ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
လူဦးရေ ၃၂ သိန်းခန့်ရှိသည့် ရခိုင်ပြည်နယ်တွင် ပြည်ပနှင့် တခြားတိုင်းနှင့် ပြည်နယ်များသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာနေသူ တစ်နေ့လျှင် လူဦးရေ ၃၀၀ ခန့်ရှိနေကြောင်း ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ဖူးသည်။ သို့သော် ယခု ကိုဗစ်ကာလတွင်တော့ ဟုတ်မည် မထင်ချေ။
မြန်မာနိုင်ငံကို ကိုဗစ် စတင်ပျံ့နှံ့လာခဲ့သော ပြီးခဲ့သည့် မတ်လလောက်မှ စတင်၍ ရခိုင်ပြည်နယ်မှ ပြည်ပနှင့် တခြားဒေသများသို့ ရောက်ရှိ နေသူများသည် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။ သို့သော် ရခိုင်ပြည်နယ်မှ အလုပ်အကိုင် အတန်အသင့်ပေါများရာ ဒေသများသို့ ယင်းမတိုင်မီ နယ်မှ တက်လာကြသောသူများမှာမူ နေရပ်သို့ မပြန်ကြတော့။
ထို့သို့ ပြန်မသွားကြသူများထဲတွင် အသက် (၂၈) နှစ်အရွယ် မနှင်းနွယ်၊ အသက် (၃၃) နှစ်အရွယ် ဒေါ်မေသန်းနိုင်၊ အသက် (၂၃) နှစ် အရွယ် မစန္ဒာနွယ်နှင့် အသက် (၃၀) အရွယ် မခင်ဝင်းကြည်တို့လည်း ပါသည်။ ၎င်းတို့သည် ပြည်နယ်မြို့တော် စစ်တွေမြို့မှ သဲနှင့် ကျောက် ရောင်းဝယ်သည့် ဆိပ်ကမ်းတစ်ခုတွင် အတူတကွ လုပ်ကိုင်နေကြသူများဖြစ်ပြီး မိသားစုကို တာဝန်ယူပြီး လုပ်ကိုင် ကျွေးမွေး နေသူများ ဖြစ်ကြသည်။
၎င်းတို့ မှာ အလုပ်လုပ်ကိုင်ပုံချင်း တူညီကြသော်လည်း ၎င်းတို့လာသည့် ဒေသနှင့် မိသားစုအခြေအနေများမှာမူ ကွဲပြားကြသည်။ ယင်း အထဲမှ အသက်အငယ်ဆုံး ဖြစ်သည့် အလုပ်သမလေး မစန္ဒာနွယ်သည် ရသေ့တောင်မြို့နယ် ဆင်းအိုးကျမှ စစ်တွေမြို့သို့ ပြောင်းရွှေ့ လာသူဖြစ်သည်။
အသားညိုသလောက် ကြည့်ကောင်းသည့် ကိုယ်လုံး ကိုယ်ပေါက်နှင့် အရပ်အမောင်းရှိသည့် မစန္ဒာနွယ်သည် လှပကျော့ရှင်းသည့် ခန္ဓာကိုယ်ကို နေပူထဲတွင် ပေးဆပ်ထားရသည်။ သို့သော် သနပ်ခါး ထူထပ်စွာလူးခြင်းနှင့် လက်ရှည် အင်္ကျီဝတ်ဆင်ခြင်းတို့ကိုတော့ အသားအရည် ထိန်းသိမ်းသည့် အနေဖြင့် ပြုလုပ်ထားတတ်သည်။
“ကျွန်မမှာ မိသားစု လေးယောက်ရှိပါတယ်။ ကျွန်မ ထမင်းလည်း ငတ်ဖူးပါတယ်။ ကျွန်မ အသက်ကတော့ တပေါင်းလ ဆိုရင် ၂၃ နှစ် ပြည့်ပါပြီ။ ကျွန်မ နာမည်ကတော့ စန္ဒာနွယ်ပါ။ ကျွန်မ မှာလည်း ဆင်းရဲပါတယ်။ မဖူလုံံပါဘူး။ အိမ်မှာ မိသားစု နည်းနည်းလေးပါ။ အဘွားရယ်။ ကျွန်မ အဒေါ်ရယ်။ ကျွန်မ အမေရယ်။ လေးယောက်ထဲပါ။ ရသေ့တောင်မြို့နယ် ဆင်းအိုးကျက ဖြစ်ပါတယ်။”ဟု သူ့မိသားစု အကြောင်းကို ပြောပြသည်။
အသက် ၁၈ နှစ်ကတည်းက အလုပ်လုပ်ကိုင်လာရသည့် ယင်း မိန်းမပျိုလေးသည် ကျန်းမာရေး မကောင်းတော့သည့် မိခင်၊ အဒေါ် ဖြစ်သူနှင့် အသက်ရွယ် ကြီးမြင့်လာပြီ ဖြစ်သည့် အဘွားဖြစ်သူတို့ကို လုပ်ကျွေးနေရသူဖြစ်သည်။ လက်ရှိ လုပ်ကိုင်နေသည့် သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းခွင်တွင် လှေများဖြင့် ရောက်ရှိလာသည့် သဲနှင့် ကျောက်များကို ကုန်းပေါ်သို့ တင်ချရသည်က သူမ၏ တာဝန် ဖြစ်သည်။ မိန်းမပျိုလေးတစ်ဦး အဖို့ အင်မတန်မှ ပင်ပန်းသည့် ယင်းလုပ်ငန်းကို တစ်နေကုန် လုပ်ကိုင်လျှင် ငွေကျပ် ၆၀၀၀ မှ ၁၀၀၀၀ ကျပ်ခန့်အထိ ရရှိတတ်သည်။
“ကျွန်မမှာ ဆင်းရဲသလို ကျွန်မ အဒေါ်ဆိုလည်း ဒူးအေးနာ၊ ပေါင်အေးနာတွေကြောင့် ဘာမှ မလုပ်နိုင်ပါတော့ပါဘူး။ ရေလည်း ခပ် မသောက်နိုင်ပါဘူး။ အမေ ဆိုရင်လည်း အဲလိုပါပဲ။ ရေအိုးအကြီးတွေဆိုရင် မသယ်နိုင်တော့ပါဘူး။” ဟု ဆိုသည်။ သူက ထပ်ပြောသည်မှာ “ ၆၀၀၀ ရတဲ့ခါရသလို ၁၀၀၀၀ ရတဲ့ခါလည်း ရပါတယ်။ အဲလိုခန့်မှန်းခြေ မရှိပါဘူး။ နေ့စားလုပ်နေတာပါ။ လတွက်မဟုတ်ပါဘူး။”
နေ့စားခဖြင့် လုပ်ကိုင်သည့် ယခုလုပ်ငန်းတွင် ကိုဗစ်ခြေအနေများကြောင့် စက်လှေများ ပုံမှန်လာရောက်မှု မရှိသည့်အခါ တစ်ခြား အလုပ်များကိုလည်း ၎င်းက ပြေးလွှားလုပ်ကိုင်ရင်း စားဝတ်နေရေးကို ဖြေရှင်းရသေးသည်။ လူငယ်တစ်ဦးပီပီ တစ်ခါတစ်ရံတွင် ဝတ်ကောင်း စားလှတို့ဖြင့် ဆင်ယင်ကာ ခရီးသွားခြင်း၊ ပွဲလမ်းသဘင်များသို့ သွားခြင်းတို့ကို ပြုလုပ်ရန် ဆန္ဒရှိသော်လည်း ၎င်း၏ ဆန္ဒမှာ ဆန္ဒ အဖြစ်သာ ရှိနေသည်။
“အားနည်းချက်တွေကတော့ အများကြီးပါပဲ။ အားနည်းချက်တွေက သူများတွေ ဝတ်သလို မဝတ်ရပါ။ သူများတွေ စားသလို မစားရပါ။ သူများတွေ သွားကြတယ်။ ကိုယ်သွားချင်တယ်။ မသွားရပါဘူး။ သူများတွေက သွားကြတယ်။ အဝတ်မရှိဘူး၊ ငွေမဖူလုံတာကြောင့် မသွားရတာတွေ အများကြီးရှိပါတယ်။”ဟု ရင်ဖွင့်သည်။
“အိမ်ရဲ့အခက်ခဲကတော့ ရှိတာပေါ့။ မောင်လေးတစ်ယောက် အဖမ်းခံရပါတယ်။ မောင်လေးကို အကြမ်းဖက်တယ်ဆိုပြီးတော့ ဖမ်းထားတာပါ။ မတရားအဖမ်းခံရတာပါ။ လက္ကာမှာပါ။ အဖမ်းခံရတာကတော့ ကြာပါပြီ။ သုံးနှစ်လောက်ရှိပါပြီ။ အိမ်ကတော့ ငှားပြီးနေတာပါ။ လခ ပေးရပါတယ်။ တစ်လနှစ်သောင်းပေးရပါတယ်။ ကျောက်ထမ်းတဲ့ အလုပ်လုပ်နေတာပါ။ အလုပ်က ပုံမှန်မရှိပါဘူး။ တစ်ရက်မှာတော့ ပြောလို့မရပါဘူး ၅၀၀၀ ရတဲ့အခါရတယ်။ ၃၀၀၀ ရတဲ့ အခါလည်းရပါတယ်။ နေ့တွက် လုပ်တာမဟုတ်ပါဘူး ကိုယ့်လုပ်အားခ အတွက်ပဲရတာပါ။”ဟု ပြောပြလာသူက မခင်ဝင်းကြည်ပါ။
၎င်းသည် မြောက်ဦးမြို့နယ်ကဖြစ်ပြီး အသက် (၃၀) ရှိနေပြီဖြစ်သည်။ အေအေနှင့် တပ်မတော်တို့၏ တိုက်ပွဲများကြောင့် တပ်မတော်မှ အေအေနှင့် ဆက်စပ်သည်ဟု သံသယရှိသူများကို ဖမ်းဆီးရာတွင် ၎င်း၏ မောင်ဖြစ်သူ ပါဝင်သွားသည်။ မိသားစုကို လုပ်ကိုင် ကျွေးမွေးနေသည့် မောင်ဖြစ်သူ ဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ကျူးကျော် ရပ်ကွက်တစ်ခုဖြစ်သည့် နာဇီ ရပ်ကွက်တွင် နေထိုင်လျှက်ရှိသည်။
သူတို့ စရောက်စဉ်က ပုံမှန် အလုပ်လုပ်ကိုင်ရသဖြင့် ရက်တွက် ကိုက်ခဲ့သော်လည်း ကိုဗစ် အခြေအနေများကြောင့် နောက်ပိုင်းတွင် အလုပ်များ လျော့ကျလာခဲ့သည်။ ယခင်က တစ်နေ့၏ လုပ်အားခသည် ကျပ် ၁ သောင်းခန့်ရရှိခဲ့ပြီး လက်ရှိတွင်မူ ယင်းထက် တစ်ဆခန့် လျော့နည်းသည့် ပမာဏကိုသာ ရရှိတော့သလို တစ်ခါတစ်ရံတွင်လည်း ၅ ပုံ တစ်ပုံကိုသာ ရရှိသည်။ သို့ဖြစ်၍ စားဝတ်နေရေးကို ထိခိုက်သည်ဟု ဆိုသည်။ သို့သော် သူတပါး၏ ထောက်ပံ့မှုကို မလိုချင်ဘဲ မိမိ လုပ်အားခကိုသာ တန်ဖိုးထားကြောင်း သူမက အခိုင်အမာပြောသည်။
ဗိုလ်ဆန်သည်ဟု ထင်ရသည့် မနှင်းနွယ်ကမူ ယောက်ျားလေးတစ်ဦးလို ဝတ်ဆင်ထားပြီး လုပ်ငန်းခွင်တွင်လည်း ပျော်ရွှင်ပုံရသည်။ ၎င်း၏ ဇာတိရွာ ပေါက်တောမြို့နယ် ငွေတင့်တယ် ကျေးရွာဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် တစ်လကျော်ခန့်ကမှ စစ်တွေမြို့သို့ အလုပ် လုပ်ကိုင်ရန် ရောက်ရှိလာခဲ့သူဟု သိရသည်။
“နောက်ဆုံးအနေနဲ့တော့ အလုပ်အကိုင်တွေလဲ အဆင်ပြေပြေနဲ့ အခက်အခဲတွေမရှိဘဲ ကိုယ့်လူမျိုးတွေကို အကုန်ဖြစ်စေချင်ပါတယ်။ အလုပ်တွေအဆင်ပြေအောင်ပေါ့ ခုကတော့ လူတွေက ဟိုလည်းမသွားရ ဒီလည်း မသွားရနဲ့ ငတ်မွတ်ခေါင်းပါးသလို ဖြစ်နေတာတွေကို အဆင်ပြေစေချင် တာပါပဲ။” ဟု ၎င်း၏ဆန္ဒကို ဖွင့်ဟ သည်။
မိသားစု ၆ ယောက်အနက် အငယ်ဆုံးဖြစ်သည့် ၎င်းသည် အသက် ၂၈ နှစ်အရွယ်တွင် မိသားစုပိုင်လယ်တစ်ဧကကို ဝိုင်းဝန်းလုပ်ကိုင် စားသောက်နေရာမှ စားဝတ်နေရေးကျပ်တည်းလာသဖြင့် ကျောက်တင်သည့်လုပ်ငန်းနှင့် ဆက်စပ်မိသဖြင့် ယခုလုပ်ငန်းခွင်ကို ရောက်ရှိလာခြင်း ဖြစ်သည်။ ၎င်းမြို့ပေါ်သို့ တက်လာသည့် အချိန်သည် ကိုဗစ်ကာလနှင့် ထိပ်တိုက်တွေ့သဖြင့် အခက်ခဲပေါင်း များစွာကိုလည်း ရင်ဆိုင်ခဲ့ရသည်။
မနှင်းနွယ်က“အလုပ်လုပ်တာ ဆိုရင် အခက်ခဲတော့ရှိတာပေါ့။ ကတ် (ကဒ်) မရှိရင် မသွားရဘူး၊ နှာခေါင်းစည်း မရှိရင်မသွားရဘူး။ အဲလို သူတို့ သွားတာတွေ ရဲကားတွေကို ရှောင်ပြီး အခက်ခဲတွေရှိပါတယ်။ အလုပ်လုပ်တဲ့ အခါပေါ့။ အဲလို သတိထားရတာတွေလည်း ရှိတယ်။ ဒီကျောက်တင် ကျောက်လုပ်ငန်းက တစ်ခု၊ ပြီးတော့ ခုက အလုပ်ကလည်း အရမ်းရှားတယ် ဆိုတဲ့အခါ ဘယ်နေရာမမှနေရာ မရဘူးပေါ့လေ။ ခုကျောက်လုပ်ငန်းမှာ လုပ်တဲ့အခါမှာလည်း မှန်းခြေမရှိဘူး။ ၁၀၀၀၀ ရတဲ့ နေ့ရတယ် ၅ ထောင်ရတဲ့ နေ့ရတယ်။ အဲလို အလုပ်ဆိုတာက ပုံမှန်မဖြစ်တဲ့ အမျိုးအစားဖြစ်နေတယ်။” ဟု ပြောပြသည်။
မနှင်းနွယ်နှင့် တရွာတည်းနေ အသက် ၃၃ နှစ်အရွယ် ဒေါ်မေသန်းနိုင်ကလည်း “အခက်ခဲဆိုရင် ကိုယ်ရဲ့ စားဝတ်နေရေး အခက်အခဲ၊ စာ မသင်ပေးနိုင်တဲ့ အခက်အခဲ၊ မုဆိုးမအနေနဲ့ မိန်းမဒဏ်မရှောင်၊ ယောကျာ်းလို ထမ်းလို့ လုပ်နေရတဲ့ အခက်အခဲ၊ အဲဒါတွေ ရှိပါတယ်။ အများကြီးပါပဲ။” ဟု ပြောလာသည်။
၎င်းသည် ကလေး ၃ ယောက်၏ မိခင်ဖြစ်ပြီး အမျိုးသားဆုံးသွားပြီး နောက်ပိုင်း မိသားစုဝင် အားလုံး၏ စားဝတ်နေရေးပြေလည်ရေးမှာ ၎င်း၏ တာဝန် ဖြစ်လာတော့သည်။ လက်ရှိတွင် သူ ပူပန်နေရသည်မှာ နှစ်ခုရှိနေကြောင်း ဆိုသည်။ ပထမ တစ်ခုမှာ အသက် ၁၅ နှစ် အရွယ်ရောက်နေပြီ ဖြစ်သည့် သားကို အတန်းပညာရေးတွင် ၁၀ တန်းပြီးအောင် ပညာ သင်ပေးချင်ခြင်းနှင့် ဗုဒ္ဓဘာသာတို့၏ အစဉ်အလာ အတိုင်း သားသုံးဦးစလုံးကို ရှင်ပြု ပေးချင်ခြင်းပင် ဖြစ်သည်။
“ရုန်းကန်နေရတာကတော့ အလုပ်ကြမ်းကို လုပ်နေရပါပဲ။ လင်မရှိတော့ လင်မရှိရင်လည်း သားသမီး သုံးယောက် အတွက် ဖူလုံဖို့ အတွက်ပါ။ ကိုယ်မစားရရင်လည်း သားသမီးစားရဖို့ အဓိကပါ။ သားတစ်ယောက်ကို ၁၀ တန်း အရမ်း သင်ချင်တာပါပဲ။ သား ၃ ယောက် ၁၀ တန်းအောင်ရင် ကျေနပ်ပါပြီ။ သားသုံးယောက် ၁၀ တန်းအောင်ဖို့ရယ်။ ရှင်ပြုရဖို့ရယ်။ အဲလောက်ပဲ ရည်မှန်းချက် ရှိတယ်။ ကျွန်မလည်း ဒီကျောက်အလုပ်မှာ ရုန်းကန်ပြီး လုပ်နေရပါတယ်။”
ရသေ့တောင်မြို့နယ်မှ ကလေးတစ်ယောက်မိခင် မနုနုသည် အသက် ၂၇ နှစ်ရှိပြီ ဖြစ်ပြီး စစ်တွေမြို့က ကသဲရွာ ရပ်ကွက်တွင် တစ်လလျှင် ငွေကျပ် ၂ သောင်းခွဲနှုန်းဖြင့် အခန်းတစ်ခန်း ငှါးရမ်းနေထိုင်သည်။ အမျိုးသားနှင့် ကွဲသွားပြီးနောက် စစ်တွေမြို့သို့ ပြောင်းရွှေ့ လာပြီး သဲကျောက် လုပ်ငန်းခွင်တွင် အထမ်းသမားအဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သည်။ အသက်အရွယ်ကြီးနေပြီ ဖြစ်သည့် မိခင်၊ အရွယ် မရောက်သေးသည့် သားတစ်ယောက်နှင့် မောင်လေး တစ်ယောက်အား စောင့်ရှောက်နေသူလည်း ဖြစ်သည်။
အဆင်ပြေသည့်အခါ မိမိကိုယ်ကို ဖြတ်သန်းသော်လည်း အဆင်မပြေသည့်အခါတွင် ဇာတိရွာမှ ဆန်ကို မှာယူစားသောက်ကြောင်း ဆိုသည်။ လက်ရှိတွင် ယခုကဲ့သို့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင် စားသောက်နေရသော်လည်း အဆင်ပြေလာလျှင် ဆိုင်ငယ်လေး တစ်ဆိုင်ဖွင့်ကာ ရောင်းချပြီး ဘဝကို အေးအေးချမ်းချမ်းဖြင့် ဖြတ်သန်းချင်ကြောင်း ပြောပြသည်။
“ကျွန်မမှာတော့ သားလေးတစ်ယောက်ရှ်ပါတယ်။ ကျွန်မကတော့ ကျောက်ထမ်းပါတယ်။ အလုပ် လုပ်နေတာတော့ ၁ နှစ်ကျော်လောက် ရှိပါပြီ။ ဝင်ငွေ တစ်ရက်ကို ညီမမှာ ၅ ထောင်ရတဲ့ခါ ရပါတယ်။ ၃ ထောင် ရတဲ့ခါ ရပါတယ်။ ၁၀၀၀၀ ရတဲ့ခါ ရပါတယ်။ အလုပ်ပုံမှန်မကျတဲ့ အခါလဲ ရှိပါတယ်။ အဆင်မပြေတဲ့အခါလဲ မပြေပါ။ တစ်ခါတစ်လေ ကျရင်လည်း ၂၅၀၀ လောက်နဲ့ အိမ် ပြန်ရပါတယ်။ ၃၀၀၀ နဲ့လည်း သွားရပါတယ်။ ၅ ထောင်နဲ့ လည်း သွားရပါတယ်။ စားဝတ်နေရေးကတော့ အဆင် ပြေတဲ့ခါလည်း ပြေပါတယ်။ ရွာကနေပြီ ဆန် မှာယူစားပါတယ်။ စိတ်အားငယ်ပါတယ်။ ကိုယ်ဝင်ငွေတစ်ခုထဲနဲ့ အလုပ်လုပ် စားချင်ပါတယ်။ အဲလို လိုချင်ပါတယ်။ အခက်ခဲခံရပါတယ်။ ခေါင်းပေါ်မှာ တစ်နေ့တစ်နေ့ မအေးချမ်းပါဘူး။ ကျွန်မတို့မှာ လုပ်နေရပါတယ်။ ဆင်းရဲတဲ့ အခါပေါ့လေ။ မျှော်လင့်ချက်ကတော့ အဆင်ပြေချင်တာပါပဲ။ ဒီလို မထမ်းချင်ပါဘူး။ ကိုယ့်ဟာနဲ့ကိုယ် လုပ်စားချင်တယ်။ မဖြစ်နိုင်တာကိုတော့ ဘယ်လို ပြောလို့ရမှာလဲ။ ကျွန်မတို့ကတော့ ဆင်းရဲတဲ့ အခါ လုပ်စားရပါတယ်။ ဒီမှာ မိသားစု ၃ ယောက်နဲ့ နေတာပါ။ အမေအသက်ကြီး တစ်ယောက်ရယ်။ သားလေးတစ်ယောက် ၊ မောင်လေးတစ်ယောက်နဲ့ နေတာပါ။ ကျွန်မ ယောကျာ်းနဲ့ ကျွန်မကတော့ ကွဲနေကြပါတယ်။ အေးအေးချမ်းချမ်း ထိုင်စားချင်ပါတယ်။ ပိုက်ဆံရှိရှိနဲ့ပေါ့။ ဆိုင် တစ်ဆိုင်လောက်တော့ အေးဆေး ဖွင့်ချင်တာပါ။ အဲလိုမျှော်လင့်ချက်ရှိပါတယ်။ မဖြစ်နိုင်တော့ ပြောလို့ မရပါဘူးလေ။”ဟု ပြောပြသည်။
ရသေ့တောင်မြို့နယ်မှ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် ဒေါ်ခင်စောဝေကမူ အစိုးရအနေဖြင့် ကိုဗစ် အကျပ်အတည်း ကာလတွင် အလုပ်များကိုလည်း ပိတ်ထားရသည့် အတွက် အခြေခံ လူတန်းစားတို့၏ စားဝတ်နေရေးကို ဖြေရှင်းရန် အစိုးရတွင်သာ တာဝန်ရှိကြောင်း ဆိုသည်။
“ကူညီထောက်ပ့ံမှုတွေတော့ ပေးတယ်။ ပေးတာကို တွေ့ရရင်လည်း ရတဲ့သူ ရတယ်။ မရတဲ့သူ မရဘူး။ အပြင်မှာ အလုပ် လုပ်တဲ့သူတွေ အတွက်ကလည်း ကိုဗစ်နိုင်တင်းပြီးမှပဲ ဒီအခက်ခဲတွေကို ကျော်လွှားနိုင်မယ်လို့ မြင်တယ်။ ကိုဗစ်ကြောင့် အလုပ်တွေကလည်း ရပ်နေတာကိုး။ အလုပ်တွေရပ်တော့ ရတဲ့ အလုပ်ကို ဝင်လုပ်နေရတာ တွေ့ရတယ်။ အဲဒီလို ပြဿနာတွေကို ဖြေရှင်းပေးဖို့။ အစိုးရမှာပဲ တာဝန်ရှိတယ်လို့ပဲ။ အန်တီကတော့ ပြောချင်တယ်။”
ကိုဗစ် အခြေအနေများကြောင့် စီးပွားရေး လုပ်ငန်းများမှာလည်း ကြီးလျှင်ကြီးသည့် အလျောက် ထိခိုက်သလို ငယ်လျှင်လည်း ငယ်သည့် အလျောက် ထိခိုက်လျှက်ရှိသည်။ သို့သော် စားဝတ်နေရေး လုံးဝမပြေလည်သည့် အခြေခံ လူတန်းစားများမှာမူ အခက်ခဲဆုံး မဟုတ်ပါလား။
1,792 total views, 1 views today