ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒီတပါတ်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အများဆုံးနေထိုင်ကြတဲ့ ဒိုင်းနက် ခေါ်သက္ကမလူမျိုးတို့ရဲ့ အကြောင်းကို တင်ဆက်ပေးမှာပါ။ သူတို့က ဘာကြောင့် ဒိုင်းနက်လို့ ခေါ်တာလဲ၊ ဘယ်လို ဘာသာစကားကို ပြောကြသလဲ၊ ဘယ်လိုဆင်ယင်ထုံးဖွဲ့ကြသလဲဆိုတာ ပြောပြပေးမှာပါ။

သက္ကမလူမျိုးတွေဟာ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ချင်းပြည်နယ်ထဲက ပလက်ဝ မြို့နယ်တို့မှာ ပြန့်ကျဲနေထိုင်ကြပြီး အများစု ကတော့ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်ပါတယ်။

ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ အနုပညာယဉ်ကျေးမှုနဲ့ ရပ်တည်နေနိုင်ကြသူတွေဖြစ်ပြီး ကိုယ့် လူမျိုး အချင်းချင်း သက္ကမ လို့ ခေါ်ဆိုကြပေမယ့် တခြားတိုင်းရင်းသားတွေကတော့ သူတို့ကို ဒိုင်းနက် လို့ သိရှိကြပါတယ်။ တနိုင်ငံလုံးမှာ သက္ကမ တိုင်းရင်းသား လူဦးရေစုစုပေါင်းက သုံးသောင်းခန့်ပဲ ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ကိုယ့်အချင်းချင်းဆိုရင်တော့ သက္ကမလို့ခေါ်တယ်။ သက္ကမရဲ့ အဓိပ္ပါယ်က သကျ (သက်ကျ လို့ဖတ်ပါ) ဆိုတာ ပါဠိစကားဖြစ်ပါတယ်။ စွမ်းဆောင်နိုင်တဲ့လူ လို့ အဓိပ္ပါယ်ရပါတယ်။ သက္ကမ၊ ဆမ်ဂ်မ၊ ဆက္ကမ အဲ့လိုပြောကြပါတယ်။”

အခုလို ပြောပြသွားတာက မြောက်ဦးမြို့နယ် နန်းကျားကျေးရွာက အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာကြီး ဦးထွန်းလှအောင်ပါ။ ဒိုင်းနက်လို့ အမည်တွင်နေခဲ့တာကတော့ သမိုင်းအထောက်အထားတွေအရ ရခိုင်ဘုရင် မင်းထီးလက်ထက် အရှေ့သက်လို့ခေါ်တဲ့ သက္ကမတို့ရဲ့ မစ္စဂီရိဒေသကို သိမ်းယူပြီးတဲ့နောက် သက္ကမလူမျိုးတွေကို အမ်း ဒါးလက်ဘက်မှာ နယ်စားပေးပြီး အနက်ရောင်ဒိုင်းကိုအခွန်ပေးဆောင်စေခဲ့ရာက ဒိုင်းနက် လို့ခေါ်ကြသလို နောက်တမျိုး ဒိုင်းလက်နက်ကို ကျွမ်းကျင်တဲ့သူတွေဖြစ်တဲ့အတွက် ဒိုင်းနက် လို့ ခေါ်ဝေါ်သုံးစွဲခဲ့တာကစပြီး ဒိုင်းနက်လို့ အမည်တွင်လာခဲ့တာလို့ဆိုပါတယ်။

“ဒိုင်းအခွန်က ဘယ်လိုလဲဆိုတော့ အနက်ရောင်ပါ။ ဒိုင်းနက်ငွေခွန်ဖွဲ့ပြီး ဘုရင်မင်းထီးကို ဆက်သ ရတယ်။ အဲ့ဒီအချိန်ကစပြီး ရခိုင်သူ ရခိုင်သားတွေက ကျွန်တော်တို့ အရှေ့သက်လို့ခေါ်တဲ့ လူမျိုးတွေကို ဒိုင်းနက်ခေါ်ရာကနေလို့ ဒိုင်းနက်အဖြစ် ဆင်းသက်လာတယ်၊ အမည်ရလာတယ်လို့ သိရပါတယ်။”

သူတို့တွေရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ဘယ်လိုရှိလဲ၊ သူတို့ရဲ့ အမျိုးသား ဝတ်စုံတွေက ဘယ်လိုပုံစံလဲ၊ စတဲ့အကြောင်းအရာတွေကို သိရှိရဖို့ကို ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်ထဲမှာ နေထိုင်ကြတဲ့ သက္ကမ တိုင်းရင်းသားတွေကို တွေ့ဆုံပြီး လေ့လာတင်ပြပေးပါမယ်။

ဆရာကြီးဦးထွန်းလှအောင်က သက္ကမတို့ရဲ့ ဘာသာစကားဟာ အင်ဒိုဥရောပ အုပ်စုမှာပါဝင်ပြိး မဂဓဘာသာ၊ တနည်း ပါဠိဘာသာစကားကို ပြောဆိုကြတယ်လို့ ဆိုပါတယ်။ သက္ကမလူမျိုးတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရမ်ဂါမတီ စစ်တကောင်းတောင်တန်းဒေသ၊ အိန္ဒိယနိုင်ငံထဲက သြရာနတျာပရာဒေ့ရှ်၊ တြိပူရနဲ့ မီဇူရမ် ဒေသတွေမှာလဲ နေထိုင်ကြပြီး မြန်မာနိုင်ငံက သက္ကမတွေနဲ့ ကူးလူးဆက်ဆံမှု ရှိသလို ပြောဆိုတဲ့ဘာသာ စကားအသံ အနည်းငယ် ကွဲလွဲပေမယ့် အတူတူပဲ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

“လေသံ ကွဲတယ်ဆိုတာ မြန်မာမှာ နေတဲ့သူတွေက မြန်မာအသံနဲနဲ ရောတယ်။ ဘင်္ဂလားမှာ ကျတော့ ဘင်္ဂလားအသံနဲနဲ ရောတယ်။ အိန္ဒိယမှာတော့ ဟိန္ဒူစတန်နီနဲ့ အိုရဒူအသံ နဲနဲ ရောပါတယ်။ ဒါပေမယ့် မူရင်း စကားလုံးတွေ၊ ဝေါဟာရတွေကတော့ အားလုံး အတူတူပါပဲ။ အပြန်အလှန်ပြောလို့ ဆိုလို့လဲ ရပါတယ်။ မနှစ်ကတောင် အိန္ဒိယ တြိပူရက ဘုန်းကြီးတွေ ရောက်လာသေးတယ်။ သူတို့ရောက်တော့ ကျွန်တော်တို့နဲ့ အပြန်အလှန် အများကြီး ပြောလို့ရပါတယ်။ ဘာသာစကား လုံးဝတူနေလို့ ပြောလို့ရတဲ့သဘောပါ။”

သူတို့ရဲ့ ဝတ်စားဆင်ယင်မှုမှာတော့ အမျိုးသားတွေက အဖြူရောင်ကိုပဲ ဝတ်ဆင်ကြပြီး ခေါင်းပေါင်းအဖြူကို ဘယ်ဘက်အစချ၊ အင်္ကျီအဖြူနဲ့ ပုဆိုးအဖြူကို ခါးတောင်းကြိုက်ပုံစံ ဝတ်ဆင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဒီဝတ်စုံကို အခမ်းအနားတွေရှိတဲ့အခါမှပဲ ဝတ်ကြပါတော့တယ်။ အဖြူသက်သက် မဟုတ်တော့ပဲ အမျိုးသမီးတွေရဲ့ အဆင်အသွေးနဲ့ လိုက်ဖက်အောင် ဆင်တူပန်းကွက်ဖော်ပြီး ဂျာကင် အင်္ကျီပုံစံမျိုး ချုပ်လုပ် ဝတ်ဆင်လာကြတာလဲ ရှိပါတယ်။ ဆရာဦးထွန်းလှအောင်ကလည်း အဖြူကိုပဲ ယောကျာ်းတွေ ဝတ်တယ်လို့ သိရခဲ့ပေမယ့် ရိုးရာဝတ်စုံတွေ ပျောက်ကွယ်လာသလို အထောက်အထား မှတ်တမ်းတွေ မရနိုင်တဲ့အတွက် အဖြူဝတ်စုံအပြင် တခြားအဆင်တွေလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။

“တခြားဟာတွေလဲ ရှိချင်ရှိမှာပါ။ ရခိုင်လူမျိုးတွေမှာ အကွက်တွေဆင်ကြသလို ကျွန်တော်တို့မှာလည်း သူ့အရွယ်နဲ့သူ ရှိမှာပါ။ နေရာတိုင်းမှာ အဖြူဝတ်မယ်တော့ မဟုတ်ဘူး။ လူကြီးသူမတွေဝတ်တာကတော့ အဖြူပါပဲ။ ဆယ့်ခြောက်နှစ်သားလောက်ကတော့ အဖြူဝတ်မယ့်အရွယ်တော့ မဟုတ်သေးဘူး။ အဖြူဆိုတာက တကယ့်သူတော်စင်တွေပဲ ဝတ်တဲ့အဝတ်အစားလေ။”

အမျိုးသမီးတွေကတော့ ရင်ကပ်အင်္ကျီ၊ အပေါ်ရုံပုဝါနဲ့ ထဘီကို ဝတ်ဆင်ကြပါတယ်။

“အင်္ကျီကိုတော့ ဆာလုံမ် ခေါ်တယ်၊ ရင်စည်းကို ခါဒီ၊ ထဘီကို ပီ(န်)နီ၊ ပုဆိုးကို ဒူးတီ လို့ ခေါ်ပါတယ်။”

အသက် ၁၇ နှစ်အရွယ် ငွေခိုင်ဖြူကတော့ ရွာမှာပွဲလမ်းသဘင်ရှိတဲ့အခါမှ ရိုးရာဝတ်စုံလေးတွေ ဝတ်ခွင့်ရတဲ့ အတွက် ပျော်ရွှင်ရတယ်လို့  ပြောပါတယ်။

“ကိုယ့်ရိုးရာဝတ်စုံကို ဝတ်ရရင်ပျော်ပါတယ်။ ကျက်သရေရှိတယ်လို့ ထင်ပါတယ်။ ရှင်ပြုပွဲတို့၊ သင်္ကြန်ပွဲတို့၊ သီတင်းကျွတ်ပွဲတို့ဆိုရင်တော့ ဝတ်ကြပါတယ်။ အမြဲတမ်းတော့ မဝတ်ဖြစ်ဘူး။”

ထဘီကိုတော့ ဒူးဆစ်နားမှာ အရစ်တွေနဲ့ အဆင်ကို ခွဲခြားပြီး အသက်အရွယ်အလိုက် သတ်မှတ်တဲ့ အဆင်ကို ဝတ်ဆင်ရပါတယ်။ မိန်းကလေးတွေ ထဘီစပြီး ဝတ်ရတဲ့အရွယ်ကစလို့ အရစ်သုံးခုပါတဲ့ထဘီကို ဝတ်ရပြီး အိမ်ထောင်ပြုတဲ့အချိန်ဆိုရင် အရစ်ငါးခုပါတဲ့ ထဘီကို ဝတ်ရပါတယ်။ အရစ် ခုနစ်ခုနဲ့ ထဘီကတော့ အသက်ကြီးတဲ့ အဖွားအရွယ်တွေ ဝတ်ရတယ်လို့ ဆိုပါတယ်။ အရစ်တွေကို သတ်မှတ်တာကတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို အခြေခံပြီး ရတနာသုံးပါး၊ ငါးပါးသီလနဲ့ သူတော်ကောင်းတရား ခုနစ်ပါးကို အလေးထား စောင့်ထိန်းနိုင်ဖို့အတွက် ရည်ရွယ်တယ်လို့ ဦးထွန်းလှအောင်က ရှင်းပြပါတယ်။

“အိမ်ထောင် ဃရာဝါသ ကျတဲ့အခါ ငါးရစ် ဝတ်ရပါတယ်။ အိမ်ထောင်ကျသွားတဲ့အတွက် ကာမေသု မိစ္ဆာစာရကံ မထိုက်ရအောင် ငါးပါးသီလလုံရမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ ဝတ်တာပါ။ ဒါပေမယ့် အခု ကိုယ့်ထဘီတွေ ပုဆိုးတွေ မရှိတဲ့အခါ ဝတ်ချင်သလို ဝတ်နေကြတော့တာပေါ့။”

မသန်းသန်းမိုးက ဘူးသီးတောင်မြို့နယ် လောင်းချောင်းရွာမှာ နေထိုင်သူပါ။ သူက ရိုးရာဝတ်စုံတွေ နှစ်သက်လို့ စုဆောင်းထားပြီး အခါအခွင့်သင့်တိုင်း ဝတ်ဆင်လေ့ရှိပါတယ်။ သက္ကမ အမျိုးသမီးတွေက အနက်ရောင်၊ အနီရောင်ကို အခြေခံတဲ့ ခြည်ထည်ဝတ်စုံတွေကို ဝတ်ကြပါတယ်။ သူကတော့ ရိုးရာအဆင်တွေကို အခြေခံပြီး ခေတ်ကာလအလျှောက် ပေါ်လာတဲ့ ဝတ်စုံတွေကို နှစ်သက်တယ်လို့ ပြောပါတယ်။

“တခြားလူမျိုးတွေက ထဘီကိုချုပ်ပြီးတော့ ဝတ်တယ်။ ကျွန်မတို့ကတော့ မချုပ်ဘူး။ ခြုံလွှာကို ထဘီအနေနဲ့ ဝတ်တယ်။ ကိုယ်ဝတ်ချင်တဲ့ အင်္ကျီဝတ်လို့ရတယ်။ တံဘက်ကို ခြုံရတာပေါ့။ တံဘက်ခြုံတာလဲ အမျိုးမျိုးရှိတယ်။ စလွယ်လိုခြုံမလား၊ ဒါမှမဟုတ် ရင်စည်းမလားပေါ့။ ရခိုင်ပြည်နယ်အနေအထားနဲ့ဆိုတော့ အင်္ကျီကို ခါးပေါ်အောင်တော့ မဝတ်ကြဘူး။ အင်္ကျီရှည်လေးတွေ လက်ရှည်တွေ ဝတ်ကြတာပေါ့။”

မောင်လှရွှေက အဝေးသင်တက္ကသိုလ် ဒုတိယနှစ်တက်နေတဲ့ ကျောင်းသားတယောက်ဖြစ်ပြီး နန်းကျားရွာမှာ နေပါတယ်။ ရိုးရာဝတ်စုံလေးတွေ ဝတ်ချင်ပေမယ့် သူ့အတွက်တော့ အခက်အခဲဖြစ်နေရပါတယ်။ အဓိက အကြောင်းရင်းကတော့ ရှိတဲ့ဝတ်စုံနဲ့ လူဦးရေမမျှတဲ့အတွက် မဝတ်နိုင်ပဲ ဖြစ်နေရတာလို့ ဆိုပါတယ်။

“ဒီမှာကျတော့ တရွာကို ဝတ်စုံက ယောကျာ်းလေး ငါးစုံ မိန်းကလေးငါးစုံ အဲ့လောက်ပဲရှိတယ်။ ယက္ကန်းတို့ ဘာတို့ မရှိတော့ဘူး ပျောက်သွားပြီဆိုတော့ အဲ့လို ထုတ်မယ့်လူလဲ မရှိတော့ဘူး။ ဘင်္ဂလားဒေ့ရှ်တို့ အိန္ဒိယတို့ သူတို့ဆီက အလှူခံလို့ ရထားတယ်။ တတ်နိုင်ရင် ဝယ်ထားတာလဲ ရှိတယ်။ မဝတ်ဖြစ်တာကတော့ ဝတ်စုံမလုံလောက်လို့ပါ။”

တကယ်လဲ ဒီလိုဝတ်စုံတစုံရဖို့ သိပ်မလွယ်ပါဘူး။ ကိုယ်ပိုင်ဝယ်ယူထားချင်သူတွေကတော့ ငွေကြေး အမြောက်အများ သုံးစွဲရတဲ့အတွက် ဝတ်စုံအပြည့်အစုံ ဝယ်ယူနိုင်သူကလဲ နည်းပါးလွန်းနေပါသေးတယ်။ စစ်တွေ တက္ကသိုလ်မှာ ပညာသင်နေတဲ့ ကျောင်းသား ညီညီထွန်းက ဝတ်စုံတစုံရဲ့ တန်ဖိုးကို အခုလိုပြောပါတယ်။

“ယောကျာ်းလေးဝတ်တဲ့ ဂျာကင် (အပြင်စွပ်) တထည်ကို သုံးသောင်းခွဲက ငါးသောင်းလောက် ရှိတယ်။ ခြည်သားကောင်းရင် ကောင်းသလောက်ပေါ့။ အမျိုးသမီး ထဘီတတည်ကို သုံးသောင်း၊ တံဘက်တထည်ကို လေးသောင်း၊ သုံးသောင်းခွဲ၊ နောက်ပြီး ငွေသားတွေလဲ ပါမယ်ဆိုရင် အကုန် တသိန်းကျော်လောက် ပေါက်မယ်။”

သက္ကမ အမျိုးသမီးတွေက ငွေသားကိုပဲ အဆင်တန်ဆာအဖြစ် သုံးစွဲကြပြီး ငွေဘယက်၊ ငွေခါးစည်းကြိုး၊ လက်ကောက်နဲ့ ခြေကျင်းတွေကို ဆင်ယင်လေ့ရှိပါတယ်။ ရွှေကိုတော့ ဘာသာရေးအရ အထွဋ်တမြတ် သုံးစွဲ ကြတာဖြစ်လို့ ကိုယ်ခန္ဓာမှာ အလှဆင်ပစ္စည်းအနေနဲ့ မသုံးကြဘူးလို့ ပြောကြပါတယ်။ ဒီခေတ်မှာတော့ ငွေသား အဆင်တန်ဆာတွေ မရနိုင်တော့သလို တန်ဖိုးလဲ မြင့်လာတာကြောင့် ဆင်ယင်နိုင်တာမရှိတော့ပါဘူး။ တချို့ ကတော့ ငွေသားဈေးနှုန်းမြင့်လာတဲ့အတွက် အဆင်တန်ဆာတွေကို ရောင်းချလိုက်ကြတာကြောင့် ပျောက်ကွယ်သလို ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးတိုင်းမှာ ငွေသား လက်ကောက် တွေတော့ ဝတ်ဆင်နေကြပါသေးတယ်။ နန်းကျားရွာမှာနေတဲ့ ၅၁ နှစ်အရွယ် ဒေါ်သိန်းဇံဖြူက သူတို့ ငယ်စဉ်က သုံးစွဲခဲ့ဖူးတဲ့ ငွေသား အဆင်တန်ဆာတွေကို အခုလိုပြောပြပါတယ်။

“ငွေသား ဒင်္ဂါးပြားကို ကိုင်းတတ်ပြီးဆွဲပါတယ်။ ခါးစည်းကြိုး တစ်ပင်ကို ငါးဆယ်သား၊ ဆွဲကြိုးတစ်ပင်ဆို ဆယ့်တစ်ကျပ်၊ ဒီဘက်က ငါးကျပ်၊ ဒီဘက်ကငါးကျပ်၊ အတွဲက တကျပ်၊ အဲ့လိုလည်မှာဆွဲတယ်၊ ကျွန်မတို့မှာ ငွေသားကို ဟိုးအစဉ်အဆက်ကတည်းက ဝတ်လာကြတာပါ။ ရွှေထက် ငွေကို အသုံးပြုပါတယ်။ ငွေကို အလေးထားပြီး သုံးကြပါတယ်။”

မူလဝတ်စုံ အဆင်တန်ဆာတွေ ရှားပါးပျောက်ကွယ်လာနေပေမယ့် ရိုးရာဝတ်စုံ အဆင်တန်ဆာတွေကို ခေတ်ကာလနဲ့အညီ ဖန်တီးဝတ်ဆင်နိုင်ဖို့ စိတ်ကူးတွေကတော့ ရှိနေကြပါတယ်။ သန်းသန်းမိုးက သူ့ စိတ်ကူးထဲက ဝတ်စုံလေးကို အခုလိုပြောပါတယ်။

“နွေရာသီဆိုရင် အမျိုးသမီးတွေမှာရှိတယ်။ ခါးတိုအင်္ကျီလေးတွေ၊ ချက်ပေါ်ပေါ်လေးနဲ့၊ တံဘက် ကလေးကို ဘယ်ဘက်အခြမ်းမှာ ခြုံပြီးတော့ အဲလိုမျိုး လုပ်တာ ယဉ်ကျေးတယ်။ နွေရာသီအခါလဲ လေဝင် လေထွက် ရှိတဲ့ပုံစံမျိုးပေါ့ အဲ့လိုဝတ်ချင်တယ်။ အဲ့လိုဝတ်ရတာ အရမ်းကြိုက်တယ်။”

ဒါပေမယ့် မောင်လှရွှေနဲ့ ညီညီထွန်းတို့ကတော့ သန်းသန်းမိုးနဲ့ မတူတဲ့အမြင်ရှိပေမယ့် အားလုံးကတော့ သက္ကမ လူမျိုးတွေ တန်းတူအသိအမှတ်ပြုခံရဖို့၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ တိုးတက်ဖို့ မျှော်လင့်နေကြပါတယ်။

 1,361 total views,  3 views today