ပြန်တာနဲ့ ငါးရာ ရှူံးပြီ။ ကုန်တာ ၁၀၀၀ ဖိုး။”
“တရက်ကိုတသောင်းရတဲ့ခါလဲရတယ်။ တသောင်းမပြည့်တာကများတယ်။ တသောင်းခွဲလောက် ရတာက နည်းပါတယ်။ တသောင်း လောက်ရရင်တောင် ဆီစားရိတ်ကငါးထောင်ကျော် ကုန်သွားပြီ။ အဲ့ဒါဆို စားစရိတ်က တထပ်စာလောက်ပဲရတော့တယ်။ လေးထောင် လောက် ကျန်တယ်။ မိုးလင်းတာနဲ့ ကုန်ပြီပေါ့ တရက်စာပဲ။”
သူနေတဲ့ မယ်ဇလီကုန်းရွာနဲ့ အနီးနားကအင်းရှည်ရွာမှာနေထိုင်သူအားလုံးကတော့ အရေးကိစ္စပေါ်တိုင်း တစ်စီးပဲရှိတဲ့ ဦးသာထွန်းစိန်ရဲ့ ကူးတို့လှေကလေးကိုပဲအားထားပြီးခရီးသွားကြရတာပါ။ ခရီးသွားဖို့ အလိုရှိတဲ့ အခါတိုင်းစက်လှေမောင်းပို့ပေနေရလို့ သူ့အတွက် အလုပ် ချိန်ရယ်လို့ သတ်မှတ်လို့ မရနိုင်တော့ပါဘူး။
“မနက် ငါးနာရီလောက်ကတည်းကထွက်ပေးရတဲ့အခါလဲရှိတယ်။ ငါးနာရီဆိုတာနဲ့ အထမ်းသမားတွေ၊ အသီးအရွက်ရောင်းတဲ့ လူတွေကို ပို့ရတယ်။ မိုးတွင်းဆိုရင် မျှစ် (၀ါးတုတ်) ပေါ့ တောင်တွေကချိုးတယ် သွားရောင်းကြတယ်။ သုံးလေးငါးယောက်ဆိုရင် ပို့ပေးတယ်။ သုံးယောက် နှစ်ယောက် အဲ့လိုလာကြတယ်။”
တကယ်တော့ လေးမြို့မြစ်ကသာမန်အချိန်မှာသာယာလှပေမယ့် မိုးရာသီအချိန်ဆိုရင်တော့ ရေစီးပြင်းလွန်းလို့ ဘယ်လောက် အရေးကြီးကြီး ကူးတို့လှေမထွက်နိုင်တဲ့ အခါတွေလဲရှိပါတယ်။
“ရေစီးအရမ်းပြင်းလာတော့လဲမရတော့ဘူးလေ။ အရမ်းကြောက်ဖို့ကောင်းတယ်။ ရေစီးပြင်းလို့ သစ်တုံးတွေမျောလာရင် မတက်ရဲဘူး လိုင်းပိတ်ထားရတယ်။ တရက် နှစ်ရက် ရေနဲနဲလျော့လာပြီဆိုရင်တော့ ပို့ရတယ်။ မပို့လို့လဲမရတော့ဘူးဟိုမှာအရေးကြီးကိစ္စသွားရမယ်။ ဆေးခန်းပို့ရတော့မယ် အဲ့လိုအရေးကြီးကိစ္စပေါ်လာပြီဆိုရင် လိုက်ပို့ရတာပဲ။”
ကိုယ့်ရွာသားကိုယ့်ခရီးသည်တွေကိုလိုရာပို့ပေးခဲ့ရပေမယ့် တခါတလေအပြန်ခရီးမိုးချုပ်တဲ့အခါမျိုးမှာတော့ ရာသီဥတု ကောင်းမွန် သာယာ နေခဲ့ရင်တောင် သူ့အတွက် မမြင်နိုင်တဲ့ အခက်အခဲတွေကစောင့်ကြိုနေပါသေးတယ်။
“နေ၀င်သွားရင်တော့ အန္တရာယ်များပါတယ်။ ပိုက်တွေကအများကြီးဟိုဘက် ဒီဘက် ရှောင်သွားလို့ မရဘူး။ အကုန်လုံးပိုက်တွေ ချည့်ပဲ။ ပိုက်မှာ ငြိမိတာနဲ့ လျော်ပေးရတယ်။ နေ၀င်သွားတော့ မမြင်ရတော့ဘူးမလား။ သွားရင်းသွားရင်းနဲ့ ပိုက်လှေကဟိုး အဝေးကြီးမှာ ရှိနေမယ်။ ပိုက်အဖျားကဒီဘက်မှာမမြင်ရပဲသွားရင် ငြိတယ်။ ငြိလို့ ပန်ကာရိုးကို ၀င်သွားတာနဲ့ စက်နှိုးလို့ မရတော့ဘူး။ အဲ့ဒီလိုဖြစ်ရင် အဲ့ဒါကို ဖြုတ်၊ လျော်ရတယ် သိပ် အများကြီးတော့ မဟုတ်ဘူးလေးထောင် ငါးထောင် အဲ့ဒီလောက်လျော်ရတယ်။ လေးငါးခေါက်လောက် လျော်ပေး ခဲ့ရပြီ။ ပိုက်နဲ့ ငြိမိရင် ပိုက်ကို ဖြတ်ပစ်လိုက်ရတယ်။ အကောင်းပြန်မရနိုင်ဘူး။ ပိုင်းပစ်၊ ဖြတ်ပစ်လိုက်ရတယ်။”
အဲ့ဒီအခါမျိုးဆိုရင်တရက်စာရှာလို့ရတဲ့ လုပ်အားခကိုအလျော်ပေးလိုက်ရတဲ့အပြင် နောက်နေ့ စက်လှေထွက်ဖို့ ဆီဖိုးအရင်းအနှီးက အခက် အခဲဖြစ်လာရတော့မှာပါ။ ဒါပေမယ့် ပိုက်ဆံရဖို့တခုတည်းကိုပဲမျှော်လင့်ပြီးအလုပ်လုပ်နေလို့ မရဘူးဆိုတာလုပ်ဖော်ကိုင်ဖက် စက်လှေ သမား တွေကသင်ခန်းစာပေးထားခဲ့တာတွေ ရှိပါတယ်။ ကိုယ်တိုင် သတိကြီးကြီးထားခဲ့လို့ အန္တရာယ်ကင်းခဲ့ရတဲ့ အကြောင်းကိုအခုလို ပြန်ပြောပြ သေးတယ်။
“ဒီဘက် ဂုဏ်ကျွန်းမှာတော်တော်လေးရှိဖူးတယ်။ မနည်းသေတာတွေရှိတယ်။ အဲ့ဒီတုန်းကတခေါက်တည်းမှာ နှစ်ယောက်သေ သွားတယ်။ နောက်တယောက်ကသတိမရအောင် ဖြစ်နေပြီ။ ဆေးခန်းရှိလို့ အသက်မီလိုက်တယ်။ စက်လှေကူးတာနဲ့ သူတို့လဲ မြူးကြပျော်ကြ တာကိုးသင်္ကြန်တွင်းတုန်းက၊ ရှစ်သောင်းဘုရားဖူးသွားဖူးကြတာ။ ကျွန်တော့်ကိုခေါ်တယ်။ အဲ့ဒီအချိန် လေကလဲလာတယ်။ ဒီဘက်ကလဲ မှောင်မဲနေပြီ။ လေထန်လာရင် ကျွန်တော်တို့ဆီမှာကလှိုင်းကြီးတယ် လှိုင်းများတယ်။ မကူးရဲဘူး။ ကျွန်တော်ကသွားကြတော့ ဂုဏ်ကျွန်းက ကူးကြတော့လို့ ပြောလိုက်တယ်။ သူတို့က ကျွန်တော့ကိုတောင် ပိုက်ဆံမလိုတော့ဘူးလား။ ပိုက်ဆံတွေနဲ့ ၀နေပြီလားလို့ ပြောသွားတယ်။ ကျွန်တော်လဲဘာမှ ပြန်မပြောလိုက်ဘူး။ ဂုဏ်ကျွန်းလှေလာတော့ ဒီဘက်ကကူးကြတယ်။ ကူးလို့ ခဏနေရင် မြုပ်သွားရော။”
လေးမြို့မြစ်ထဲကရေစီးအခြေအနေကိုမှန်းလို့မရသလိုတခြားမမျှော်လင့်တဲ့ အန္တရာယ်တွေကလဲအများကြီးပါ။ နှစ်ပေါင်းလေးဆယ်လောက် လုပ်ကိုင်လာခဲ့တဲ့ အတွေ့အကြုံကဘေးအန္တရာယ်ကိုဘယ်လိုကာကွယ်ရမလဲရှောင်ရှားရမလဲဆိုတာကောင်းကောင်းသိနေပါပြီ။ အဲ့ဒီအတွက် သူ့လုပ်သက်တလျှောက် တခါမှ အန္တရာယ်ကြီးကြီးမားမားမကြုံဖူးသေးဘူးလို့ ဆိုပါတယ်။
“အဲ့ဒီအတွက် လှေအကြီးကိုသုံးတယ်။ လှေအငယ်လေးနဲ့ သွားလို့ရတယ်။ ဒါပေမယ့် အဲ့ဒါတွေ ကြောက်လို့ လှေကြီးကြီးကိုသုံးတယ်။ နှစ်ယောက်တည်းဆိုလဲလှေအကြီးနဲ့ပဲသွားတယ်။ အဲ့လို ဖြစ်တာတော့ မရှိဘူးပေါ့။ တခါမှ မဖြစ်ဖူးသေးဘူး။”
သူ့ရဲ့ မိသားစုမှာဇနီးသည်၊ သားနှစ်ယောက်၊ အတူနေညီမတစ်ယောက် အားလုံးငါးယောက်စာ ၀မ်းရေးအတွက် လှေတစီးနဲ့ အစုန်အဆန် ရှာဖွေနေရတာပါ။ သားသုံးယောက်ရှိပေမယ့် အားလုံးကိုရှစ်တန်းအောင်ပြီးတာနဲ့ ကျောင်းဆက်မထားနိုင်တော့ပဲ ကျောင်းထုတ်လိုက် ရပါတော့တယ်။ အကြီးဆုံးသားကရန်ကုန်ကစက်ရုံတခုမှာ အလုပ်ဝင်လုပ်ခိုင်းပြီး အတူကျန်နေခဲ့တဲ့ လူပျိုပေါက်အရွယ် သားနှစ်ယောက် ကတော့ တခါတလေဖခင်ကိုယ်စား စက်လှေဝင်မောင်းနေရပါပြီ။
“သားသမီးတွေ ဒီနှစ်တော့ ကျောင်းထုပ်ထားလိုက်ရပြီ။ ဘာလို့လဲဆိုတော့ လိုက်မမီနိုင်တော့ဘူး။ ပိုက်ဆံလိုက်မမီဘူး။ ကျောင်းလဲတက်တယ်။ စားလဲစားမယ်ဆိုတော့ ကျောင်းထားလို့ မရတော့ဘူး။ ၈ တန်းကပဲထွက်ခိုင်းရတယ်။ နှစ်ယောက်စလုံး ၈ တန်း။ ရန်ကုန်ကိုသွားတဲ့ အကြီးဆုံးလဲရှစ်တန်းကပဲထုတ်ပြီးသွားပေတော့လို့”
တောရွာကလေးမှာနေ၊ ရွာရဲ့လိုအပ်ချက်အရကိုယ်ပိုင်လှေကလေးနဲ့ ကူညီပို့ဆောင်ရင်းကူးတို့စက်လှေ မောင်းသူဖြစ်လာခဲ့တဲ့ ဦးသာထွန်းစိန် ကတော့ သားတွေ အရွယ်ရောက်ချိန်ထိ၊ ကိုယ်တိုင် စက်လှေမောင်းဖို့ အားအင်တွေရှိနေသေးတဲ့ အထိ ကူးတို့လိုင်းပြေးဆွဲနေဦးမှာပါ။ သူ့အတွက် ပြင်းပြင်းပြပြရှိနေတဲ့ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ မျှော်လင့်နေဆဲပါ။
“ဒီနှစ် ရှင်ပြုမလို့လေ။ မိဘ၀တ္တရားတော့ ကျေလိုက်ရမှာပဲ။ မရှိတရှိနဲ့ပဲ။ ဟို မြစိမ်းရောင် ပိုက်ဆံယူထားတယ် ဆယ့်ငါးသိန်း။ အဲ့ဒါနဲ့ ပြုမယ်လို့။ အဲ့ဒါတော့ အလုပ်နဲ့ပဲဆပ်နေရမှာပဲ။”
694 total views, 1 views today