ပြည်မဘက်ကို အဓိကတင်ပို့နေတဲ့ ကမာကောင်မှာယူမှု အရင်ကထက် နည်းပါးလာတာကြောင့် ရခိုင် ပြည်နယ်က ကမာကောင်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်ခဲတွေ့နေကြရပါတယ်။

“ရောဂါတွေကတမျိုး၊ စစ်ရေးကတမျိုးနဲ့ အဆင်မပြေပါဘူး။ လမ်းပန်းဆက်သွယ်ရေး အဆင်မေ ပြတော့လို့။ ငွေအကြပ်အတည်းတွေ ဖြစ်နေတယ်။ ကမာကောင်တွေက ပုံမှန်တော့ ရနေတယ်။ အရင်ကလိုမျိုးက မမှာနိုင်ကြတော့ဘူး။ နည်းလာတာပေါ့။”လို့ ကိုခိုင်အောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာဆိုရင် ကမာကောင်တွေကို ရမ်းဗြဲမြို့နယ် အဝတောင်နဲ့ လက်ပံဒေသတွေမှာ အဓိကနဲ့ တောင်ကုတ်နဲ့ အမ်းမြို့နယ် တပ်တောင်ဒေသတွေမှာ အနည်းလုပ်ကိုင်ရရှိနိုင်တာဖြစ်ပြီး အသက်မွေးဝမ်းကြောင်းပြုသူတွေကတော့ ဒုံးကွန်မြစ်နဲ့ ပိုက်ဆိုက်တောင်ပေါ်မြစ်တို့မှာ စက်နဲ့ ငုပ်ကာ ဖမ်းယူကြတာပါ။

“အကိုတို့ပိုတာကတော့ မန္တလေး၊ မူဆယ်၊ လားရှိုး၊ ရန်ကုန်၊ စစ်တွေဖက်ကတော့ အမှာအပြု နည်း တယ်ပေါ့။ တခုနဲ့တခုချတ်ဆက်ပြီးပို့တာ။ တစ်လမှာ ရောင်းအားက ၁၀၊ ၉ သိန်း၊ ၁၀ လောက်တော့ ထွက်တယ်။ အရင်က သိန်း ၃၀၊ ၅၀ လောက်ထိ ထွက်နေတာ။ အရင်နဲ့စာရင် အခုက ထက်ဝက် လောက်ပဲ ထွက်နေတာ။”

ရရှိလာတဲ့ ကမာကောင်တွေကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ မူဆယ်၊ မြဝတီ စတဲ့ ပြည်မ ဘက်က မြို့နယ်အသီးသီးကို ကုန်ကားတွေနဲ့တဆင့် ပို့ပေးတာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံရေး အခြေနေနဲ့ ကိုဗစ်ရောဂါတို့ကြောင့် မှာယူမှု အားနည်းနေကြတာ ဖြစ်ပါတယ်။

ပြည်မဘက်က ကမာကောင်မှာယူမှု နည်းပါးသွားတဲ့အတွက် ရခိုင်ပြည်နယ်ထဲက မြို့နယ် တချို့ လောက်ကိုပဲ ပို့ဆောင်နိုင်တော့ပြီး တစ်ကောင်ကို ငွေကျပ်တစ်ထောင်ကျော်ရရှိခဲ့ရာကနေ လက်ရှိ ကမာကောင်တစ်လုံးကို ငွေကျပ် ၇၀၀ လောက်ထိ ကျဆင်းသွားတယ်လို့ အဆိုပါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ကိုခိုင်အောင်က ပြောပါတယ်။

ဒါကြောင့် လုပ်ငန်းပုံမှန်လည်ပတ်နေချိန်က တစ်လမှာ ကမာကောင်တင်ပို့ရောင်းချလို့ ငွေကျပ် သိန်း ၅၀ လောက်ဝင်ပေမယ့် လက်ရှိမှာတော့ တစ်လကို သိန်း ၂၀ ဝန်းကျင်သာဝင်ပြီး လုပ်ငန်းအတွက် ကုန်ကျစရိတ်ကိုနှုတ်ရင် အမြတ်ငွေမကျန်သလောက်ပဲရတယ်လို့ ဆိုပါတယ်။

“မှာတဲ့လူက နည်းပါးသွားပြီးတော့ ဈေးကလည်း ကျဆင်းသွားတယ်။ အရောင်းအဝယ်က မလိုက် တော့ဘူး။ ငွေက မသုံးနိုင်၊ မဖြုန်းနိုင် ဖြစ်သွားကြတော့ အရောင်းအဝယ်မလိုက်ဖြစ်သွားတဲ့ သဘောပေါ့။”
အဝတောင်ကျေးရွာက ကမာကောင်လုပ်ငန်းကို အဓိကထားလုပ်ကိုင်နေသူတွေဟာ အခုလို လုပ်ငန်း ပုံမှန်မလည်ပတ်တာကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများစွာရှိတယ်လို့ ကမာကော င်လုပ်ငန်းလုပ်ကိုင်သူ ကိုကျော်ငြိမ်းက ပြောပါတယ်။

“လုပ်ငန်းကတော့ စနေပြီ။ ပစ္စည်းယူသူတွေကိုပဲ ကျနော်တို့က ကြည့်နေရတာကိုး။ ရန်ကုန်က ပစ္စည်း ယူမှပဲ ကျနော်တို့က ထုတ်ရတာကိုး။ အခုက သူတို့ နည်နည်းပါးပါးပဲ ယူတော့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တောင်ကုတ်ကပဲ အများဆုံးယူတော့တယ်။ အဲဒီဖက်က သိပ်မယူတော့ဘူ။ တောင်ကုတ်က ကိုယ့်လူတွေလောက်ပဲပေါ့။ ဗမာပြည်ဖက်ကတော့ တဆင့်ခံယူလားတော့ မသိတော့ဘူး။ ကျနော်တို့ ကတော့ တောင်ကုတ်ဖက်ကိုပဲ မှီခိုနေရတော့တာပေါ့။”

အခုလို ပွင့်လင်းရာသီမှာပဲ အဓိက ဖမ်းယူရရှိတဲ့ ဒီလုပ်ငန်းကို လက်ရှိမှာ မှာယူသူတွေကလည်း ပြန်လည်ရောင်းချရာမှာ အရင်ကလို ငွေမလည်ပတ်နိုင်တော့တာကြောင့် အဓိက လုပ်ကိုင်သူတွေ လက်ထဲကို ငွေမရောက်ရှိနိုင်တာကလည်း စားဝတ်နေရေး ထိခိုက်စေရတဲ့ အကြောင်အရင်းထဲ ပါဝင်ပါတယ်။

“ပြည်မဖက်ကပဲ အဓိက မှာယူခဲ့တာ။ မန္တလေးရယ်၊ တောင်ညို၊ တောင်ကြီးရယ်။ ပြောရမယ်ဆိုရင် အဲဒီဖက်က ကျနော်တို့အတွက် အမှာတော့ နည်းသွားတာပေါ့။ နောက်မှ များလာမလား မပြောတတ်တော့ဘူး။ နိုင်ငံရေးကိစ္စတွေရှိနေတယ်မလား။ အဒါကြောင့်ပဲ ကျနော်တို့က ယူဆတာပေါ့။ ကိုဗစ်ကလည်း အဲလောက်ထိ ကြီးကြီးကျယ်ကျယ်မှ မဟုတ်တော့တာလေ။”

“ကျနော်တို့ တစ်နှစ်လောက် အေးအေးဆဲဆဲ ရပ်ထားလိုက်ရတယ်။ အတိကျတောင် သတိမထားမိ တော့ဘူး။ တစ်ဖက်မှာလည်း ကိုဗစ်၊ တစ်ဖက်မှာလည်း နိုင်ငံရေးတွေနဲ့ ဗမာပြည်ဖက်က လူတွေမေ ရာက်တော့တာရယ်။ အဲဒီဟာတွေပေါ့။”

“ဈေးကမရတော့ဘူး။ အောက်ခြေဝယ်ဈေးနဲ့ သူများတွေ လာဝယ်တဲ့ဈေးနဲ့က အထက်ကို ဖြန့်တဲ့ဈေးနဲ့ ကျနော်တို့က အမြတ်အစွန်းနည်းနည်းပဲ ရတော့တာ။ ကျနော်တို့ဆီမှာ ပစ္စည်းကလည်း ရှားလာပြီ။ ရှားလာသလောက် မမြတ်နိုင်ဖြစ်လာတယ်။”

ကမာကောင်လုပ်ငန်းလိုပဲ ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ ငါး၊ ပုစွန်နဲ့ ရေထွက်ပစ္စည်းတွေကို ပြည်မ ဖက်ကို တင်ပို့နေကြရတာဖြစ်ပြီး ကိုဗစ်ကြောင့်ရော အာဏာသိမ်းမှုနောက်ပိုင်းမှာပါ ဒီလုပ်ငန်းတွေ ထိခိုက်နေတာ ရှိပါတယ်။

 913 total views,  2 views today