ရိုးမရေဒီယိုမဂ္ဂဇင်း

အောက်တိုဘာ ၃ ရက်။ ။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ကာလ အတွင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်းကျော်အထိ ရှိခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှ သိရသည်။

မူလ မီနီဘတ်ဂျက်အရ ကုန်သွယ်မှုပမာဏအား အမေရိကန် ဒေါ်လာ ငါးသန်းခန့်အထိ ကုန်သွယ်မှုပြုလုပ်ရန် လျာထားခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၉ သန်းကျော်ကို ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

“ဧပြီကနေ စက်တင်ဘာထိ ငါးသန်းလျာထားတယ်ပေါ့နော်။ ငါးသန်းမှာ လေးသန်းကျော် ကျွန်တော်တို့ ဆောင်ရွက် နိုင်ခဲ့တယ်ပေါ့။ ဒီမီနီဘတ်ဂျက် ခြောက်လတာအတွင်းမှာ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တာပေါ့။” ဟု မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှ တာဝန်ခံ ဦးကျော်နိုင်ဦးက ပြောသည်။

ယင်းကာလအတွင်း မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့်ရှ်နိုင်ငံဘက်သို့ အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများကို တင်ပို့ခဲ့သော်လည်း ရေထွက်ပစ္စည်းအမျိုးမျိုးကိုသာ အဓိကထားတင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ပြီးခဲ့သည့် ၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၈ ဒသမ ၃၁၁ ပမာဏအထိ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်း ၏ တရားဝင် ထုတ်ပြန်ခဲ့သော စာရင်းဇယားများတွင် ဖော်ပြထားသည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်တင်သွင်းမှု လုံးဝ မရှိဖြစ်နေပြီး ကုန်သွယ်မှု အလားအလာ အားနည်းနေသော်လည်း ပွင့်လင်းရာသီတွင် ပြန်လည်ကောင်းမွန် လာနိုင်ကြောင်း နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားရှိ ကုန်သွယ်ရေးဇုန်များတွင် တန်ချိန် ၅၀၀ နှင့် ၈၀၀ ကြားရှိသော ကုန်တင်သဘောင်္ကြီးများ အချိန်ပြည့် ဝင်ထွက်သွားနိုင်ရန်နှင့် ဒေသအတွင်း အလုပ်ကိုင်အခွင့်လမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ ကညင်ချောင်းစီးပွားရေးဇုန်ကို လည်း အကောင်ထည်ဖော်ဆောင်လျှက်ရှိကြောင်း သိရသည်။

 473 total views,  1 views today