ထူး – အာရ်ကန်ရိုးမ (စစ်တွေ)
မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်ရေးအတွက် အဆိုပြုလွှာ မူကြမ်းကို စက်တင်ဘာလအစောပိုင်းကပဲ တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပေးပို့လွှာဟာ ပြင်သစ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးထံမှတဆင့် ကမ္ဘာ့အမွေအနှစ်ကော်မတီထံ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ကတည်းက တင်သွင်းဖို့စီစဉ်ခဲ့တဲ့ ဒီအဆိုပြုလွှာကို နယ်မြေဒေသအခက်အခဲတွေကြောင့် ရပ်တန့်ထားခဲ့ရပေမယ့် လက်ရှိမှာတော့ ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ပြီး အချောသတ်လွှာကိုတော့ လာမယ့် ၂၀၂၂ အစောပိုင်း ဇန်နဝါရီလအတွင်းမှာ ပေးပို့ရမှာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ယူနက်စ်ကို တာဝန်ရှိသူတွေအနေနဲ့ တရားဝင်အကြောင်းကြားပြီးဖြစ်စေ၊ ရှောင်တခင်ဖြစ်စေ လာရောက်ကာ ကွင်းဆင်းစစ်ဆေးမှာဖြစ်ပြီး ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်မှု ရှိ၊ မရှိကိုတော့ ၂၀၂၃ ခုနှစ်မှာ ကြေညာမှာ ဖြစ်ပါတယ်။
မြောက်ဦးမှာရှိတဲ့ ဘိုးဘွားယဉ်ကျေးမှုအခံဟာ ကောင်းမွန်တဲ့အတွက် ယူနက်စက်ကိုကနေ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ရေးအတွက် အလားအလာကောင်းတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန၊ မြောက်ဦးဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောပါတယ်။
“အလားအလာကတော့ အင်မတန်မှ ကောင်းတဲ့မျိုးပါ။ အခင်းအကျင်းက တကယ့်ကို ဗင်းနစ်မြို့တို့လို။ သူရဲ့ Criteria တွေထဲမှာ ယဉ်ကျေးမှုအခံက တော်တော်လေးကို ကောင်းတယ်။ ကာကွယ်ရေးစနစ်အနေနဲ့ နိုင်ငံတော်အနေနဲ့ ထူထောင်ခဲ့တဲ့ စီပွားရေးလုပ်ငန်းတွေ၊ စစ်ရေးကာကွယ်ရေး လုပ်ငန်းတွေ၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေ၊ အဲဒါတွေက အင်မတန်မှ ထူးခြားတဲ့ လက္ခဏာတွေပေါ့။ ရေအသုံးချမှုတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေ အဲဒါတွေကလည်း အင်မတန်မှထူးခြားတဲ့ တန်ဖိုးလက္ခဏာတွေပါ။ နောက်ပြီးတော့ အဲဒီခေတ်မှာ အသုံးပြုခဲ့တဲ့ ခံတပ်တွေလုပ်ခဲ့တဲ့ ပညာရပ်တွေ၊ သာသနိကပိုင်းအနေနဲ့ဆိုရင်လည်း ကျောင်းတွေလုပ်ထားတဲ့ ရှေးဟောင်းအဆောက်အအုံတွေဆိုရင်လည်း လက်ရာက အတော်လေးကောင်းပါတယ်။ ရှားပါတယ်။ ကျောက်ဆစ်လက်ရာဆိုလို့ မြောက်ဦးမှာပဲ ရှိပါတယ်။ အဲဒါတွေက စံထားရတဲ့ အင်မတန်မှ ကောင်းမွန်သော အမွေအနှစ်တွေပါ။ ဒီအမွေအနှစ်တွေကြောင့် အားလုံးကလည်း စိတ်ဝင်စားပါတယ်။ ယဉ်ကျေးမှုအပေါ်မှာ စိတ်ဝင်စားတဲ့ လူတွေပေါ့နော်။ အဲဒါကတော့ တကယ့်ကိုပဲ စံရှားပါတယ်။ အဲဒါတွေကို ထိန်းသိမ်းဖို့ရာ ကျနော်တို့က ဆောင်ရွက်ပေးနေတယ်။”
နိုင်ငံအသိမှတ်ပြုအဆင့်ကနေ ကမ္ဘာကအသိမှတ်ပြုတဲ့အဆင့်ဝင်လာရင် မြောက်ဦးဒေသကို ယခင်ကထက် နိုင်ငံခြားခရီးသွားတွေ ဝင်ရောက်မှုများပြားလာခြင်းနဲ့အတူ ဒေသစီးပွားရေး၊ လမ်းပမ်းဆက်သွယ်ရေးနဲ့ သာယာလှပရေး၊ ရိုးရာလက်မှုပညာစသည့် ကဏ္ဍပေါင်းစုံမှာ တိုးတက်လာရုံသာမက နိုင်ငံတကာ ပညာရှင်တွေရဲ့ အထောက်အပံ့တွေလည်းတိုးလာမှာ ဖြစ်တယ်လို့ တတ်သိပညာရှင်တွေက ဆိုကြပါတယ်။
မြောက်ဦးဟာ မြန်မာနိုင်ငံရဲ့ အနောက်ဖက်မှာတည်ရှိပြီး ရခိုင်ပြည်နယ်ရဲ့ မြောက်အရပ်၌ တည်ရှိတဲ့ ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်ပါတယ်။ မြောက်ဦးမှာ ဝေသာလီ စင်္ဒမြင်းဆက်ဟာ ၄ ရာစုနှစ်က စပြီးအုပ်စိုးခဲ့တာလို့ သမိုင်းတွေအရ သိရပါတယ်။ အဲဒီမှာရှိတဲ့ ရှစ်သောင်းဘုရားမှာ တွေ့ရတဲ့ ခရစ် ၈ ရာစုဦးက အာနန္ဒစင်္ဒြကျောက်စာအရ အဲဒီမင်းဆက်ရဲ့ အစမှာ ဒေဝစင်္ဒလြို့ သိရပါတယ်။
သက္ကရာဇ် ၁၄၁၃ မှာ ရခိုင်ဘုရင် မင်းစောမွန်က ရခိုင်နိုင်ငံတော်ရဲ့ မြို့တော်အဖြစ် တည်ထောင်ခဲ့ပြီး ၁၇ ရာစုအလယ်မှာ မြို့တော်က ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေဗီးယား၊ ပါရှား၊ အိန္ဒိယနိုင်ငံတို့နဲ့ ကူးသန်းရောင်းဝယ်ဖောက်ကားခဲ့ပါတယ်။ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြား၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆင်စွယ်၊ ဟင်းခေတ်အမွေးအကြိုင်တွေကို ကူးသန်းခဲ့သလို တိုင်းတစ်ပါးသားတို့ကပါ အမှုထမ်းခဲ့ကြတယ်လို့ သမိုင်းတို့က ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ မြောက်ဦးမြို့တည်နှစ် ၅၉၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြောက်ဦးဒေသက ယဉ်ကျေးမှုအမွေအနှစ်တချို့ဖြစ်တဲ့ တောင်တွေကို ဘတ်ဟိုးနဲ့ဖြိုဖျက်ပြီး မြေရောင်းတာ၊ တချို့နေရာတွေမှာ ကျူးကျော်ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ဆောက်လုပ်တာ၊ ရှိတယ်လို့ သိရပါတယ်။
ဒီလုပ်ရပ်တွေဟာ ယူနက်စ်ကိုစာရင်းဝင်ရေးကို အဟန့်အတားဖြစ်စေရုံမက သမိုင်းဝင်ယဉ်ကျေးမှုတွေကိုပါ နောင်တချိန်မှာ မြောက်ဦးအတွင်း သမိုင်းအမွေအနှစ်တွေရှိခဲ့တယ်ဆိုတာကို သက်သေပြစရာ မကျန်တော့အောင် ဖြစ်သွားနိုင်တယ်လို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။
မြောက်ဦးရှေဟောင်းယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဒေါ်ခင်သန်းက “သမိုင်းအမွေအနှစ် ပျောက်လာတာ။ အဟန့်အတားက။ ယူနက်စ်ကိုလောက်ကို မသွားနဲ့ဦး နောင်တချိန်ရဲ့ သမိုင်းကြောင်းကို ပြဖို့၊ ပြောဖို့တောင် မကျန်တော့ဘူး။ ဒီတောင်တစ်လုံးပျောက်သွားရင် ဒီတောင်တစ်လုံးဟာ ဒီနေရာမှာ ဒီလိုရှိခဲ့တယ်။ ကာကွယ်ရေးအတွက်လို့။ ပြဖို့တောင် မပြောနိုင်ဘူး။ ဂူဂဲလ်မြေပုံကပဲ ဘယ်နှစ်ကတော့ ရှိခဲ့တယ်။ ဘယ်နှစ်မှာတော့ မကျန်တော့ဘူး။ ရှက်ဖို့ကောင်းတယ်။ ကိုယ်တို့လူမျိုးတွေ မထိန်းသိမ်းတာကြောင့်ပေါ့။”လို့ ပြောပါတယ်။
မြောက်ဦးခေတ် အထွတ်အထိပ်ကာလရောက်ချိန်မှာ ဒါကာနဲ့ စစ်တကောင်းအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ရဲ့ တစ်ဝက်၊ ယခုလက်ရှိ ရခိုင်ပြည်နယ်နဲ့ မြန်မာပြည် အောက်ပိုင်းတစ်ခွင်ထိ အာဏာစက် သက်ရောက်ခဲ့တဲ့ အုပ်ချုပ်ရေးမြို့ဖြစ်ခဲ့ပါတယ်။
အဲဒီခေတ်မှာ ရခိုင်ဘုရင်တို့က ရခိုင်စကားလုံး အာရဗီစကားလုံးနဲ့ ဘင်္ဂလီစကားလုံးတွေပါဝင်တဲ့ ဒင်္ဂါးတွေကို ရိုက်နှိပ်သုံးစွဲခဲ့ကြကာ မြောက်ဦးမှာ ဘုရားပုထိုးတွေနဲ့ သာသနိက အဆောက်အဦများစွာ တည်ဆောက်ခဲ့ကြပါတယ်။
ထင်ရှားတဲ့ စေတီပုထိုးမှာ သျှစ်သောင်းပုထိုးတော်ကြီးဖြစ်ပြီး ဆင်းတုတော် ၈၀၀၀၀ တည်ထားပါတယ်။ ထုက္ကံသိမ်နဲ့ ကိုးသောင်းပုထိုးတော်ကြီး၊ မာန်ငါးပါးစေတီပုထိုးများသည် ယနေ့တိုင် ကမ္ဘာ့ခရီးသွားတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေဆဲဖြစ်ပါတယ်။
ရှေးအခါက ရခိုင်မင်းအဆက်ဆက်တို့ နန်းစိုက်ခဲ့ရာမြို့တော်မှာ ယနေ့တိုင် တွေ့မြင်နိုင်တဲ့ ရှေးအတိတ်က ကောင်းစားခဲ့ပုံတို့ကို သက်သေ သမိုင်းအမွေတစ်ခုလို ထင်ရှားရှိနေဆဲဖြစ်ရာ ဒီဒေသကို ရခိုင်တို့က ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် မှတ်တမ်းရှိစေချင်နေကြပြီး သမိုင်းတို့ တည်တံ့နိုင်မယ်လို့ ယုံကြည်နေကြတာလည်း ဖြစ်ပါတယ်။
764 total views, 2 views today