ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ပင်လယ်ကမ်းရိုးတမ်းဒေသတစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ မိုးကြီးရေလျှံတာ၊ ရေကြီးတာတွေကို နှစ်စဉ်ခံစားရလေ့ရှိပါတယ်။ ဒီလို အရေးပေါ် အခြေအနေတွေကြုံလာရင် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ တချို့အခြေခံအချက်လေးတွေကို တတ်မြောက်ထားဖို့အရေးကြီး ပါတယ်။ ဒီလိုတတ်မြောက်ထားသင့်တဲ့ထဲမှာ ရေကူးပညာဟာလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်မှာ လက်ရှိ အနေအထားအရ ပြောရမယ်ဆိုရင် မြစ်ချောင်းနဲ့ ပင်လယ်တွေပေါများသလောက် ရေကူးကန်တွေဖွင့်လှစ်ပြီး ရေကူးသင်တန်းပေးတာတွေ အခု ၂၁ ရာစုအထိ ရှိလာသေးတာ မတွေ့ရသေးပါဘူး။ ရေကူးပညာဟာ လွယ်တယ်လို့ ထင်ရသလောက် တကယ့်ကို ခက်ခဲတဲ့ ပညာရပ်တစ်ခုလို့နိုင်တဲ့ ရေကူးပညာကို နိုင်ငံတကာမှာဆိုရင် ပြိုင်ပွဲအမျိုးအစားတစ်ခုလို သတ်မှတ်ပြီး ကမ္ဘာ့ချန် ပီယံပွဲတွေမှာ ထည့်သွင်းကျင်းပနေတာ နှစ်ပေါင်းအတော်လေးကြာခဲ့ပါပြီ။
ရေကူးတာကို ပင်လယ်ကမ်းစပ်မှာ နေထိုင်သူတွေအနေနဲ့ကလည်း တော်ရုံနဲ့ ကူးကတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ရေ ကူးသင်တဲ့အခါ တည်ငြိမ်တဲ့ ရေကန် (သို့မဟုတ်) ချောင်းတွေ၊ မြစ်တွေမှာပဲ သင်ရလွယ်ကူတာကြောင့်ပါ။ တချို့မိဘတွေက ကိုယ်တို င်ဖြစ်ဖြစ်၊ သားသမီးတွေကိုဖြစ်ဖြစ် ရေကြောင်းခရီးသွားရင် စိတ်မအေးကြရပါဘူး။ အဲဒီထဲမှာ စစ်တွေမြို့က အန်တီဒေါ်မြခွာညိုလည်း ပါဝင်ပါတယ်။
တစ်နေ့မှာတော့ သူပိုင်ဆိုင်ထားတဲ့ မြေကွက်လပ်လေးမှာ ရေကူးကန်လေးတစ်ကန်လုပ်ရင်း သမီးတွေကိုရေကူးပညာ သင်ပေးဖို့စိတ် ကူးပေါ်လာခဲ့ပါတော့တယ်။
“စစ်တွေမြို့မှာဆိုရင် ၉၉ ရာခိုင်နှုန်းက ရေကူးမတတ်ဘူး။ အဲဒီကလေးတွေကလည်း ရေကူး တတ်သွားမယ်။ ကိုယ့်က သား၊ သမီးကို ကြောင့်ကြသလို သူတို့တွေမှာလည်း ကြောင့်ကြစိတ်တစ်ခုလျော့သွားမယ်။ ရေကူး ပညာလေး တစ်ခု ငါ့သားသမီးတွေတတ်တယ်ဆိုရင် တစ်ခုခုကို သွားရင်လည်း စိုးရိမ်မှုရာခိုင်နှုန်းလျော့ကျသွားမယ်။ ကိုယ့်သားသမီးနဲ့ ကိုယ့် မိသားစု ရေကူးမတတ်တာနဲ့ သူတို့ကိုလုပ်ပေးချင်တဲ့ စိတ်ကနေပြီးတော့ ပေါက်ဖွားလာတာ ခုဆို တမျိုးသားလုံးအတွက် တန်ဖိုး ရှိသွားတယ်။”လို့ ဒေါ်မြခွာညိုက ပြောပြပါတယ်။
ဒီလိုနဲ့ မိသားစု ကန်လေးလုပ်ရာကနေ ပတ်ဝန်းကျင်နဲ့ ဆွေမျိုးတို့ကလည်း သူတို့ရဲ့သား၊ သမီးတွေကို ရေကူးတတ်စေချင်တာကြောင့် အခကြေးငွေ ပေးရမယ်ဆိုရင်လည်း ပေးမှာဖြစ်ကြောင်း ပြောကြတဲ့အခါ မိသားစုကန်လေးလုပ်မယ်လို့ စိတ်ကူးထားရာကနေ စီးပွားရေး လုပ်ငန်းလုပ်ကိုင်လို့ အရှုံးပေါ်နေတဲ့ အန်တီဒေါ်မြခွာညိုအတွက် ဒါဟာ စီးပွားရေးနည်းလမ်းတစ်ခု ဖြစ်လာခဲ့မလားဆိုတဲ့ အသိဝင်ခဲ့ပါ တယ်။
ဒါကြောင့် အမျိုးသားဖြစ်သူနဲ့ တိုင်ပင်ပြီး ရခိုင်ပြည်နယ်မှာ လုံးဝမရှိသေးတဲ့ ရေကူးကန်လေးဖွင့်ရင်း စီးပွားရေးတစ်ခု လုပ်ကြည့်မှာဆိုပြီး လတ်တလော စစ်တွေမှာ ရေပန်းစားနေတဲ့ “UN VILLAGE” လို့ အမည်ပေးထားတဲ့ ရေကူးကန်နှစ်ကန်နဲ့ စားသောက်ဆိုင်ကို အပြင် အဆင် ကောင်းကောင်းနဲ့ တွဲဖက်ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။
စကားပြောနေရင်း သူ့အနားကို ရောက်လာတဲ့ သမီးလေးဆံပင်ကို ဖြည်းဖြည်းချင်း သပ်ချရင်း ဒေါ်မြခွာညိုက “ကားမောင်းဖို့၊ ဆိုင်ကယ်မောင်းဖို့ မတတ်လို့ရသေးတယ်။ ရေကူးတာလေးတစ်ခု တတ်လိုက်တာနန့် ရေဘေး အန္တရာယ် ကြုံလာရင် နည်းနည်းခုခံတတ်သွားမယ်။ အဲဒီလိုမျိုး။ ခရီးတစ်ခုခု ထွက်မယ်ဆိုလည်း သတ္တိရှိသွားတာပေါ့။’’လို့ ပြောပါတယ်။
နိုင်ငံတကာကို သွားရောက်လေ့လာထားဖူးတဲ့ အမျိုးသားဖြစ်သူကလည်း မိန်းမဖြစ်သူက ရေကူးကန်လုပ်ဖို့ အိုင်ဒီယာ ပေးတဲ့အခါ သူမ ရဲ့စကားကို ပယ်မချခဲ့ဘူး။ သူကလည်း လက်ခံခဲ့ပြီး ဘယ်လိုပုံစံမျိုး တည်ဆောက်မယ်။ ဘယ်လိုဆိုရင် ပိုလှမယ်။ ဘယ်လိုဆိုရင် သဘာဝနဲ့ ပိုနီးစပ်မယ်စသဖြင့် စဉ်းစားပြီး ကိုယ်တိုင်ကြီးကြပ် တည်ဆောက်ခဲ့ပါတော့တယ်။
“အာရုံမှာ ပေါ်လာတာကိုချပြီး ပုံကြမ်းဆွဲတယ်။ ပြီးတော့ PLAN ချတယ်။ ဘာတွေ၊ ဘာတွေကို လုပ်ချင်သလို တွေ့သလဲ ကိုယ့်ဟာကိုယ် လုပ်တယ်။ တစ်ခုနှစ်ခုထဲကမှ ကိုယ့်ဟာကိုယ် ရွေးချယ်ပြီးလုပ်ခဲ့တာ။ ဘယ်လိုပုံစံလုပ်ရင် ကောင်းမလဲပေါ့။ အစပိုင်းကတော့ ဒီပုံစံမဟုတ်ဘူး။ ဦးလေးက ဒီလမ်းဖက်ကို နည်းနည်းငိုက်မယ်။ မိုးရေလည်း ဆင်းအောင် ကုန်းထားတဲ့ဟာကလည်း အတွင်းကို ငိုက်ဝင်နေရမယ်။ ဟောင်ကောင် လေဆိပ်ပုံစံလိုမျိုးပေါ့။ အဲဒါကြောင့် တစ်ဖက်ကိုပဲ ကိုယ်က ကွေးလိုက်တာ။ စနစ်တကျဖြစ်အောင် ကွေးလိုက်တယ်။ တိုင်လေးချောင်းစလုံးကို ပုံစံထပ်တူချပြီးတော့ လုပ်တယ်။ ကြားမှာ အဲဒီ ပုံစံအတိုင်းပဲ လိုက်ထောင်သွားတယ်ပေါ့။ သို့သော် အပင်တွေနဲ့ မလွတ်တော့ အပင်တွေလည်း မခုတ်ချင်ဘူး။ ဒါကြောင့် ပတ်ပြီးတော့ ဒီဖက်ကို နှိမ့်ချလိုက်ရတယ်။ အမှန်က အဲလိုမဟုတ်ဘူး။ လမ်းဖက်ကို ငိုက်နေရမှာ။ ဒါပေမယ့် အခုလည်း လှတာပဲလေ။ သူ့ဟာသူ။”လို့ ဒေါ်မြခွာညိုရဲ့ အမျိုးသား ဦးမောင်အေးလှိုင်က စတင်ပုံကြမ်းရေးဆွဲခဲ့ပုံကို ပြောပြပါတယ်။
ရေကူးကန်တွေကို ကလေးနဲ့ အမျိုးသမီးကန်၊ နောက်ပြီး အမျိုးသား သီးသန့်ကန်စသဖြင့် ခွဲခြားထားပြီး ရေကန်တစ်ခုစီမှာ ရေတံခွန်တွေ လည်း ထည့်သွင်းထားလို့ လာရောက် အပန်းဖြေသူတွေအနေနဲ့ ပင်လယ်ကမ်းစပ်မှာ မဟုတ်ပေမယ့် အကြိုက်တွေ့နေကြတာလည်း ဖြစ်ပါတယ်။
အဆိုပါ ကန်တွေထဲက ကလေးကန်မှာ ရေဂါလံပေါင်း သုံးသောင်းခွဲလောက်နဲ့ လူကြီးကန်မှာ ရေဂါလံပေါင်း တစ်သိန်းအထိ သုံးထားလို့ ကလေးကန်ဟာ နှစ်ပေခွဲ၊ သုံးပေလောက်ထိနက်ပြီး လူကြီးကန်ကတော့ ငါးပေနက်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကလေးကန်ကိုပဲ ဖွင့်လှစ်ထားတာဖြစ်ပြီး လူကြီးကန်က မပြီးမြောက်နိုင်သေးပါဘူး။ ကန်တွေကို သပ်သပ်ရပ်ရပ် ပြုလုပ်ထားတဲ့အပြင် စားသောက်ဆိုင်ကိုလည်း လှလှပပဆင်ရင်ထားပြီး ရေးချိုးခန်း၊ အိမ်သာ၊ အဝတ်လဲခန်းစတာတွေကိုလည်း အမျိုးသား၊ အမျိုးသမီးသဖြင့် ခွဲထားပြီး အဆင့်မြင့်မြင့် လုပ်ထားတာ တွေ့ရပါတယ်။
“သူ့ဟာနဲ့သူတော့ လာကြတယ်။ ကိုဗစ်နိုက်တင်းနဲ့လည်း လွန်ခဲ့တဲ့လကလည်း နည်းနည်းကျပ်ခဲ့တယ်။ ဖွင့်ဖို့လည်း မရခဲ့ဘူး။ ပြီးလည်း မပြီးသေးဘူး။ ဖွင့်လည်း ဖွင့်ပစ်ချင်နေပြီ။ ဆိုတော့ ကန်လေးကို လက်စသတ်လိုက်တယ်။ ကန်လေးကို အဖွင့်ပြလိုက်မယ် ဆိုပြီးတော့ စ လိုက်တာ။ ကန်ကြီးက မပါသေးဘူး။ ဆိုတော့ ကန်ကြီးမှာလည်း ကူးမယ်လို့ အကုန်လုံးက ပြောနေကြတော့ ဒေါက်တွေတိုင်တွေ၊ ခုံတွေ အကုန်းလုံးကို ဖြုတ်လိုက်ပြီးတော့ ရေဖြည့်ဖို့ ဖြစ်သွားတယ်။ အမှန်က မပြီးသေးဘူး။ ကြမ်းပြင်အခင်းက အသေအချာသန့်ရှင်းရေး မလုပ်ရသေးဘူး။ ညစ်ပတ်တာတွေ ပြောတာတော့ မဟုတ်သေးဘူး။ ပြည့်ဝတဲ့ မဆာလာ မထည့်ရသေးဘူး။ ဆီမန်းတွေ မလိုက်ရသေးတော့ ခြေနည်းနည်းနာကြမယ်။ အခုက ရေပိုင်းတော့ ပြီးတော့မယ်။”လို့ သူက ဆက် ပါတယ်။
ရေကိုလည်ပတ်စေပြီး မသန့်ရှင်းတဲ့ အနည်အနှစ်တွေကို ရှင်းထုတ်တဲ့စနစ် CIRCULATION SYSTEM, WATER TREATMENT လို့ ခေါ် တဲ့ ပိုးမွှားတွေကို သန့်စင်တဲ့စနစ်နဲ့ ရေကို နှစ်ရှည်သုံးစွဲတဲ့ စနစ်တွေ အသုံးပြုထားတာဖြစ်ပြီး ဒီနည်းပညာတွေဟာကို သြစတီးရီးယားနဲ့ ဥရောပနိုင်ငံတွေမှာ များသောအားဖြင့် အသုံးပြုလေ့ရှိတဲ့ နည်းစနစ်တွေလို့ ဆိုပါတယ်။
ရေကူးကန်မှာ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာကို တာဝန်ယူထားတဲ့ ROYAL MYANMAR POWER ရေကူးကန် ဆောက်လုပ်ရေး ကုမ္ပဏီ ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုလွင်ဦးမောင်က
“ဒီစနစ်တွေကို အခုလက်ရှိမှာ ဆိုလို့ရှိရင် များသောအားဖြင့် သြစတီးရီးယားမှာ သုံးတယ်။ ဥရောပနိုင်ငံတွေမှာလည်း သုံးတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ များသောအားဖြင့် ဟိုတယ်တွေမှာ သုံးတယ်။ ဟိုတယ်တွေမှာ ဆိုလို့ရှိရင် လာကူးတဲ့သူတွေမှာ ကပ်ပါလာတဲ့ ပိုးမွှားတွေ ရေကူးကန်တွေမှာ ကျန်ခဲ့တာ။ အဲလို ပိုးမွှားတွေကို ကျနော်တို့အနေနဲ့ စက်တွေကို သုံးပြီးတော့မှ ရေကို ပိုးသတ်ပေးတာ။ TREATMENT လုပ်ပေးတာ။ ပြီးမှ သန့်တဲ့ ရေတွေကို ရေကူးကန်ထဲမှာ ပြန်ထည့်ပေးတာ။ အဲဒါကြောင့် ရေက ဘယ်အချိန်ပဲ လာကူးကူး သန့်တဲ့ရေ ဖြစ်နေမယ်။ ပိုးသတ်ပြီးတဲ့ ရေဖြစ်နေမယ်။ ကြည်လင်နေမယ်။ အဓိက စက်တွေရဲ့ အားသာ ချက်ဖြစ်တယ်ပေါ့။” လို့ ရှင်းပြပါတယ်။
ရေလာကူးတဲ့ ပရိတ်သတ်တွေအတွက်တော့ ကလေးတစ်ယောက်စီကို ၂၅၀၀ နှုန်း၊ လူကြီးကို ၃၅၀၀ သတ်မှတ်ထားပြီး အဖွဲ့ဝင်ကြေး နဲ့ ဆိုရင် တစ်လကို ၃ သောင်းနှုန်းနဲ့ ထားရှိပေးထားကာ နောက်ပိုင်းမှာလည်း တည်ငြိမ်တဲ့ အခြေအနေကို ရောက်ရင်တော့ စျေးကိုညှိယူ သွားမယ့် အစီစဉ်လည်းရှိတဲ့အပြင် သင်တန်းဆရာ လိုအပ်မယ်ဆိုရင်လည်း လိုအပ်သလို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ UN Village မိသားစုက ပြောကြပါတယ်။ လက်ရှိ သူတို့အနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲက ဘာပါလိမ့်။ ဒေါ်မြခွာညိုက အခုလို ပြောပါတယ်။
“ရေကူးဝတ်စုံပါလာရင်ပါလာ။ မပါလာရင် ကိုယ်တို့ဆီက အားကစားဝတ်စုံလောက်ကို ငှားဖို့ လုပ်ပေးထားတယ်။ တစ်စုံကိုမှ ၅၀၀ လောက်ပဲ။ ဒီက လူတွေက ရေကူးဝတ်စုံကို စနစ်တကျဝတ်လေ့ မရှိကြတော့ အားကစား ဝတ်စုံလေးလောက် လုပ်ပေးထားတယ်။ ရေကူးဝတ်စုံ ပါလာရင်လည်း ရတယ်ပေါ့။”
“ကလေးနဲ့ မိန်းမဆိုပြီးတော့ သတ်မှတ်ထားတယ်။ ဒါပေမယ့် ကလေးမှာ အမေက မဆင်းချင်ဘူးဆိုရင် အဖေက ဆင်းလို့ရတယ်။ ကလေးအဖေလောက်တော့ ဆင်းလို့ရတယ်။ ယောက်ကျား (သီးသန့်) တော့ ဆင်းခွင့်ပြုမထားဘူး။ ဟိုးဖက်က ကန်တော့ အမျိုးသားကန်ပေါ့။ အမျိုးသားကန်မှာ အုပ်စုလိုက်လာကြတယ်။ မိန်းကလေးလည်း ပါတယ်။ ယောက်ျားလေးလည်းပါတယ်။ မိတ်ဆွေတစ်ဖွဲ့လာတယ် ဆိုရင်လည်း အတူဆင်းချင်ရင် အမျိုးသားကန်မှာ လာဆင်းလို့ရတယ်။”
အခု လက်ရှိသူတို့လုပ်နေတဲ့ ရေကူးကန်လုပ်ငန်းလေးဟာ သူတို့မိသားစုရဲ့ နောက်ဆုံးစီးပွားရေးလည်း ဖြစ်၊ ရှိစုမဲ့စုလေးကို မျက်စိစုံမှိတ် ပြီး လုပ်ထားတဲ့ လုပ်ငန်းမို့လို့ သူတို့ကတော့ အောင်မြင်မယ်လို့ တထစ်ချ ယုံကြည်ထားကြပါတယ်။ လက်ရှိမှာလည်း ရေကူးမတတ်လို့ ရေကူးလာသင်သူ၊ စိတ်ပင်ပန်းလို့ အပန်းဖြေဖို့လာသူ၊ သား၊ သမီးညီအစ်ကို မောင်နှမတွေကို ရေးကူးသင်ပေးဖို့လာသူ စတဲ့ မတူညီတဲ့ ရည်မှန်းချက်ကိုယ်စီနဲ့ လာရောက်ကြသူတွေနဲ့ UN VILLAGE လေးဟာ စည်ကားလျက်ရှိနေပါပြီ။
ဒါကလည်း သူတို့ရဲ့အနစ်နာခံပြီး လုပ်ထားတဲ့ စေတနာတွေ ရောင်ပြန်ဟပ်တာလို့ ဆိုရမှာပါ။
“ကိုယ့်ဟာကိုယ်လုပ်တာပဲလေ။ တစ်ပိုင်တနိုင်။ လုပ်ရင်းလုပ်ရင်းနဲ့။ ငွေအမောင့် နည်းနည်းလောက် များသွားတယ်။ အကြွေးလည်း ရှိတယ်ပေါ့။ လူတိုင်းအကြွးနဲ့ မကင်းပါဘူး။ အလုပ်လုပ်တဲ့ သူတိုင်း BANK နဲ့ ဆက်သွယ် ရတာပဲ။ အုပ်ချုပ်ရေးပိုင်း၊ အာဏာပိုင်အဖွဲ့အစည်းတွေ နဲ့ ဘာပတ်သက်မှုမှတော့ မရှိဘူး။ လာရောက်ပံ့ပိုးမှာလည်း မပြောနဲ့တော့။ ဘယ်လို ဆိုရမလည်း ကိုယ့်ဟာနဲ့ ကိုယ်လုပ်တာဆိုတော့ နှီးနှောဖလှယ်ခွင့်လည်း မရှိဘူးလေ။ ဘာမှမရှိဘူး။ လွတ်လွတ်ကျွတ်ကျွတ်ပဲ” လို့ ဦးမောင်အေးလှိုင်က ပြောပြပါတယ်။
သူတို့ မိသားစုဟာ ဒီမတိုင်ခင်က စီးပွားရေးတွေ လုပ်ကိုင်ခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့ဘဲ အကြိမ်ကြိမ်ကျရှုံးခဲ့ပါတယ်။ ဘာလို့လည်းဆို တော့ ဒေါ်မြခွာညိုရဲ့ အနားမှာ အမျိုးသားဖြစ်သူ ရှိမနေခဲ့လို့ပါ။ ရှိမနေခဲ့ဘူး ဆိုတာကလည်း အမျိုးသားဖြစ်သူ ဦးမောင်အေးလှိုင်က နိုင်ငံရပ်ခြားကိုသွားပြီး ပိုက်ဆံရှာနေခဲ့လို့ပါ။
ဒီအကြောင်းအရာတွေကို ဒေါ်မြခွာညို ပြန်ပြောင်းပြောပြတာက “အိမ်ရှင်က ဥရောပဖက်ကို ပြန် ထွက်သွားတယ်။ သမီးလေးတစ်ယောက်ရပြီးတော့ပေါ့။ ၆ နှစ်ခွဲလောက် နေခဲ့တယ်။ သမီးအသက် ၂ နှစ် မှာ ထွက်သွားတာ။ အဲဒီအချိန်မှာ တန်ဖိုးရှိတဲ့ မြေတစ်ကွက်ကို ဝယ်နိုင်ခဲ့တယ်။ စီးပွားရေးလုပ်ဖို့က ကျတော့ အားနည်းတယ်။ ဒါကြောင့် သူပြန်ထွက်သွားတာ။ သူအဲဒါမှာ အမြဲတမ်းနေခွင့်တွေ အဆင်ပြေတယ်။ မိသားစုကို ခေါ်လို့ရတယ်။ ဒါပေမယ့် အဲဒီမှာ မနေချင်ဘူး။ ကိုယ့် သားသမီး ကိုယ့်မိသားစုကို အလုပ်သမားအဖြစ် မမြင်ချင်ဘူး။ ကိုယ့်သားသမီးကိုယ်လည်း တခြားလူမျိုးနဲ့ မိတ်ဆက်သွားမှာကို ကြောင့်ကြတယ်။ ယဉ်ကျေးမှုတွေ ပျောက်သွားမှာကို ကြောင့်ကြတယ်။ သမီးကလည်း ငယ်သေးတယ်။ စာသင်အရွယ် ခေါ်လိုက်ရင် အဆင်ပြေတယ်။ မိန်းမကိုလည်း ခေါ်ရင်အဆင်ပြေတယ်။ ဒါမဲ့သူမခေါ်ဘူး။ ကိုယ့်ဒေသကို ပြန်လာတယ်။ ကိုယ့်ရခိုင်မှာ အခြေချတယ်။ ကိုယ်တစ်ယောက်အဆင်ပြေရင် ကိုယ့်လူမျိုးအဆင်ပြေသလိုပေါ့။ ကိုယ့်ကို မှီခိုမယ့်သူတွေ အဆင်ပြေတယ်။ ရည်ရွယ်ချက်က အဲဒါ။ ဒါကြောင့် ဒီမှာ အခြေချတယ်။ နောက်ပိုင်းမှာက ပြောရမယ်ဆိုရင် အရေးအခင်းတစ်ခုနှစ်ခု ထပ်ကျတယ်။ ဆိုတော့ ထင်သလောက် အဆင်မပြေဘူး။ နိုင်ငံခြားမှာ အခြေမချခဲ့ဘူး။ ပြည်မမှာလည်း အခြေမချခဲ့ဘူး။ ကိုယ့်ဒေသမှာ အခြေချခဲ့တာ မှားများမှားသွားပြီလားလို့ တောင်ထင်ခဲ့တယ်။ အဓိကက ပင်ပန်းခဲ့လို့လေ။ ရုန်းခဲ့ရတယ်။ အခုလည်း ရုန်းတုန်းပဲ ရှိသေးတယ်။ ဒါလေးတစ်ခုက နည်းနည်းလေး။ အောင်မြင်ဖို့ လမ်းစလောက်ပဲ။ ရုန်းရင်းရုန်းရင်းနဲ့လေ။”လို့ ဖြစ်ပါတယ်။
သူတို့နှစ်ဦး အိမ်ထောင်ပြုဖြစ်ခဲ့တာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ တစ်ယောက်ကို တစ်ယောက်တစ်ခါမှ မမြင်ဖူးခဲ့ကြပေ မယ့် မိဘတွေ သဘောတူထားလို့ တစ်ယောက်ဘဝကို တစ်ယောက်လက်မှာအပ်နှံပြီး ယုံယုံကြည်ကြည်နဲ့ အိမ်ထောင်ပြုခဲ့ကြတာပါ။ ဦးမောင်အေးလှိုင်က ပထမအကြိမ် အိမ်ထောင်မပြုခင်ကတည်းက တခြားဒေသတစ်ခုမှာ သွားရောက်အလုပ်လုပ်ခဲ့တာဖြစ်ပြီး သူရဲ့ မျိုးချစ်စိတ်တွေကြောင့် ကျရာနေရာမှာ အိမ်ထောင်မပြုဘဲ ကိုယ့်ရခိုင်ဒေသကိုလာပြီး ကိုယ့်လူမျိုးကို လက်ထပ်ခဲ့တာဖြစ်ပါတယ်။ တင် တောင်းတဲ့အခါမှာလည်း အဲဒီခေတ်မှာ သူရှာလို့ရထားတဲ့ ငွေတွေနဲ့ ဒေါ်မြခွာညိုကို တင့်တင့်တယ်တယ် တင်တောင်းခဲ့တယ်လို့ သူမက ရယ်ရယ် မောမောနဲ့ ဖွင့်ဟပြောပြပါတယ်။
“သူက အသက် ၁၈ နှစ်ကနေ အလုပ်လုပ်တာ။ နိုင်ငံရပ်ခြားမှာ ပိုက်ဆံသွားရှာတယ်။ ၁၀ နှစ်လောက် ပင်ပန်းခံပြီးတော့ပေါ့။ အိမ်ထောင်ပြုဖို့ အရွယ်ရောက်လာတော့ ကိုယ့်ဒေသက ကိုယ့်မိဘဆီကိုပြန်လာတယ်။ ပြီးတော့ ကိုယ်နဲ့ သင့်တော်မယ့် တစ်ယောက်ကို တင့်တင့်တယ်တယ် တင်တောင်းတယ်ပေါ့။ တင်တောင်းပြီးတော့ မိတ်ဆက်တယ်။ သူလည်း အကောင်းနဲ့ ကြည့်တယ်။ ကိုယ်လည်း အကောင်းနဲ့ ကြည့်တယ်။ တစ်ခါမှလည်း မတွေ့ဖူး၊ မမြင်ဖူးပေမယ့်လည်း အဆင်ပြေတယ်။ မိဘချင်း ဆွေးနွေးကြတယ်။ လက်မှတ်ထိုးမယ့်နေ့မှာပဲ သူက ရန်ကုန်ကနေ ရောက်လာခဲ့တယ်။ အဲဒီတုန်းက ကားအရောင်းအဝယ်တွေ လုပ်နေခဲ့တယ်တဲ့။ အဲဒီနေ့က ရောက်လာတော့ လက်မှတ်ထိုးကြတယ်။ တစ်ခါမှ မတွေ့ဖူးတဲ့ လူတစ်ယောက်နဲ့ ချက်ချင်းပဲ လက်မှတ် ထိုးတယ်။ ယုံကြည်မှုအပိုင်းနဲ့ပဲပေါ့။ ကိုယ်က ကောင်းနေရင် လူလည်းကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်လေ။ ကောင်းစိတ်နဲ့ပဲ ကြည့်ရင် အားလုံး ကောင်းသွားတာပဲ။ အိမ်ထောင်ကျလို့ပြီးတော့ သမီးလေး တစ်နှစ်ကျော်လောက်မှာ လမ်းထက်က မြေလေးတစ်ကွက် ဝယ်ခဲ့ပြီးတော့ ပြန်ထွက်သွားတာ။ ၆ နှစ်ကို လုံးဝပြန်မလာဘူး။ သူ့မှာ ရည်ရွယ်ချက်က ပြန်လာမယ်။ အခြေချမယ်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်တဲ့အတွက်နဲ့ ၆ နှစ်ခွဲတောက်လျှောက်မှ တစ်ခေါက်လေးတောင် ပြန်မလာခဲ့ဘူး။ စုစရာရှိတာစုတယ်။ ရသမျှ ပိုက်ဆံကို ပို့ပေးတယ်။ အဲဒီ ပိုက်ဆံတွေကို သူတပြားမှ မသုံးဘူး။ ရသမျှပိုက်ဆံကို ပို့လိုက်တာပဲ။ ယုံယုံကြည်ကြည်နဲ့ ပို့လိုက်တာပဲ။ အိမ်က လူက လုပ်ချင်တာ လုပ်ထားပါစေ။ အိမ်ရှင်မဖြစ်တဲ့ အန်တီကလည်း ပထမဆုံးရတဲ့ ပိုက်ဆံနဲ့ ဒီမြေကိုဝယ်တာ။ ပထမဆုံး ပို့လိုက်တဲ့ ပိုက်ဆံနဲ့ တစ်ခြား မိန်းမတွေလို ရွှေဝယ်တာ မဟုတ်ဘူး။ ဒီမြေကို အရင်ဆုံးဝယ်တာ။ လုပ်ငန်းလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေကွက်အကျယ်။ လမ်းကောင်းမယ့် နေရာ။ ဒါက မင်းဂံအကွက် ၁၄ ကျတယ်။ အကွက် ၁၊ ၂ တို့မှာ လမ်းမကောင်း။ မြေကွက်အကျယ်မရှိ။ အဲဒါနဲ့ ရွေးချယ် လိုက်တာ။ အဖေက ရှာပေးတယ်ပေါ့။ မိဘကျေးဇူးနဲ့လည်း ဒီနေရာကို ရလာခဲ့တာလေ။ ကိုယ်လိုက်ရှာလို့ မရခဲ့ဘူး။ အဖေ့ ကျေးဇူးနဲ့ရတယ်။ အဖေက မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့တယ်။ အရင်ဆုံးဝယ်တဲ့ မြေလေ။ ဝယ်ထားတာ ၁၅ နှစ်လောက်ရှိပြီ။ အခုမှ အသုံးဝင်တာ။ အသုံးမဝင်ဘဲနဲ့ မနည်းကြာသွားပြီ။”
အခုအချိန်မှာတော့ သူတို့နှစ်ယောက်ရွေးခဲ့ကြတဲ့ လမ်းဟာ မှန်ကန်နေလို့ အဆင်ပြေနေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အကောင်း မြင်တတ်တဲ့ စိတ်ကြောင့် အမှားပါရင်လည်း ထွက်ပေးမယ့်သူတွေ မဟုတ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတဲ့သူတွေပဲ ဖြစ်ပါတယ်။
“ကိုယ်သွားခဲ့။ လာခဲ့တဲ့နေရာတွေမှာ ကိုယ်လည်း လုပ်ခဲ့ဖူးတယ်။ ကိုယ်တတ်တာလေးကို စမ်း လုပ်ကြည့်တာ။ အဓိကတော့ ဒါဟာ အနုပညာလုပ်တာလို့ ကိုယ့်ဟာကိုယ်ခံစားတယ်။ စိတ်ထဲမှာ ပေါ်လာတာကို ချလို့လုပ်နိုင်တယ်။ လုပ်ရင်ရတယ်ဆိုတာကို ကိုယ်က လုပ်တယ်ပေါ့။ ကိုယ့်တတ်တာကို ကိုယ်လုပ်တာပဲ။ အမှားပါရင်လည်း ပါမယ်။ ကိုယ့်ထက်သိတဲ့ လူတွေပြောတာလည်း ဝေဖန်ပြောတာကိုလည်း လက်ခံရမှာပေ့ါ။ တတ်လွန်းအားကြီးလို့ လုပ်တာလည်း မဟုတ်ဘူး။”
979 total views, 2 views today