ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အသက် (၂) နှစ်ကျော်အရွယ် အငယ်ဆုံးသားလေး သေနတ်ပစ်တမ်း ဆော့ကစားတိုင်း ဒေါ်လှသန်းညွှန့်ရင်ထဲ စိုးတထိတ်ထိတ် ဖြစ်နေရသည်။ သို့ရာတွင် ယင်းသို့ ဆော့ရလျှင် ပျော်နေတတ်သည့် ဖတဆိုးသားလေး၏ အပြုံးကလေး ပျက်ပြယ်သွားမည်စိုး၍ ဘာမျှမပြောတော့။

ယင်းသားငယ်သည် ဒေါ်လှသန်းညွှန့်၏ အမျိုးသား မသေဆုံးမှီ နောက်ဆုံးချန်ထားရစ်ခဲ့သည့် ရင်သွေးလေး မဟုတ်လား။ အမျိုးသား သေဆုံးစဉ်တွင် ကိုယ်ဝန်လစီးဖြင့် ကျန်ရစ်ခဲ့ရပြီး အရွယ်မရောက်သေးသည့် သားနှစ်ဦးနှင့် အတူ အမျိုးမျိုးသော အခက်အခဲများကို အံကြိတ်ခံခဲ့ရသည်။

“သူက ဒဏ်ရာကြီးတယ်။ နောက်ကျောမှာ တစ်ချက်၊ ဝမ်းဗိုက်မှာ တစ်ချက်။ ဒဏ်ရာ နှစ်ချက်ပါ။ ကျွန်မလည်း ဗိုက်နာလို့ ဆေးရုံမှာ မနေခဲ့ဘူး။ ကလေးမွေးတော့မှာလား မသိဘူး ဆိုပြီးတော့ ရွာ ပြန်လာခဲ့တယ်။ သူ့ အန်တီတို့နဲ့ ချန်ထားခဲ့တယ်။ သူ ဆုံးတော့မယ့် အချိန်မှာလည်း ကျွန်မ သူ့အနား ရှိမနေခဲ့ဘူး။”ဟု အမျိုးသားသေဆုံးစဉ်က အဖြစ်အပျက်ကို ဒေါ်လှသန်းညွှန့်က ပြောပြရင်း မျက်လွှာတို့၌ မျက်ရည်ဥတို့ တွဲခိုလာကြသည်။

ယင်းနေ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်။

ဒေါ်လှသန်းညွှန့်တို့ နေထိုင်သည့် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသို့ တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ချလာပြီး ကျေးရွာအတွင်းမှ အသက်(၁၀)နှစ်နှင့်အထက် အမျိုးသားအားလုံး စာသင်ကျောင်းသို့ အရောက်လာရန်နှင့် မလာပါက အေအေအဖွဲ့ဝင်ဟု သတ်မှတ်မည်ဖြစ်ကြောင်း ဆင့်ခေါ်သည်။

စာသင်ကျောင်းသို့ ရောက်ရှိလာကြသော ကလေးမှအစ အသက် (၆၀) ကျော်အထိ လူပေါင်း ၂၇၅ ဦးပါသော လူအုပ်ကို စစ်ဆေးပြီးနောက် အိမ်ထောင်စုစာရင်းပါ လူဦးရေနှင့် ရောက်ရှိလာသူ ဦးရေ မမျှဆိုသည့် အကြောင်းပြချက်ဖြင့် ရွာသားများကို ပထမတစ်ညပိတ်လှောင်ခဲ့သည်။

ဒေါ်လှသန်းညွှန်တို့ မိသားစုကို သေကွဲကွဲစေခဲ့သော ရင်နင့်ဖွယ် အဖြစ်အပျက်က ဒုတိယညမှာ စတင်လာ တော့သည်။ မေလ ၁ ရက်နေ့ည၊ မေလ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဖြစ်သည်။ တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးထားသော ရွာခံ အမျိုးသားအုပ်မှ စိတ်မနှံ့သူတစ်ဦးက ထဖောက်သည်။

‘ပြေးကြ၊ ပြေးကြ’ဆိုသည့် ဟစ်အော်သံနှင့်အတူ လက်နက်ကြီး၊ ငယ်သံများ တရစပ်ထွက်ပေါ်လာတော့သည်။ ဒေါ်လှသန်းညွှန့်လည်း ယင်းပစ်ခတ်သံများကို ကြားရသဖြင့် ညသန်းခေါင်တွင် ဖမ်းဆီးခံထားရသည့် အမျိုးသားအတွက် စိုးရိမ်းမကင်းဖြစ်နေခဲ့သည်။ မနက်မိုးအလင်းတွင် ကြားလိုက်ရသည့် သတင်းကို ဒေါ်လှသန်းညွှန့်က ပြောပြရင်း အသံတစ်ချက် အောင့်ခနဲဝင်သွားသည်။

“၂ ရက်စစ်ဆေးပြီးပြီ။ ၃ ရက်ထက်မှာ အရူးလေးတစ်ယောက်က ထွက်ပြေးတယ်တဲ့။ ‘ပြေးကြ၊ ပြေးကြ’လို့ အော်တယ်တဲ့။ အရူးလေး ထွက်ပြေးသွားတာနဲ့ အထဲကိုချည်းပဲ ပစ်လိုက်တယ်။ ကျွန်မ အမျိုးသားလည်း နေမကောင်းဘူး။ ဖျားလို့ အိပ်နေတယ်။ အဲဒီမှာ ထိသွားတာ။ ဒဏ်ရာရတာ ၈ ယောက်။ တခါတည်း သေသွားတာက ၆ ယောက်။ မနက်မိုးလင်းတော့ ဘုရားဒကာ တစ်ယောက်က လာပြောတာ။ ‘နင့်အိမ်ရှင် ဒဏ်ရာရထားတယ်’တဲ့။”

ထိုသတင်းကြားရသဖြင့် ကိုယ်ဝန်လစီးလွယ်ထားရသည့် ဒေါ်လှသန်းညွှန့် စာသင်ကျောင်းသို့ ချက်ချင်း လိုက်သွား သည်။ သို့ရာတွင် ဝင်ခွင့်မရသဖြင့် အရူးမီးဝိုင်းဖြစ်နေခဲ့ပြီး နေ့လည်တစ်နာရီခန့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ ရောက်ရှိလာပြီးချိန်မှ သေဆုံးသူ ရုပ်အလောင်းများကို ထုတ်ယူကာ ဒဏ်ရာ ရသူများကို ဆေးရုံတင်ခွင့်ရခဲ့သည်။

ဖြစ်စဉ်တွင် တပ်မတော်သားများ၏ ပစ်ခတ်မှုခံခဲ့ရသည့် ဒေါ်လှသန်းညွှန့်၏ အမျိုးသား ကိုလင်းကျော် အပါအဝင် ၈ ဦးဒဏ်ရာရခဲ့ပြီး ၆ ဦးမှာ အခင်းဖြစ်ရာတွင်ပင် သေဆုံးသွားခဲ့သည်။

တပ်မတော်ကမူ ရွာသားများ၏ ပြောဆိုချက်ကို ငြင်းဆိုခဲ့ပြီး ၎င်းတို့ ဖမ်းဆီးစစ်ဆေးနေသည့် လူအုပ်ထဲမှ သေနတ်လုကာ အကြမ်းဖက်သဖြင့် မိုးပေါ်ထောင်ပစ်ခဲ့ပြီး မနိုင်သည့်အခါမှ မတတ်သာ၍ ပစ်ခတ်လိုက်ရခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။

“အပြစ်မရှိဘဲ ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြတယ်။ ရင်ထဲမချိအောင် ခံစား ရပါတယ်။ အပြစ်ရှိလို့ သတ်ပစ်ခဲ့တယ်ဆိုရင် အကြောင်းမဟုတ်ဘူး။ ခုက ဘာအပြစ်မှလည်း မရှိဘဲနဲ့ သတ်ပစ်ခဲ့ကြတာ။”

ဒဏ်ရာရသူများအနက် ကိုလင်းကျော်သည် အပြင်းထန်ဆုံးဖြစ်ပြီး စစ်တွေဆေးရုံမှာ ကုသမှု ခံယူနေရာ ၁၂ ရက်မြောက်နေ့တွင် သေဆုံးသွားခြင်း ဖြစ်သည်။ မီးဖွားချိန်နီးနေပြီဖြစ်သည့် ဒေါ်လှသန်းညွှန့်သည် အမျိုးသားဖြစ်သူ၏ နောက်ဆုံးအချိန်တွင် ရှိမနေပေးနိုင်ခဲ့။

သင်္ဂြိုဟ်ရန် ရသေ့တောင်မြို့သို့ ယူဆောင်လာခဲ့ချိန်မှသာ ရုပ်အလောင်းကို ကြည့်မြင်ခွင့်ရခဲ့သည်။ အမျိုးသား နာရေး ပြီးစီးသွား၍ နောက် ၆ ရက်အကြာတွင် သေနတ်ဖြင့် ဆော့ကစားရန် ဝါသနာကြီးလွန်းသည့် ယခု အသက် (၂)နှစ် ကျော်အရွယ်ရှိ ကလေးငယ်ကို မိမိရွာတွင်ပင် မွေးဖွားခဲ့ရသည်ဟု ဆိုသည်။

ဒေါ်လှသန်းညွှန့်၏ ဒုက္ခက ယင်းလောက်နှင့် မပြီးသေး။ မီးဖွားပြီးခါစ အချိန်တွင်လည်း တိုက်ပွဲဖြစ်ခြင်း၊ တပ်မတော်က နယ်မြေရှင်းလင်းရေးပြုလုပ်ခြင်း စသည့်အကြောင့်အရာများကြောင့် တိမ်းရှောင်လိုက်၊ ပြန်လာလိုက်ဖြင့် နေခဲ့ရသည့် အကြိမ်ရေလည်း မနည်းလှ။ တောင့်မခံနိုင်တော့သည့် အဆုံး နေရပ်စွန့်ခွာကာ ရသေ့တောင်မြို့ပေါ်သို့ လာရောက်ခိုလှုံရန် ဆုံးဖြတ်လိုက်တော့သည်။

“ရသေ့တောင်မှာ အိမ်ရှင်နာရေးပြီးလို့ ကလေးမွေးပြီးလို့ ၄၊ ၅၊ ၆ ရက်နေပြီး ဆေးရုံက ထွက်လို့ ရွာကို ပြန်သွားတယ်။ ရွာမှာလည်း ပြေးလိုက်၊ သွားလိုက်နေတယ်။ လိုင်ဂွင်ဖက်ကို ပြေးတယ်။ လမုတိုင်ဖက်ကို ပြေးတယ်။ ဟိုဖက်မှာ အေးချမ်းရင် ဟိုဖက်ပြေးတယ်။ မအေးချမ်းရင် ပြန်လာတယ်။ အဲဒီလို နေခဲ့ရတယ်။”

လက်ရှိတွင် ၎င်းနည်းတူ ထွက်ပြေးလာကြသော ကျေးရွာပေါင်း ၂၁ ရွာမှ ဒုက္ခသည် ၈၀၀ ကျော်နှင့် အတူ ရသေ့တောင်မြို့ပေါ်မှ စေတီတောင်စစ်ဘေးရှောင်စခန်းတွင် နေထိုင်လျက်ရှိနေသည်။ လူမှုအဖွဲ့အစည်းများ နှင့် နိုင်ငံတကာ အဖွဲ့အစည်းမှ လှူဒါန်းသည့် ရိက္ခာများကြောင့် စားဝတ်နေရေးပြေလည်ရုံဆိုသော်လည်း ဆယ်တန်းတက်မည့် သားကြီးကိုမူ ကျောင်းမှ ထုတ်လိုက်ရသည်။

ရွာပြန်ချင်နေပြီဖြစ်သော်လည်း နို့စို့ကလေးငယ်အပါအဝင် အရွယ်မရောက်သေးသည့် သားသုံးဦးနှင့် ထပ်မံ ထွက်ပြေးရမည့် အခြေအနေကြုံရလျှင် ဒုက္ခကြုံရမည်ကို စိုးရိမ်နေသည်။ သို့ဖြစ်၍ စခန်းတွင်သာ ဆက်လက် နေထိုင်သွားမည်ဟု ဆိုသည်။

“ရွာမှာက လွတ်လပ်တဲ့သူတွေကနေကြတယ်။ ကျွန်မမှာက ကလေးငယ်နဲ့ ဆိုတော့ မနေရဲဘူး။ ထီးစွဲမှာလည်း သူတို့(စစ်သား)ရှိတယ်။ ဆောက်ခပ်မှာလည်း ရှိတယ်။” “ရွာမှာ နေလို့ရမယ် ဆိုရင် နေချင်တာပေါ့။ ဒီမှာက ငရဲကျနေသလိုပဲ။ သွား၊ လာမယ့်နေရာလည်း မရှိဘူး။ ကလေးတွေလည်း အခက်အခဲရှိပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အေအေနှင့် တပ်မတော်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲနောက်ဆက်တွဲ ကဏ္ဍများကြောင့် ထွက်ပြေးနေရသူ နှစ်သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး ယခုအချိန်တွင် တစ်သိန်းကျော်အထိ ရှိနေဆဲဖြစ်သည်။ ယင်းနှစ်နှစ်ကျော်ကြာခဲ့သော တိုက်ပွဲများအတွင်း ဒေါ်လှသန်းညွှန့်ကဲ့သို့ အမျိုးသား သတ်ဖြတ်ခံလိုက်ရခြင်း၊ ဖမ်းဆီးခံလိုက်ရခြင်း၊ ပျောက်ဆုံးနေခြင်းစသည့် ဖြစ်စဉ်များလည်း မရေမတွက် နိုင်အောင် ရှိခဲ့သည်။

အသက် (၃၈) နှစ် မပြည့်မှီက ဖြစ်သွားသော နှစ်နှစ်ကျော်ကြာပြီဖြစ်သည့် ဖြစ်ရပ်ကို အသက် (၄၀) ကျော်နေပြီဖြစ်သည့် ဒေါ်လှသန်းညွှန့်တစ်ယောက် မဖြစ်နိုင်မှန်းသိလျက်နှင့်ပင် အလျော်စားရလျှင် ပြန်လိုချင်နေမိတော့သည်။

“ဖြစ်နိုင်မယ်ဆိုရင် အစားပြန်လိုချင်တယ်။ တရားက သူတို့ လက်ထဲမှာ။ တရားစွဲလို့ ရမယ့်ဟာလည်း မဟုတ်ဘူး။ ကျွန်မက ရင်ထဲမှာလည်း မခံစားနိုင်ဘူး။”

 526 total views,  1 views today