Arakan Yoma |
ဂွမြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ဖေ့စ်ဘွတ်စာမျက်နှာမှ မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့သည်။
ယင်းသည် ရခိုင်ပြည်နယ်အတွင်း ပထမဦးဆုံး ဖွဲ့စည်းခြင်းလည်း ဖြစ်သည်။ ဂွမြို့နယ်သည် ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ မဲဆန္ဒနယ်ဖြစ်ပြီး လက်ရှိတွင် ၎င်းမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေကြသည့် ပြည်သူများကို ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှုများ ရှိနေသည့်အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ အစီစဉ်နှင့် အညီ ယင်းသို့ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထိုအုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင် (၁၈) ဦးပါရှိသည်ဟု ဖော်ပြသည်။ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်၊ ဥပဒေပညာရှင်၊ မြို့မိမြို့ဖ၊ လူငယ်၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် CDM တွင် ပါဝင်နေသည့် ဝန်ထမ်း ကိုယ်စားလှယ်များတို့ဖြင့် ဖွဲ့စည်းကြောင်းလည်း ထုတ်ပြန် ချက်က ဖော်ပြသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီး လျှင်မြန်စွာ အကောင်ထည်ဖော် သွားမည်ဟုလည်း ဆက်လက် ဖော်ပြသည်ကို တွေ့ရသည်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် လက်ရှိတွင် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါဝင် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ရေးတို့ကို ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
468 total views, 1 views today