ArakanYoma|
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Green Network Sittwe က စစ်ဘေးရှောင် ၂၀ ဦး အတွက် တစ်လကြာ အလုပ်အကိုင်အခွင့်အလမ်းတစ်ခု ဖန်တီးပေးလိုက်ပါတယ်။
Covid – 19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် လူထူထပ်တဲ့နေရာတွေမှာ ထိရောက်စွာ ဆေးဖြန်းနိုင်ရေး လုပ်ဆောင်တဲ့နေ ရာမှာ သာမန်လူတွေကိုခန့်အပ်မယ့်အစား စစ်ဘေးရှောင်တွေကိုရွေးပြီး အလုပ်ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
အနယ်နယ်အရပ်ရပ်က ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေဟာ အနေအစား ဆင်းရဲနေကြတဲ့အတွက် သူတို့ရဲ့အခက်အခဲတွေကို တတ်နိုင်တဲ့ဖက်က ကူညီလုပ်ဆောင်ပေးတာလို့ Green Network Sittwe အဖွဲ့၊ တာဝန်ရှိသူ ကိုထူးထူးက ပြောပါတယ်။
စစ်တွေမြို့ပေါ်က ဗုဒ္ဓမော်၊ ဒက္ခောင်း၊ ဘုရားများသိမ်နဲ့ ဥဿလင်းစတဲ့ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်း တစ်ခုစီက စစ်ဘေး ရှောင် အမျိုးသား၊ အမျိုးသမီး ၅ ဦးစီကို ရွေးချယ်ခန့်အပ် ထားတာဖြစ်ပြီး စစ်ဘေးရှောင်တွေကတော့ တစ်ရက်ကို ငွေ ၇၀၀၀ ကျပ်စီ ရရှိကြမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်တွေအနေနဲ့ တစ်ခြားအလုပ်တွေကိုပါ လုပ်လို့အဆင်ပြေအောင် စီစဉ်ပေးထားတာကြောင့် သူတို့ဟာ တစ်နေ့ကို အချိန် ၃ နာရီလောက်သာပေးကြရမှာလည်း ဖြစ်ပါတယ်။
ကျောက်တော်မြို့နယ် ပြိုင်းတိုင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ဦးကျော်မြသောင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို သူတို့ စစ်ဘေးရှောင်တွေကလည်း ဝိုင်းဝန်းပြီး တိုက်ထုတ်ခွင့်ရလို့ ဝမ်းမြောက်မိပြီး သူတို့လိုပဲ အခက်တွေ့နေကြတဲ့ တခြားစစ်ဘေးရှေ ာင်တွေကိုလည်း တတ်နိုင်ရင်ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
ရခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၉ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် တို့က စစ်ဘေးရှာင် ၁ သိန်းခွဲကျော်လောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အဖက်ဖက်က လိုအပ်ချက်တွေရှိနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ရေး ဆေးဖြန်းနေသော စစ်ဘေးရှောင် ဒုက္ခသည်အချို့ (ဓာတ်ပုံ – အောင်အောင်ထူး)
542 total views, 1 views today