ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ရခိုင်ပြည်နယ်တွင် စစ်ပွဲများရပ်တန့်နေသည်မှာ ၅ လကြာမြင့်နေပြီ ဖြစ်သည်။ သို့သော် ယင်း တိုက်ပွဲ များကြောင့် ဖြစ်တည်လာခဲ့သော သိန်းနှင့်ချီသည့် စစ်ဘေးရှောင်တို့ကမူ ယခုအချိန်ထိ နေရပ်မပြန် နိုင်ကြသေးပေ။ မဆိုစလောက်သော အရေအတွက်က ပြန်သွားသော်လည်း အများစုကမူ မပြန်ကြသေးခြင်း လည်း ဖြစ်သည်။
လက်ရှိတွင် စစ်ဘေးရှောင်များအား နေရပ်ပြန်ရန် ဖိအားပေးမှုများ ရှိနေသည်။ ယင်းအနက်တွင် ပြည်နယ်၏ သြဇာ အရှိဆုံးသော စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့လည်း ပါဝင်သည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ စစ်ဘေးရှောင်တို့၏ ဆန္ဒနှင့် လိုလားချက်များအပါအဝင် သူတို့ ခံယူချက်များကို သိရှိနိုင်ရန် Arakan Yoma က ရခိုင်စစ်ဘေးရှောင်စခန်းတချို့သို့ သွားရောက် လေ့လာ မေးမြန်းခဲ့သည်။
စစ်ဘေးရှောင်တို့ထံမှ ကြားရသည့် စကားအများစုထဲတွင် အိမ်ပြန်တော့မည်ဟု စိတ်ကူး ပေါက်ကြသော်လည်း မီးလောင်ဆုံးရှုံးခြင်း၊ လက်နက်ကြီး ကျရောက်ခြင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် နေအိမ်များ မရှိတော့ခြင်း၊ မနေသည်မှာ ကြာ၍ ပျက်စီး ယိုယွင်းသွားခြင်း၊ တချို့တွင် စီးပွားရေးလုပ်ငန်းများ ပျက်စီးသွားသည့် အတွက် စားဝတ် နေရေးတို့ကို စိတ်ပူခြင်း စသည်တို့ ပါဝင်သည်။
“နေရပ်ပြန်ဖို့က ကျနော်တို့ရွာမှာ စစ်တပ်က လွမ်းမိုးပြီး သွားချိန်၊ လာချိန် အပြည့်အဝ မရရှိတဲ့အတွက်ကြောင့် လုပ်ကိုင် စားသောက်ဖို့ အဆင်မပြေဘူး။ ကျနော်တို့မှာ ကိုယ့်ရွာမှာ မနေတာ တစ်နှစ်ကျော်လောက် ရှိပြီဖြစ်တဲ့ အတွက် အိမ်ကလည်း ပျက်စီး ယိုယွင်းသွားပြီ။ နောက်ပြီး မွေးမြူရေး၊ စိုက်ပျိုးရေး အားလုံး ဆုံးရှုံးသွားပြီ။ ပြန်ဖို့ကလည်း စားဝတ်နေရေး လုံခြုံမူမရှိဘဲ အခက်အခဲဖြစ်နေတယ်။” ဟု ဒုက္ခသည် ဦးသန်းလှိုင်က ပြောပြသည်။
၂ နှစ်ခန့် တိုက်ခိုက်ခဲ့ကြသော ရခိုင့်တပ်တော် AA နှင့် တပ်မတော် တို့၏ ပြင်းထန်သည့် ပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ ၂ သိန်း ၆ သောင်းကျော်သော အရပ်သားပြည်သူတို့သည် အိုးမဲ့အိမ်မဲ့နှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။
ယင်းအနက် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေနှင့် ပေါက်တောမှလွဲ၍ မြောက်ပိုင်း ၈ မြို့နယ် နှင့် တောင်ပိုင်း အမ်းနှင့် ကျောက်ဖြူမြို့နယ်၊ ချင်းပြည်နယ် ပလက်ဝတို့အထိ ပါဝင်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ အထိ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး၏ စာရင်းဇယားများ အရ ဆိုလျင် ဒုက္ခသည် ၁ သိန်း ၉ သောင်း အထိရှိနေခဲ့ပြီး ၆ သောင်းခန့်သာ နေရပ်ပြန်သွားကြသည်ဟု ဆိုသည်။ တချို့နေရာများတွင် တပ်မတော်သားများ ယခုအချိန်ထိ နေရာယူထားခြင်း၊ တောတောင်များကို မှီခိုလုပ်ကိုင်၊ စားသောက် နေသူများ အနေဖြင့် စစ်ကျန် လက်နက်အန္တရာယ်ကို စိုးရိမ်ခြင်းနှင့် တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်ခြင်း တို့ကလည်း နေရပ်ပြန်ရေးကို အဟန့်အတားအဖြစ်ဆုံး အချက်များအဖြစ် ပါဝင်နေသည်။
“အရီးတို့က စစ်သားရှိသမျှ ကာလပတ်လုံးကို အိမ်ကို လုံးဝမပြန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အပြင်ကို ထွက်ပြီး မသွားရဘူး။ စစ်သားတွေရှိပါတယ်။ အရီးတို့ ရွာနားက တောင်မှာ။ သူတို့ မရှိတဲ့အခါမှ လုပ်စားလို့ရမယ်။ အရီးတို့က တောင်သူ လုပ်စားတာပါ။” ဟု ပုဏ္ဏားကျွန်း စက်မှုဇုန် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူ ဒေါ်မလုံးခင်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့သော AA နှင့် တပ်မတော်တို့၏ စစ်ပွဲများသည် ၂၀၂၀ ရွေး ကောက်ပွဲ မတိုင်မီ နိုဝင်ဘာလကတည်းက ရပ်တန့်နေခဲ့သည်။ နှစ်ဖက်သဘောတူ အပစ်ရပ်စဲထားခြင်းကြောင့် တော့ မဟုတ်ပေ။ သို့သော် တပ်မတော်က လည်းကောင်း၊ AA ဖက်မှ လည်းကောင်း တစ်ဖက်သတ် အပစ်ရပ်စဲကြောင်းကို ထုတ်ပြန် လျက်ရှိကြသည်။
“ကုန်ခဲတဲ့လက ရွာကို သွားလိုက်တယ်။ သုံးလုံးမှာ (မပေါက်ကွဲသေးတဲ့ လက်နက်) တစ်လုံး ဖော်သွားတယ်လို့ ပြောတယ်။ ကျန် နှစ်လုံးက ချောင်းကမ်းနားမှာ ရှိသေးတယ်။ ရွာနားမှာကျ လူတွေ မြင်တာတွေကို မြင်တယ်။ မမြင်တာတွေလည်း ရှိအုံးမယ်။ ကလေးတွေဆိုတာက နေရာတကာကို သွားနေကြတာ ပြောလို့မရဘူး။ အဲဒါကြောင့် ကလေးတွေနဲ့ သွားဖို့ကို အရမ်းကို ဆင်ခြင်နေရသေးတယ်။ ကျွန်မတို့မှာက သားသမီးများတယ်။ ခုက အပစ်အခတ် တစ်လ ရပ်ဆဲထား ပါတယ်ပေါ့။ နောက်ထပ် ဒီတစ်လပြီးရင် အေးချမ်းသွားမလား။ ပူလာမလား။ အဲဒါကို မပြောတတ်သေးဘူး။ ရွာကိုသွားလို့ ကျမတို့မှာ နေစရာမရှိဘူး။ နောက်ထပ်ဖြစ်လာရင် ကျမတို့မှာ ပြေးစရာ နေရာမရှိဘူး။ ပုဏ္ဏားကျွန်းမှာ အိမ်နှစ်လ ငှားနေခဲ့တယ်။ အဲ နှစ်လမှာ ငွေ ၂ သိန်း ကျော်၊ ၃ သိန်း လောက် ကုန်ပါတယ်။ အဲဒါကြောင့် ကယ်ဆယ်ရေးကို ဝင်လာတာပါ။ ချက်ဖို့ရယ်။ စားဖို့ရယ်။ သားသမီးအိပ်ဖို့နေဖို့ရရင် ပြီးရောဆိုပြိး ဒီကိုလာတာပါ။”ဟု ကျောက်ဆိပ် ကျေးရွာမှ ထွက်ပြေးလာသည့် ဒုက္ခသည် ဒေါ်ဦးသန်းဟန်က ပြောသည်။
တပ်မတော်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်းတွင် ရခိုင်တိုက်ပွဲများ အတွင်း ကျန်ရစ်ခဲ့နိုင်သော စစ်ကျန် လက်နက်အန္တရာယ် အတွက်ဟု ဆိုကာ တပ်မတော်က ရန်ကုန်-စစ်တွေ ပြည်ထောင်စု ကားလမ်းမ တလျှောက်တွင် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ခဲ့သည်။ သို့သော် ယင်းအချိန် အတောအတွင်းပင် မိုင်းပေါက်ကွဲမှုများ ဖြစ် ပွားခဲ့သည်။ REC ၏ စာရင်းဇယားများအရ ဆိုလျင် ရခိုင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၄ ဦး ထက်မနည်း ရှိနေပြီး ခြေထောက်ပြတ်၊ လက်ပြတ်စသည့် ပြင်းထန် ဒဏ်ရာရခဲ့သည့် အရေအတွက်လည်း ယင်း၏ နှစ်ဆ ကျော် ထိ ရှိနေသည်ဟု သိရသည်။
နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင် များကမူ ကားလမ်းမတွင် ရှင်းလင်းသည်ထက် ၎င်းတို့ မှီခို လုပ်ကိုင် စားသောက်နေကြရသည့် တောတောင် များတွင်သာ ရှင်းလင်းပေးစေလို ကြကျေးရွာထဲသို့ လက်နက်ကြီး ကျရောက်မှုကြောင့် ထွက်ပြေးလာသည့် မဦးမေက “မိုင်းရှင်းလင်းရေးက ကားလမ်းတွေပဲ လုပ်တာ။ တောင်တန်းတွေ သွားတာ မဟုတ်ဘူး။ ကျောက်ဆိပ်ရွာသားတွေက မရှိ ဆင်းရဲသား တွေ။ ထင်ခုတ်စားရတဲ့ ဘဝ။ မြစ်၊ ချောင်းကို သွားရှာစားရတဲ့ ဘဝတွေ။ ရွာကို မပြန်ရဲသေးဘူး။ အထက်ပိုင်းတွေမှာ တောင်ကိုသွားလို့ မိုင်းကွဲတာကြောင့် ကျိုးတာတွေ သတင်းတွေမှာ တွေ့ရတယ်။ တစ်ခုခု ဖြစ်သွားရင် ဆင်းရဲသားမှာ အရမ်းဒုက္ခရောက်မယ်။”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် ထုတ်ပြန်ခဲ့သော ညမထွက်ရ အမိန့်များကို အစိုးရက ပြန်လည် ရုတ်သိမ်းလိုက် သော်လည်း တိုက်ပွဲများကြောင့် ထုတ်ပြန်ခဲ့သော မြောက်ပိုင်းမှ မြို့နယ်များတွင်မူ လက်ရှိ အချိန်ထိ ညမထွက်ရအမိန့် ၁၄၄ မှာ အသက်ဝင်လျက် ရှိဆဲဖြစ်သည်။ ယင်းမှာလည်း နေရပ်ပြန်သူများ တုံ့ဆိုင်းစေသည့် အချက်ဖြစ်သည်။
စစ်ဘေးရှောင် စခန်းများကို ရောက်နေကြသူများ ထဲတွင် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်လာသူ၊ ကျေးရွာ အတွင်းသို့ လက်နက်ကြီး ကျရောက်ပြီး ပျက်စီး ဆုံးရှုံးသွားသူ၊ တပ်မတော် စစ်ကြောင်းများဝင်လာ၍ ထွက်ပြေးလာသူ စသဖြင့် ပါဝင်ကြသည်။ ယင်းအနက် လက်ရှိစစ်ဘေး ရှောင် စခန်းတွင် အများဆုံးတွေ့ရသည်မှာ နေအိမ်နှင့် လုပ်ကိုင် စားသောက်စရာများ ဆုံးရှုံးသွားသည့် မိသားစုဝင်များ ဖြစ်သည်။
ဦးသန်းလှိုင်က “အစိုးရကို တောင်းဆိုချင်တာက ကျနော်တို့ ကိုယ့်ရပ် ကိုယ်ရွာကို ပြန်ဖို့ဆိုရင် ရိက္ခာတွေနဲ့ စားဝတ်နေရေး လုံလောက်အောင် ပြန်လည် နေရာချထားရေး ဆိုပြီးတော့ ၁ နှစ်စာပဲ ဖြစ်ဖြစ်၊ ၆ လစာပဲ ဖြစ်ဖြစ် ပေးပြီးတော့ လွှတ်စေချင်တယ်။ တောတောင်တွေမှာ အမြဲတမ်း စိုးရိမ်ရတာကြောင်း မိုင်းတွေလည်း ရှင်းစေချင် ပါတယ်။” ဟု တောင်းဆိုသည်။
ဒုက္ခသည် ၃၃၅၅ ဦးရှိပြီး ကျေးရွာ ၁၂ ခုက တည်းခိုနေကြသည့် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင် စခန်းမှာ ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ ညက မီးလောင်မှုဖြစ်ပွားခဲ့သည်။ လူနေ ဆောင် ၈၇၅ ဆောင် ရှိသည့် အနက် ၆၆၃ ဆောင်မှာ မီးလောင်ကျွမ်းသွားခဲ့သည်။
ယင်းဖြစ်ရပ်ကို စာနာကြောင်း ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားမှု များစွာ ရှိနေခဲ့ပြီး ၎င်းတို့ ယင်း ဒုက္ခသည်စခန်းတွင် ဆက်လက် ခိုလှုံကြမည့်အစား နေရပ်ပြန်မည်ဆိုလျှင် လိုအပ်သည်များကို ဝိုင်းဝန်း ကူညီသွားမည် ဆိုသည်များလည်း တွေ့ခဲ့ရသည်။ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှလည်း ယင်းစခန်းသို့ သွားရောက်ခဲ့ပြီး အလားတူ ပြောကြားကာ နေရပ်ပြန်ရန် ဖိအားပေးမှု ရှိခဲ့သည်ဟု စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။
“ခံစားမှုတွေ အရမ်းများနေတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကိုယ်လွတ် ရုန်းရတယ် ဆိုတော့ အဲဒီအချိန်မှာ အဲဒီအကြောင်းအရာတွေကို ပြောဖို့ကလည်း စိတ်ခံစားမှုတွေ ဖြစ်သွားမှာစိုးလို့ ကျနော်တို့ကလည်း အဲဒီ အကြောင်းတွေကို မပြောသေးဘူး။ တည်ငြိမ်လာမှပဲ မေးရမယ်။”
စစ်ဘေးရှောင်များတွင် အစိုးရအသိမှတ်ပြု စစ်ဘေးရှောင်စခန်းနှင့် အသိမှတ်မပြုသည့် စစ်ဘေးရှောင်စခန်း ဟူ၍ ရှိပြီး တချို့ကလည်း ဆွေမျိုးနှင့် နီးစပ်ရာ ကျေးရွာတို့တွင် ခိုလှုံနေကြသည်။
အစိုးရ အသိမှတ်ပြု စခန်းမှ ဒုက္ခသည်များကမူ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ထံမှ တစ်လလျှင် လူတစ်ဦးကို ငွေကျပ် ၁ သောင်းခွဲနှုန်းနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၏ ဆန်အကူအညီကို လစဉ်ရရှိကြပြီး အများစုကိုမူ လူမှုအဖွဲ့အစည်းများက ထောက်ပံ့ပေးနေခြင်းဖြစ်သည်။
သို့သော် စားနပ်ရိက္ခာ မလုံလောက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိနေကြပြီး စစ်ဘေးရှောင် အများစုက ပြင်ပသို့ ကျဘန်း အလုပ်ထွက်လုပ်ကာ အပိုဝင်ငွေ ရှာဖွေပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြသည်။
565 total views, 2 views today