ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း
မြိုတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော် မြို့နယ်ထဲမှာ နေထိုင်ကြပါတယ်။ သူတို့တွေဟာ တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး တောင်တန်းဒေသတွေမှာပဲ နေထိုင်လေ့ ရှိကြပါတယ်။ သူတို့တွေဟာ ခေတ်ပေါ် အသုံးအဆေင်တွေ မက်မောလေ့မရှိဘဲ နေထိုင်စားသောက်မှုမှာလည်း ရိုးရိုး ရှင်းရှင်းပဲ နေထိုင်ကြပါတယ်။ သီဆို တီးမှုတ်တာ ၀ါသနာပါကြသလို သဘာဝအတိုင်း ရရှိတဲ့ပစ္စည်းတွေကို အခြေခံပြီး တူရိယာ ပစ္စည်းတွေ ပြုလုပ်တတ်ကြပါတယ်။ ဗူးခါးသီးခြောက်၊ ၀ါးလုံး၊ အုန်းမှုတ်ခွက် စတာတွေကို အခြေခံပြီး ဘူးသီးခြောက် တံပိုး၊ ၀ါးပုလွေ၊ ၀ါးစောင်း၊ အုန်းမှုတ် တယောစတဲ့ လေမှုတ် ကြိုးတပ်တူရိယာတွေ၊ ဗုံ၊ မောင်း၊ ကြေးဗန်း၊ လင်ကွင်းစတဲ့ တီးခတ်ရတဲ့ တူရိယာတွေကို ပြုလုပ် တီးခတ်ကြပါတယ်။
“တူရိယာမှာ မောင်းလဲရှိတယ်၊ လင်းကွင်းလဲရှိတယ်၊ ဗုံလဲရှိတယ် တီးတဲ့ဟာတွေလေ။ ပထမဦးဆုံး ပွဲစမယ်ဆို ဗုံနဲ့ လင်းကွင်းနဲ့ ဒီပန်းကန်လောက်ရှိတဲ့ အ၀ိုင်းပြား ကြေးဗန်းကို အဲဒါတီးတယ်၊ ခေါက်တယ်။”
သူတို့တွေဟာ ဒီတူရိယာပစ္စည်းတွေကို ဘယ်လိုပြုလုပ်ကြသလဲ သူတို့ရဲ့ တေးသံစဉ်တွေ၊ အလင်္ကာတွေကို ဘယ်လို ဖွဲ့စည်းကြသလဲ၊ ဘယ်လိုအချိန်မှာ ဘယ်လိုတေးသီချင်းမျိုးတွေကို သီဆိုကြသလဲ စတာတွေကို မြိုလူမျိုး တေးအလင်္ကာဖွဲ့နွဲ့ သီဆိုသူတွေကို တွေ့ဆုံမေးမြန်းပြီးတင်ပြပေးပါမယ်။
မြို လူမျိုးတို့ဟာ ပွဲလမ်း သဘင်ကျင်းပတဲ့အခါ၊ မင်္ဂလာအခမ်းအနားတွေ ကျင်းပတဲ့အခါ တူရိယာအစုံကို တီးမှုတ်ပြီး တညလုံး တနေ့လုံး သီဆို ကခုန်လေ့ရှိကြပါတယ်။ လူငယ်တွေရဲ့ မေတ္တာရေးကိစ္စတွေ၊ သူငယ်ချင်း မိတ်ဆွေအချင်းချင်း အားလပ်ချိန် တွေ့ဆုံတဲ့အချိန်တွေ၊ ကလေးကင်ပွန်းတပ် အချိန်တွေဆိုရင်တော့ တူရိယာ တစ်မျိုးမျိုးကို တီးခတ်ပြီးသီဆိုကြသလို တစ်ညလုံး ၀ိုင်းဖွဲ့ကကြတဲ့ ကပွဲတွေဆိုရင်တော့ တူရိယာအစုံ တီးမှုတ် ကြပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးရွာမှာနေတဲ့ ဦးလင်မ်တွီး ကတူရိယာတွေ တီးမှုတ်တတ်သလို တေး အလင်္ကာတွေ ဖွဲ့နွဲသီဆိုတတ်သူတယောကပါ။ သူက မြိုလူမျိုးတို့ရဲ့ တူရိယာတွေကိုအခုလိုရှင်းပြပါတယ်။
“ပွဲစမယ်ဆိုတဲ့အခါ ဘိုးအကြီးနဲ့ မှုတ်တယ်။ ပွဲမှာမိုးလင်းမယ် အရုံအထိဆိုတဲ့အခါ ဖက်ပြီးကကြတယ် အဲ့ဒီအခါ တမျိုးမှုတ်တယ်။ သီချင်းဆိုတယ်။ မိန်းကလေးတွေနဲ့ ဖက်ပြီးကတယ်။ အဲ့ဒီမှာမှုတ်ရတာ တမျိုးရှိတယ်။ နောက်တခုကမိန်းကလေးအပျိုနဲ့ စကားပြောတယ်၊ လည်တယ်၊ ကျွန်တော်တို့ မြိုတွေက အိမ်တအိမ်မှာ သီချင်းဆိုတယ် အဲ့ဒီခါတော့ စောင်းနဲ့ တီးတယ်။ တယောနဲ့တီးတယ်၊ သီချင်းဆိုတယ်။ နောက်တမျိုးက ပုလွေ။ အဲ့ဒါတွေရှိတယ်။”
တူရိယာတွေထဲမှာ အရေးပါတဲ့ တူရိယာတခုကတော့ ဗူးသီးခြောက်နဲ့ ၀ါးလုံးလေးတွေကို တပ်ဆင်ပြုလုပ်ရတဲ့ ဗူးသီး ခြောက်တံပိုးပဲ ဖြစ်ပါတယ်။ မြိုလူမျိုးတွေကတော့ ဘိုးလို့ ခေါ်ကြပါတယ်။ ဘိုး ကြီး၊ ဘိုးငယ်၊ အရွယ်အစား အမျိုးမျိုး ပြုလုပ်ပြီး အသံအနိမ့်အမြင့် ဖန်တီးတတ်ကြပါတယ်။ ဘိုးလုပ်မယ့် ဘူးခါးသီးတွေကို ယာမှာ စိုက်ပျိုးထားရပါတယ်။ ဘူးခါးသီးတွေ ရင့်မှည့်ပြီး ခြောက်တဲ့အထိ ထားပြီးမှ အထဲက အစေ့ကို အညှာဖြတ် ထုတ်ယူပြီး အလုံးအတိုင်း ကျန်တဲ့ အသီးကိုသုံးရတာပါ။ လေမှုတ်တံအတွက်တော့ ခရိုင်ဝါးလုံးလေးတွေ သုံးရပါတယ်။ ဗူးခါးသီးခြောက်ရဲ့ ကိုယ်ထည်မှာ ၀ါးလုံးထည့်သွင်းနိုင်တဲ့ အပေါက်တွေ ဖောက်၊ ၀ါးလုံးလေးတွေ ထိုးစိုက်ပြီးဘူးသီးခြောက်ရဲ့ အညှာဘက်ကိုလေမှုတ်ပေါက်အဖြစ် ထားရပါတယ်။ ၀ါးလုံးလေးတွေမှာတော့ အသံမြည်ဖို့ အခင်လို့ခေါ်တဲ့ လျှာချပ်လေးတွေထည့်ရပြီး၊ သံစဉ်ကိုဖော်ဖို့ အတွက်တော့ အပေါက်လေးတွေကို လေးခု၊ ခြောက်ခု၊ လုပ်ထားရပါတယ်။ လေလုံဖို့အတွက် ၀ါးတံစိုက်တဲ့ အပေါက်နေရာတွေကို ပျားဖယောင်းနဲ့ ပိတ်ရပါတယ်။လေကိုမှုတ်သွင်းတာ၊ စုပ်ယူတာ လုပ်တဲ့အချိန်မှာပဲ ဘယ်ညာလက်ချောင်းတွေနဲ့ ၀ါးလုံးလေးတွေရဲ့ အပေါက်ကို အပိတ်အဖွင့်လုပ်တဲ့အခါ ဘိုးတူရိယာရဲ့ ငြင်သာတဲ့ ဂီတသံထွက်ပေါ်လာပါတယ်။
“ဘူးတောင်းနဲ့ ၀ါးတိုင်ကို စိုက်ပြီးတော့ ဘိုးကြီးက နှစ်လုံးနဲ့ လေးလုံး၊ အငယ်၊ အကြီးအလတ်၊ အဲ့ဒါမျိုးပါတယ်။ ကိုးလုံးခုနစ်လုံးခြောက်လုံးမှာကျတော့လဲကိုယ့်အသံနဲ့ ကိုယ်ထွက်တယ်။ အသံက အပေါက်ကလာတာကိုး၊ တိုင်လဲအတိုအရှည်ရှိတယ်။”
ရွာတရွာမှာကပွဲတွေလိုပွဲတွေစီစဉ်တဲ့အခါရွာကိုဖိတ်ကြားထားတဲ့ တခြားရွာတွေကလည်းကိုယ့်ရွာအလိုက် တူရိယာပစ္စည်းအစုံကိုတပါတည်းယူဆောင်လာကြရပါတယ်။ ပွဲကျင်းပမယ့် ရွာကို မရောက်ခင်ကတည်းက တူရိယာ အသံတွေကို သံစုံ တီးမှုတ်ပြီး လာရောက်တဲ့ အကြောင်းကို အိမ်ရှင်တွေကို အသိပေးလေ့ရှိပါတယ်။ ကပွဲကို ရောက်တဲ့အခါ တရွာနဲ့ တရွာအပြိုင်အဆိုင် တီးမှုတ်ပြီး ကပွဲကို တညလုံး ဆိုကြကကြပါတော့တယ်။
“ပြီးတော့ ဘိုးကြီးကို က ရတယ်။ ဘိုးကြီးကတော့ တစ်ရွာနဲ့ တစ်ရွာအပြိုင်အဆိုင်ပေါ့။ ကျွန်တော်တို့ ဗန်းဗွီးမှာပွဲလုပ်မယ်ဆိုတော့ တစ်ရွာလုံးကိုဖိတ်ကြားတယ်။ သူတို့ကလဲဘိုးနဲ့ ပြင်ဆင်လာရတယ်။ တစ်ယောက်နဲ့ တယောက် အပြိုင်အဆိုင်ပေါ့။ ဘယ်သူမကောင်းဘူးလဲ၊ ဘယ်သူကအသံမည်သလဲ။ စပီကာလို အသံချဲ့စက်လိုမျိုးလေ။”
နောက်ထပ် ၀ါးနဲ့ လုပ်တဲ့ တူရိယာတွေကတော့ ၀ါးစောင်းနဲ့ ၀ါးပုလွေတို့ပဲ ဖြစ်ပါတယ်။ ၀ါးစောင်းကို အချင်း လုံးပတ် သုံးလက်မလောက်ရှိတဲ့ ၀ါးလုံးကို သုံးပြီး မဒေးဝါးကို အသုံးများပါတယ်။ ၀ါးအဆစ် တစ်ဆစ် အရှည်ကို အဆစ်ပိတ်ဖြတ်ပြီး အလယ်မှာအသံထွက်နိုင်ဖို့ လေးလက်မအရွယ် လေးထောင့် အပေါက် တစ်ပေါက်ကို ဖောက်ထားရပါတယ်။ ၀ါးရဲ့ အကြောကိုမပြတ်ပဲ ကြိုးမျှင်ရအောင် ဆွဲထုတ်ရပါတယ်။ ရတဲ့ ၀ါးကြောစောင်းကြိုးကို အသံအနိမ့် အမြင့် ညှိဖို့အတွက်တော့ အထက် အောက် အရင်းမှာ ၀ါးနှီးထောက် အသေးလေးတွေ ထောက်ပြီးချိန်ရပါတယ်။ ဘယ်ဘယ် သုံးကြိုးအသံသုံးခု၊ ညာဘက် သုံးကြိုးအ သံသုံးခုကို လက်နှစ်ဖက်နဲ့ တလှည့်စီခတ်တဲ့အခါ ဂီတသံရပါတယ်။ စောင်းကိုတော့ အမျိုးသမီးတွေ အများဆုံး တီးခတ် ကြပါတယ်။ စောင်း၊ ဘိုး၊ တူရိယာအများစုကတော့ အသံခြောက်သံကိုအခြေခံပါတယ်။ ပုလွေကိုတော့ အပေါက်လေးပေါက်နဲ့ပဲ လုပ်ကြတယ်လို့ ဆိုပါတယ်။
“စောင်းကတော့ ဒီလောက် တဆစ်နဲ့ ရတယ်။ နှဲမှုတ်တာမျိုးစောင်းမှာလဲဒီလိုပဲ၊ ဘိုးမှာလဲ ဒီလိုပဲ ခြောက်ပေါက် ခြောက်သံပေါ့၊ ပုလွေကိုလဲ ၀ါးနဲ့ပဲလုပ်တယ်။ ၀ါးကို အပေါက်ဖောက်တယ် လေးပေါက်။ ပုလွေမှာတော့ လေးပေါက်ပဲလုပ်တယ်။”
“စောင်းမှာကျတော့ မိန်းကလေးပဲသုံးတယ်။ ပုလွေတို့၊ တယောတို့ကျတော့ ယောကျာ်းလေးပဲ သုံးတယ်။”
ကပွဲတွေမှာတော့ အမျိုးသားအမျိုးသမီးအတူတူလက်ချင်းယှက် ခါးကိုဖက်ပြီး ၀ိုင်းလှည့် ကကြရတာပါ။ အဲ့ဒီအချိန်မျိုးမှာ မိဘတွေကလည်း သဘောမတူတဲ့သူနဲ့ တွဲယှဉ်ကနေရင်တောင် မကန့်ကွက်ရပဲ ခွင့်ပြု ပေးရတယ်လို့ ဆိုပါတယ်။ အမျိုးသားအမျိုးသမီး အပြန်အလှန် စောင်းချိတ်သီချင်းဆိုတာ၊ ချစ်မေတ္တာကို ဖော်ကျူးတဲ့ သီချင်းတွေသီဆိုတာ၊ အပြန်အလှန် စကားနိုင်လုတဲ့ သီချင်းတွေ၊ ပဟေဠိ ၀ှက်၊ စကားထားဝှက်တဲ့ သီချင်းတွေဆိုကြတယ်လို့ ဦးလင်မ်တွီးက ရှင်းပြပါတယ်။
“ကျွန်တော်က သီချင်းနဲ့ မင်းရဲ့ အဖေအမေကငါတို့ကိုသဘောမတူဘူး။ ဆူမယ်၊ ဆဲမယ်၊ တုတ်နဲ့ ရိုက်မယ်၊ မင်းခံနိုင်မလား… အဲလိုမျိုး ကျွန်တော်ကသီချင်းနဲ့ ကိုယ့် ရိုးရာသီချင်းနဲ့ ဆိုရင်တော့ ဟာ…. ခိုးရာ လိုက်လာမှာပဲ….. မစိုးရိမ်ပါနဲ့ အကိုရယ် ကျွန်မအဖေအမေကလောကမှာဘယ်သူနဲ့မှ သဘောတူမယ် မထင်ဘူး။ ဒါပေမယ့် အဖေအမေသဘောမတူရင်တော့ ဘ၀မှာ ဘယ်လိုပေါင်းသင်းရမလဲ၊ အကိုလျှောက်တဲ့ လမ်း သေချင်လဲသေပါစေ၊ အကိုအပင်ပေါ်က ပြုတ်ကျရင် အဲ့ဒီအပင် ကျွန်မခုတ်လိုက်မယ်၊ အကိုရေနစ်ရင်လဲ အဲ့ဒီရေအိုင်ကိုကုန်အောင် ခပ်ပစ်လိုက်မယ် …… အဲလိုဆိုကြတယ်လေ။”
မြိုလူမျိုးတို့ရဲ့ ဓလေ့ထုံးစံအရအရွယ်ရောက်တဲ့ သမီးမိန်းကလေးတွေဟာ နီးစပ်ခင်မရာ အချင်းချင်းစုပြီး အိမ်တအိမ်မှာ စုပြီးညအိပ်လေ့ရှိကြပါတယ်။ အဲ့ဒီအချိန်မှာ ကာလသားလူပျိုတွေ လာရောက် လည်ပတ်ကြပြီး မိဘရဲ့ ခွင့်ပြုချက်ရတဲ့အခါ အိမ်မှာစကားပြောခွင့်၊ တေးသီချင်းတွေ သီဆိုခွင့်ရှိကြပါတယ်။ ညနေပိုင်း အလုပ် အားလပ်တဲ့ အချိန်ဆိုရင်တော့ ၀ါးစောင်းသံ၊ အုန်းမှုတ်တယောသံ၊ ပလွေသံတွေ၊ အပြန်အလှန် စောင်းချိတ် သီဆိုသံတွေ၊ မေတ္တာဖွဲ့ တေးသီချင်းသံတွေနဲ့ ပျော်စရာဖြစ်နေပါတယ်။ မိန်းကလေးအချင်းချင်း စုဝေးပြီးတော့လဲ ကိုယ့်စိတ်ထဲမှာခံစားရတဲ့ အချစ်၊ အလွမ်း၊ အဆွေး၊ ပျော်စရာတွေ အကြောင်း လက်တန်းဖွဲ့ဆိုပြီး သီဆိုလေ့ရှိပါတယ်။ ဒီလိုသီဆိုကြတဲ့အခါလဲ အပျို၊ လူပျို မှ မဟုတ်ဘဲ အိမ်ထောင်သည်တွေ လူလတ် လူကြီးတွေလဲသီဆိုတတ်ကြတယ်လို့ မြိုတိုင်းရင်းသူမဆာပါရ်ကပြောပါတယ်။
“အလိုလိုပေါ်လာတာပဲသူများဆီမှာသင်စရာမလိုဘူးလေအဲ့ဒါ ပျော်တဲ့အချိန်မှာထွက်လာတဲ့ အသံရှိတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ ခံစားချက်ရှိတဲ့အခါမှာထွက်လာတဲ့ သီချင်းသံဆိုကိုယ်ရဲ့ ရင်ထဲက ပေါက်ထွက်လာတဲ့ အသံပဲအဲ့ဒါ။ သင်ဖို့မလိုဘူး။ အခုအချိန်လောက်ဆိုရင် ကျွန်မတို့ တခါတလေ အမျိုးသမီးအဖွဲ့တွေ လူကြီးတွေပဲဖြစ်ဖြစ် ငါတို့ အမေတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ တခါတလေ ဆိုကြတယ်။ အားပေးသီချင်းလေးတွေ ဆိုကြတယ်။”
ဒေါ်မဖြူကတော့ အခုဆိုအသက် ၆၅နှစ်ကျော်နေပါပြီ။ သူတို့ ငယ်ရွယ်စဉ်ကတော့ ဗန်းဗွီးရွာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးရာအတီးအမှုတ်တွေနဲ့ စည်ကားခဲ့ပါသေးတယ်။ သူတို့ ငယ်စဉ်ကရွာမှာဂီတသံစဉ်တွေနဲ့ ဘယ်လိုပျော်စရာကောင်းခဲ့တယ်ဆိုတာကို မှတ်မှတ်ရရပြောပြပါသေးတယ်။
“လထိန်ထိန်သာနေပြီဆိုရင် အပျို လူပျို လည်ကြတယ်။ ဒီဘက်ရွာကဟိုဘက်ရွာကလည်ကြတယ်။ ပျော်ပျော်ပါးပါးပဲ။ အဲ့ဒီမှာစောင်းတွေတီးလို့ အဲ့ဒီအချိန်ကစောင်းတီးတယ်ဆိုရင် ပျော်စရာပဲ။ အခုလို သေးသေးမွှားမွှား မဟုတ်ဘူး။ တခါတလေမိုးလင်းချင်းလင်းသွားတယ်။ တခါတလေသန်းခေါင်ကျော်တယ်။ ငါတို့က အိပ်ချင်ပြီ ကိုယ့်အိမ်ကိုယ် ပြန်ကြတော့လို့ ပြောရတယ်။ အဲ့လိုအလည်လာကြရင်လဲ မိဘတွေကမပြောကြပါဘူး။ ခွင့်ပြုထားပြီးသား။”
ဦးလင်မ်တွီးက တေးအလင်္ကာသီဖွဲ့တာကောင်းသူဖြစ်သလိုတူရိယာအစုံလည်းတီးမှုတ်တတ်သူပါ။ အခု သူ့အသက် ၇၀ ကျော်လာခဲ့ပါပြီ။ သူငယ်စဉ်ကရွာမှာဘယ်လောက်အထိဆိုခဲ့၊ တီးခဲ့၊ ကခဲ့သလဲဆိုတာတွေကို အခုအချိန်အထိ မှတ်မှတ်ရရရှိနေတယ်လို့ ပြောပါတယ်။
“ကျွန်တော်က သရုပ်ဆောင်ပေါ့။ မင်းသားလေ၊ ပြောမယ်ဆိုရင်တော့ အဲ့ဒါ မပါရင်မဖြစ်ဘူး။ ကျွန်တော်တို့က အပျော်ကြဆုံးပဲအဲ့ဒီအချိန်မှာ။ ဘာမှမစဉ်းစားဘူး။ ပျော်မယ်၊ ကမယ်၊ ဆိုမယ်၊ ကိုယ် နေချင်သလိုနေတယ်လေလွတ်လပ်ရေးပေါ့။”
အခုအချိန်မှာတော့ ဗန်းဗွီးရွာလေးမှာစောင်းတီးသံတွေအစား၊ ဂီတာသံတွေ၊ ဘိုးမှုတ်သံတွေ တီးခတ်သံတွေ အစား ခေတ်ပေါ် MTV ဇာတ်လမ်းတွေက နေရာယူလာကြပါပြီ။ ဒါပေမယ့် မြို့နဲ့ အလှမ်းဝေးတဲ့ မြိုရွာတွေမှာတော့ ဒီလိုတီးမှုတ်သီဆိုသံတွေ ကြားနေရဆဲပါ။
” နွားထိုးပွဲအချိန်မှာပဲ အဲ့ဒီဘိုးမှုတ်တဲ့ အသံတွေကြားရတာ။ အခုခေတ် ကလေးတွေကတော့ မသိကြဘူးလေ။ သူတို့ တတ်လဲမတတ်ဘူး။ ဘာမှလဲမသိကြဘူး။ ဗွီဒီယိုပဲဂစ်တာပဲ၊ အဲ့ဒါနဲ့ပဲကိုယ်ရိုးရာတွေ ဘာမှသူတို့မသိကြတော့ဘူး။”
ဦးလင်မ်တွီးကတော့ သူ့လက်ထဲကဘိုးကိုကိုင်ထားရင်း အနားက ထွက်ပေါ်နေတဲ့ စောင်းသံကို နားထောင်ရင်း သူ့ဆန္ဒကို တဖွဖွပြောနေပါသေးတယ်။
“အဲ့ဒါကြောင့်ပဲ ကျွန်တော်ဆုတောင်းတယ် … အို … ဘုရား….. ထာဝရဘုရား …… ကျွန်တော် မြို လူမျိုးပဲ ဖြစ်စေချင်တယ်။ ကျွန်တော်တို့ နောင်ဘ၀မှာလဲ။ ပျော်စရာကောင်းတယ် အဲ့ဒါ ကျွန်တော် ဖြစ်စေချင်တယ် လောကမှာဆိုပြီးတော့ ဆုတောင်းတယ်။”
781 total views, 1 views today