ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေပြည်သူ့ဆေးရုံက ရင်ခွဲရုံနှင့် လူသေအလောင်း သိုလှောင်ခန်း ပရဝုဏ်အတွင်း နာရေး ကူညီ လုပ်ဆောင်မှု မြင်ကွင်းများတွင် ယခင်က အမျိုးသားများကိုသာ တွေ့မြင်ရလေ့ ရှိသော်လည်း ယခုအခါ အမျိုးသမီးငယ်များပါ ပါဝင်လာသည်ကို မြင်ရသည်။

ထိုအမျိုးသမီးငယ်များမှာ လိမ္မော်ရောင် အင်္ကျီနှင့် အမဲရောင် ဘောင်းဘီတို့အား ယူနီဖောင်းအဖြစ် တူညီစွာ ဝတ်ဆင်ထားကြပြီး အသက် ၂၀ ဝန်းကျင်အရွယ် ရှိသူများလည်း ဖြစ်သည်။ စစ်တွေမြို့မှ “ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း” အဖွဲ့ဝင်များဖြစ်ပြီး ယင်းအဖွဲ့သည် လူမှုကူညီကယ်ဆယ်ရေးများ လုပ်ဆောင်လျက် ရှိနေသည်။

“အစတုန်းက လူသေလောင်းတွေကို ကိုင်တဲ့အခါမှာတော့ ကြောက်ပါတယ်။ မကိုင်ချင်ဘူးပေါ့။ ကိုင်လည်း မကိုင်ဖူးပါဘူး။ ရိုးရိုးသေတဲ့ အလောင်းထက် ပုပ်တဲ့ အလောင်းတွေဆိုရင် ပိုပြီး မကိုင်ချင်ပါဘူး။ ကိုင်ပြီး လို့ရှိရင် ပုပ်တဲ့ အနံ့ကလည်း နှာခေါင်းထဲ စွဲကျန်နေတော့ ထမင်းကလည်း စားမဝင်။ ညလည်း အိပ်မရဲဘူး။ အဲဒီအလောင်းပဲ မြင်မြင်နေတာပေါ့။” ဟု စတင်လုပ်ဆောင်စဉ်က ကြုံခဲ့ရသည့် အခက်အခဲများကို မြောက်ဦးမြို့နယ် ပန်းမြောင်းကျေးရွာက အသက် (၂၀) ခန့်အရွယ် မနီလာစိုးက ပြောပြသည်။

၎င်းတို့၏ တာဝန်မှာ လူသေအလောင်းကို ရေခဲတိုက်မှ ထုတ်သည်မှ စတင်ကာ သုဿန်သို့ရောက်ပြီး သင်္ဂြိုဟ် ပြီးစီးသည်အထိ ဆောင်ရွက်ပေးရခြင်းဖြစ်သည်။ လူ့ ပတ်ဝန်းကျင်တွင် အမျိုးသမီးများကို နူးညံ့ပြီး အားနွဲ့သူများ အဖြစ် သတ်မှတ်ထားကြသည်။ ယင်းအတိုင်းပင် အဆိုပါ အမျိုးသမီး လူငယ်များသည်လည်း အစပိုင်းတွင် မူလစိတ် အနေအထားကြောင့် လူသေအလောင်းနှင့် ထိတွေ့၊ ကိုင်တွယ်ရသည့်အခါ ထိတ်လန့်၊ ကြောက်ရွံ့မှုများ ဖြစ်ပေါ်ခဲ့ကြသော်လည်း ခံယူချက်ပြောင်းလဲလိုက်ပြီး နောက်ပိုင်းတွင်မူ နေသားတကျ ရှိသွားကြလေတော့သည်။

စစ်တွေမြို့က အသုဘလိုက်ပါ ပို့ဆောင်ပေးနေတဲ့ ရခိုင်အမျိုးသမီး တစ်စု (ဓာတ်ပုံ – Arakan Yoma)

“ကိုယ်လူမျိုး ကိုယ့်တိုင်းပြည့်အတွက် ခုလိုမျိုး တစ်ဘက်တစ်လမ်းက လုပ်ပေးရတဲ့ အတွက် ကိုယ့်ဟာ ကိုယ်လည်း ဝမ်းသာရတယ်ပေါ့နော်။” ဟု မနီလာစိုးက ပြောသည်။

တစ်ခါတစ်ရံတွင် အလောင်းများကို သယ်ယူပို့ဆောင်ရာ အမျိုးသမီးများဖြစ်နေသည့် ၎င်းတို့ကို အားမလို အားမရဖြစ်ကြခြင်း၊ ကဲ့ရဲ့ရှုံ့ချခြင်း များလည်း ကြုံကြရသည်ဟု ကာယကံရှင်များက ဆိုသည်။

မနီလာစိုးနည်းတူ စစ်တွေသူ မငြိမ်းအောင်ကလည်း အတူတူပင် ဖြစ်သည်။ သူမသည် အသက် ၁၉ နှစ်သာ ရှိသေးသည်။ ရုပ်ရည်ချောမောပြီး နူးညံ့သည့် အနေအထားဟု ထင်ရသည့် သူမသည် ယခုဆိုလျှင် ပိတီ စား၍ပင် အားဖြစ်နေပေပြီ။

မငြိမ်းအောင်က “အခက်အခဲဆိုရင် ပထမဆုံး ကြောက်စိတ်ပါ။ နောက်ကျတော့ အဲဒါတွေဟာ အလေ့အကျင့် ဖြစ်လာပါတယ်။ အခုတော့ ကြောက်စိတ်တော့ မရှိတော့ဘူး။ လူတွေက အကူညီတောင်းရင် ပေးလိုက်ပါတယ်။ တစ်ယောက်ချင်းစီကို ပီတိတွေ ခံစားရပါတယ်။ ငါတို့အဖွဲ့တွေကို လူတွေက အားကိုးတယ်။ သူများတွေရဲ့ အားကိုးခြင်းကို ငါတို့က ခံရတယ်ဆိုပြီး ပီတိဖြစ်မိပါတယ်။”ဟု ဆိုလာသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ၉ လပိုင်း၊ ၉ ရက်နေ့က အဖွဲ့ဝင် ၁၀ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင်မူ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၂၅ ဦးထိရှိနေပြီ ဖြစ်သည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း အဖွဲ့ဝင် မငြိမ်းအောင် (ဓာတ်ပုံ – အောင်အောင်မြင့်/Arakan Yoma)

ယင်းအဖွဲ့ကို စတင်တည်ထောင်စဉ်တွင် လူနာကို သယ်ယူပို့ဆောင်ရန် အတွက်သာ ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ ကဏ္ဍအရပ်ရပ်တွင် လိုအပ်လျှင် လိုအပ်သည့်အလျောက် ပါဝင် အကူညီပေးမှုများ လုပ်ဆောင်လာခဲ့ကြောင်း ယင်းအဖွဲ့၏ တည်ထောင်သူ ကိုမင်းထည်ဝါက ဆိုသည်။

“သူများတွေ မလုပ်ချင်တဲ့ အလုပ်ပေါ့လေ။ နာရေးဖြစ်ရင် ယောကျာ်းလေးတွေတောင် အိမ်မဝင်ရ ဘာညာ ဖြစ်တယ်ဆိုတော့ ကျနော်တို့ အသင်းက မိန်းကလေးတွေကို ကျနော်က အဲဒီနာရေး ဆုံးသွားတဲ့ သူရဲ့ အလောင်းကို ကျနော်က ထမ်းခိုင်းပြီးရင် ကျနော်တို့က လက်တွဲပြီးရင် ခေါ်ပါတယ်။”

လက်ရှိတွင် ယင်းအဖွဲ့အနေဖြင့် စစ်တွေမြို့တွင်းတွင် ယာဉ်အန္တရာယ်များနှင့် သဘာဝဘေးအန္တရာယ် အခြေအနေတို့ကို စောင့်ကြည့်လျက်ရှိပြီး လူမှုကယ်ဆယ်ရေး ဆောင်ရွက်ပေးခြင်း တို့အပြင် ဆေးကုသရန် အခက်ခဲရှိသူများကို အခမဲ့ကုသနိုင်အောင် ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေး အခြေအနေဆိုးဝါးသည့် လူနာများကို ရန်ကုန်မှ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ကူညီပေးခြင်းတို့ကို လုပ်ဆောင်လျက် ရှိနေသည်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားလာပြီး နောက်ပိုင်းတွင်မူ အသင်း၏ လိုအပ်ချက်အရ အမျိုးသမီးများကိုလည်း တချို့ ကဏ္ဍတို့တွင် ဆောင်ရွက်လာစေပြီး ထိုသို့ဆောင်ရွက်လာရခြင်းမှာ အမျိုးသမီးများသည်လည်း အမျိုးသားများ နည်းတူ လုပ်နိုင်စွမ်းရှိပြီး ရဲရင့်လာစေရန် ရည်ရွယ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း တည်ထောင်သူ ကိုမင်းထည်ဝါက ပြောပြသည်။

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း တည်ထောင်သူ ကိုမင်းထည်ဝါ (ဓာတ်ပုံ – အောင်အောင်မြင့်/Arakan Yoma)

“ပရဟိတ ဆိုဖြစ်ပေမယ့် ကျနော်တို့ဆီ လာကြတဲ့ လူငယ်တွေက ပေါ့ပေါ့တန်တန် အပေါ်ယံ ပုံစံတွေ မဟုတ်ဘူး။ ရောက်လာကြတယ် ဆိုလို့ရှိရင် ကျနော်တို့က အဓိက ကိုဗစ် ကာလမှာဆိုရင် သူတို့ ယောကျာ်းလေးတွေနဲ့ တန်းတူ ဆေးဖြန်းတာတွေရှိပါတယ်။ မိန်းကလေးတွေ ဆေးဖြန်းတယ်။ PPE ဝတ်စုံတွေ ဝတ်ပြီးရင် လူနာတွေ ခေါ်တာတွေ ရှိတယ်။ အဲလိုပုံစံမျိုးနဲ့ ကျနော်တို့က လက်တွဲခေါ်ပြီးရင် နာရေး ကိစ္စရပ်တွေ လုပ်တဲ့အခါ ပထမဆုံး အနေနဲ့တော့ သူတို့အနေနဲ့ ကြောက်တာ၊ လန့်တာတွေ ရှိတယ်။ မိန်းကလေးတွေ လုပ်ရင် အဆင်မှ ပြေပါမလား ဆိုတဲ့ ပုံစံတွေနဲ့လည်း ထင်ကြတာရှိပါတယ်။ အဲဒါတွေ အားလုံးကို ဖြတ်ကျော်ပြီးရင် ကျနော်ကိုယ်တိုင်က အသင်းသားတွေနဲ့ လက်တွဲပြီးရင် သူတို့ကို ရဲရင့် စိတ်ရှိအောင် လက်တွဲ လုပ်ဆောင်းပေးပြီး ခုချိန်မှာ မင်းတို့ လုပ်ကြတော့ဆိုပြီးရင် တာဝန်ပေးတာ ဖြစ်ပါတယ်။”

ယင်းအဖွဲ့သည် အသင်းရံပုံငွေနှင့် တချို့အလှူရှင်တို့၏ လှူဒါန်းငွေဖြင့် ရပ်တည်နေရခြင်း ဖြစ်သည့်အတွက် အခက်ခဲတချို့ရှိနေပြီး ပါဝင်ကူညီလုပ် ဆောင်ပေးနေကြသူများမှာလည်း လူငယ်များဖြစ်သည့်အတွက် တစ်ခါ တစ်ခါ အဆင်မပြေမှုများရှိလျှင် နားလည်ပေးကြရန် အသင်းတည်ထောင်သူက မေတ္တာရပ်ခံသည်။

ဓာတ်ပုံ – အောင်အောင်မြင့်/Arakan Yoma

 972 total views,  2 views today