ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝယ်ချိန် နွေဦးရာသီရဲ့ နေ့တစ်နေ့မှာ ဖြစ်ပါတယ်။ အချိန်ကတော့ ညနေ ၃ နာရီကျော်လောက်ရှိနေပါပြီ။ နေကတော့ ရှမ်းရှမ်းတောက်ပူနေတုန်းပါ။ ဒီအချိန်မှာ ပင်လယ်ကြီးကို မျက်နှာမူ၊ နေမင်းကြီးကို ကျောခိုင်းပြီး လူတချို့အလုပ်ချုပ်နေကြ ပါတယ်။

တချို့လို့ဆိုပေမယ့် အလုပ်တစ်ခုစီကို နှစ်ယောက်စီတွဲလုပ်ရဲတဲ့ အလုပ်ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ လင်း၊ မယားနှစ်ယောက်စီ လုပ်ကြတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ကမ်းဆွဲပိုက်လို့ ဒေသကခေါ်တဲ့ အသေးစား ပိုက်မျှောလုပ်ငန်းတစ်ခုဖြစ်ပြီး အမျိုးသားဖြစ်သူက ပိုက်ရဲ့အစတစ်ဖက်ကိုကိုင်ကာ ရေနက်ပိုင်းကို ဆင်းမျှောရပြီး အမျိုးသမီးဖြစ်သူက ကမ်းစပ်ကနေပြီး နောက်ပိုက်စတစ်ဖက်ကို ကိုင်ပြီး ပိုက်ရွှေ့လျားရာဖက်ကို လိုက်ပေးရပါတယ်။

“ပိုက်ကတော့ နေ့တိုင်းဆွဲနေရတယ်။ လုံးဝငါးမရဘူးဆိုလို့ရှိရင် မဆွဲဘဲနဲ့ အိမ်မှာနားလိုက်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကဆိုရင် သမီး မွေးနေ့၊ တစ်လပိုင်း၊ ၂ လပိုင်း၊ ၃ လပိုင်းမှာ ပြန်ဆွဲတာ။ ဘာလို့ဆို အဲဒီရက်ပိုင်းမှာ သမီးကနေမကောင်း၊ ကျောင်းတက်နဲ့မဆွဲဖြစ်ခဲ့ဘူး။ အမြဲတမ်းအပြည့်ရတယ်လို့တော့ မရှိဘူး။ ကိုယ့်အတွက် တနပ်စာကို အမြဲတမ်းပုံမှန်ရနေတယ်။ ပိုချန်ရင်လည်းအခြောက်လုပ်ထားလိုက် တယ်။”

နေညိုလို့ ၅ နာရီလောက်ရောက်ချိန်မှာတော့ ဒီရေရဲ့ သဘောသဘာဝအလျောက် ငါးပါလေ့မရှိတော့တာကြောင့် တချို့က အိမ်ပြန်ကြ သလို တချို့ကလည်း ဆက်ဆွဲကျန်ရစ်ခဲ့ကြပါတယ်။ ပိုက်ဆွဲနေရင်းနဲ့ဖြစ်ဖြစ်၊ ပိုက်သိမ်းချိန်မှာဖြစ်ဖြစ် မြစ်ကမ်းဘေးမှာလမ်းလျှောက်ရင်း ငါးလာဝယ်တဲ့သူတွေကို ရောင်းလေ့ရှိကြပါတယ်။

“ဦးလေးက ပတ်လို့ဆွဲတယ်။ အန်တီက အပေါ်ကနေပြီးတော့ ကိုင်ပေးတယ်။ အစတုန်းကတော့ ဒီအလုပ်ကို မလုပ်ဘူးလေ။ အိမ်ထော င်ကျတဲ့အခါကျတော့ အလုပ်အားနေတာနဲ့စာရင် ပိုက်တစ်လက်ဆင်လိုက်တယ်။ ကိုယ့်ဟာကိုယ် ရှာစားရင် ငါးဖိုးသက်သာတယ်။ ဆိုပြီး တော့လေ။ အိမ်မှာဆိုရင်လည်း ဟင်းပင်လေးတွေစိုက်ထားတယ်။ မုန်ညှင်းတွေ၊ ဘူးပင်တွေ၊ ခရီးသီးတွေဘာတွေစိုက်ထားတယ်။ ဟင်း ဖိုးလည်းသက်သာတယ်။ ငါးဖိုးလည်းသက်သာတယ်။ ဝယ်သားလာရင်လည်း ရောင်းပစ်လိုက်တယ်။”

အဲဒီနေ့ကတော့ ဒေါ်စိမ့်စန္ဒာထွန်းတို့ဇနီးမောင်နှံအဖို့ လက်ကီးဒေးပါ။

“ရောင်းလည်း သိပ်မရောင်းရဘူ။ ဒီနေ့မှ ရောင်းရတာ။ တစ်ခါတောင် မရောင်းဖူးဘူး။ ကိုယ့်ဟာ စားမယ့်လောက်ပဲရတာ။ ရောင်းတဲ့အခါ လည်းရှိတယ်။ မရောင်းရတဲ့အခါကျတော့လည်း ဆွေမျိုးအသိုင်းအဝိုင်းတွေ အဖဖက်က ညီအစ်ကိုတွေကို တစ်နပ်စာစီသွားပေးလိုက်တ ယ်။ တချို့ကတော့ ပိုက်ဆံနဲ့ ၃၊ ၄ ထောင်ဖို့လာဝယ်တယ်။”

နာမေနဲ့ လူလိုက်ဖက်ပြီး အမျိုးသမီးတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ အလှပတွေကိုပိုင်ဆိုင်ထားတဲ့ အန်တီဒေါ်စိမ့်စန္ဒာထွန်းမှာ အိမ်ထောင်ကျ ပြီးနောက်ပိုင်း သမီးလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ သူ အခုအသက် ၄၃ နှစ်အရွယ်ရောက်တဲ့အထိတော့ ဒီသမီးလေးတစ်ယော က်ပဲရှိပြီး ၃ တန်းရောက်နေပါပြီ။

“စက်လည်းနည်းနည်းပါးပါးခြုပ်တယ်။ သမီးကျောင်းတက်တဲ့အခါ အင်္ကျီလေးဘာလေးခြုပ်ပေးတယ်။ ကျောင်းဝတ်စုံခြုပ်ပေးတယ်။ လူ တွေလာအပ်ရင်လည်း နည်းနည်းပါးပါးခြုပ်ပေးတယ်။ လုပ်စားတာတော့မဟုတ်ပါဘူး။ ထဘီလေးတစ် ထည်ခြုပ်ပေးပါဦးဆိုရင် ခြုပ်ပေး လိုက်တယ်။ လင်နဲ့နှစ်ယောက်ပိုက်ဆွဲကြတယ်။ ရောင်းဖို့ရရင်လည်း ရောင်းလိုက်တယ်။ စားဖို့ကျလည်းစားတယ်။ မိသားစုကိုလည်းပေး တယ်။ မောင်နှမတွေ မိသားစုတွေရှိတဲ့ဟာကိုး။”

စကားပြောရင် ရယ်ရယ်မောမောဆိုလေ့ရှိပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းတတ်တဲ့ သူ့မှာ အခက်ခဲတွေလည်း အများကြီးရှိပေမယ့် သူ လုပ်စရာရှိတာတွေကိုလုပ်ပြီး စားဝတ်နေရေးဖူလုံအောင် ကြံဆောင်ပါတယ်။ အမျိုးသားဖြစ်သူနဲ့အတူ ပိုက်ဆွဲတဲ့ အလုပ်က အပိုဝင်ငွေ ရဖို့ဆိုတာထက် သူ့ထမင်းစားဝိုင်းမှာ ငွေထုတ်သုံးစရာ မလိုဘဲ ငါးဟင်းတစ်မယ်တိုးဖို့ အဓိကထားပါတယ်။

“ပိုက်ကလည်း ကိုယ့်စားဝတ်နေရေးအတွက်သာ ဆွဲနေတာ။ အဲလောက်ကြီး အဆင်မပြေလို့ မဟုတ်။ မဆွဲရင်လည်း အဆင်ပြေတယ်။ စားရတယ်။ ဟင်းသီးဟင်းရွက်လေးရောင်း၊ ကြက်လေး၊ ဝက်လေး မွေးထားတယ်။ မွေးမြူရေး စိုက်ပျိုးရေး အကုန်လုပ်တယ်။”

တစ်ခါတစ်လေတော့လည်း ရရင်ရသလောက်ရောင်းတယ်လို့ ဆိုပါတယ်။ သူရဲ့လက်ကတော့ ဗုံတီးသလို တီးနေရပါတယ်။ ငယ်ငယ်က တည်းကတတ်မြှောက်ခဲ့တဲ့ အပ်ခြုပ်ပညာနဲ့ အိမ်တွင်းအဝတ်တွေကိုသာမက လာအပ်သူရှင်ရင် ရှိသလိုလက်ခံပြီး အိမ်တွင်းလုပ်ငန်းတွေ ဖြစ်တဲ့ သီးပင်စားပင်တွေစိုက်ထားတာ၊ ကြက်၊ ဝက်၊ ဘဲမွေးမြူတာတို့ကိုလည်း မပြတ်တမ်းလုပ်ဆောင်ထားပါတယ်။

“တစ်ခါတစ်လေကျရင်လည်း ပိုက်ဆံမရှိတဲ့အခါလည်းရှိတာပေါ့။ ဒါပေမယ့် ကိုယ့်မှာငါးဟင်းတွေလည်း ပူစရာမလိုတော့ အဝတ်တွေဆို လည်း အစ်မတွေ၊ အစ်ကိုတွေက ထည့်ပေးကြတယ်။ မောင်နှမ ၇ ယောက်ရှိတယ်။ ၂ ယောက်က ဆုံးသွားတယ်ဆိုတော့ ၅ ယောက် ပေါ့။ အိမ်ဆောက်ဖို့ကျရင်လည်း သစ်စက်ရှိတဲ့အစ်မဆီကပေးတယ်။ ထောက်ပ့ံပေးကြတယ်။ ငတ်တယ်ရယ်လို့တော့ ဘယ်ရှိမလဲ။”

အမျိုးသားဖြစ်သူမှာရော သူ့မှာပါ မိသားစုဆွေမျိုးအသိုင်းအဝိုင်းပေါများသလောက် သူတို့အပေါ် မေတ္တာထားတာကြောင့် စေတနာရဲ့ ရောင်ပြန်ဟပ်မှုကို ခံစားရပါတယ်။ ဒါကတော့ သူအခက်ခဲဖြစ်နေတဲ့ အချိန်တွေမှာ မိသားစုမောင်နှမတွေက ဝိုင်းဝန်းထောက်ပံ့ပေးကြ တာပါ။

“ကိုယ့်တို့ အလုပ်သွားလုပ်ရင် သူ့မိ၊ သူ့ဖနဲ့ အိမ်ကဘေးချင်းကပ်လို့ဆိုတော့ သမီးကို သူတို့နဲ့ အပ်ထားခဲ့တယ်။ သူတစ်ယောက်တည်း မဟုတ်ဘူး။ အစ်ကိုတွေမှာလည်း သား၊ သမီးတွေ အများကြီးရှိတယ်။ အစ်မတွေလည်းရှိတယ်။ သူတို့နဲ့ ထားပစ်ခဲ့တယ်။ အဖွားနဲ့ထား ပစ်ခဲ့တယ်။ အိမ်တံခါးကိုသော့ ခတ်ခဲ့တယ်။”

လက်ရှိမှာ ကျဘန်းအလုပ်တွေကောက်လုပ်နေရတဲ့ အန်တီဒေါ်စိမ့်စန္ဒာထွန်းကတော့ ကိုယ်ပိုင်စီးပွားရေးငယ်လေးတစ်ခုကိုလုပ်ချင်နေ သူပါ။ ဘယ်လိုလုပ်ငန်းမျိုးပါလိမ့်။

“ကုန်စုံဆိုင်လေးရောင်းချင်တယ်။ ရောင်းချင်လို့ ငွေကြေးက လိုပြန်ပြီကော။ အခက်အခဲက။ အဲဒါကလည်း ၄၊ ၅ သောင်းနဲ့ရတဲ့ဟာမျိုး မဟုတ်ဘူးလေ။ ပိုက်ဆိုရင် ၅၊ ၆ သောင်းလောက်ဆိုရင် ဝယ်လို့ရပြီ။ ခုခေတ်မှာ ငွေတစ်သိန်းနဲ့လည်း ဘာမှမရဘူး။ ၂ သိန်းနဲ့လည်း ဘာမှမရဘူး။ စီးပွားရေးတော့ လုပ်ချင်တယ်ပ။ ကုန်စုံဆိုင်ရောင်းလို့။ အထည်တွေရောင်းလို့ လုပ်ချင်တယ်။ လုပ်ချင်ပေမယ့် ငွေကြေး က များများစားစားမရှိတဲ့အခါ မလုပ်နိုင်ဘူး။ အဲဒါကလည်း အချိန်ပေးပြီးထိုင်ရတယ်။ ဆိုင်ခန်းကလည်းလိုပြန်တယ်။ မဝယ်ရင်လည်း ငှားရမယ်။ လုပ်ချင်ခဲ့ပေမယ့် ကိုယ်မှာက တစ်ပိုင်တစ်နိုင် အိမ်ပေါ်မှာပဲလုပ်နိုင်တယ်။”

သူနေထိုင်တဲ့ ကျောက်ဖြူမြို့ဟာ ပြည်နယ်ရဲ့ ဒုတိယမြို့တော်၊ ခရိုင်ရုံးစိုက်ရာမြို့တို့ ဖြစ်သလို အနောက်နိုင်ငံတွေက ပင်လယ်ကူးသေ င်္ဘာတွေဆိုက်ကပ်ရာမြို့တစ်ခု ဖြစ်ပေမယ့်လည်း အောက်ခြေလူတန်းစားတွေမှာတော့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေဆဲဖြစ်ပြီး အခုလိုပဲ အခက်ကြုံနေရတာပါ။

“တစ်ခါတစ်လေကျရင် ပုစွန်တို့၊ ကင်းမွန်တို့ပါတဲ့ အချိန်တွေကျရင် ညဉ့်မှာလာဆွဲရတယ်။ ငါးဆိုလို့ရှိရင် နေ့လယ်၊ တစ်ခါတစ်လေကျရင် လည်း မနက်ပိုင်း။ အချိန်ကိုတော့ ပြောလို့မရဘူးလေ။ ငါးကျမယ့်အချိန်ကို ခန့်မှန်းပြီးတော့ ရေကိုကြည့်လို့ ဆွဲကြတယ်။ သူ့အကိုဆိုလို့ ရှိရင် မနက်စောစောက သွားတာ။ ဘာမှ မရခဲ့ဘူး။ သူများတွေ ကင်းမွန်ကျတယ်ဆိုပြီးတော့ လာကြတာ။ တစ်လုံးနှစ်လုံးပဲရခဲ့တယ်။ မရ တဲ့အခါလည်း ရှိတယ်။”

ဒါပေမယ့်သူတို့တွေကတော့ ပြည်နယ်ရဲ့အုပ်ချုပ်သူတွေကောင်းမှ သူတို့ဘဝတွေ ဖွံ့ဖြိုးတိုးတက်နိုင်မယ်ဆိုတာကို သဘောပေါက်သူက နည်းပါးပြီး ကိုယ်လုပ်နိုင်မှ ကိုယ်စားရမယ်ဆိုတဲ့ စိတ်မျိုးမွေးကြပါတယ်။

“လုပ်နိုင်တဲ့အတွက် စားရတယ်။ တစ်ခုလည်း မလုပ်ပဲနဲ့ ထိုင်နေရင်တော့ မစားရဘူးလေ။ လက်ကတော့ ဗုံတီးတီးနေတာပဲ။ ငြိမ်နေလို့ မရဘူး။ ညဆိုလည်း သူများတွေမှာ ကင်းမွန်ကျတယ်ဆိုရင် (ပိုက်)လာဆွဲလိုက်တယ်။ ဝဝလင်လင်ကို စားရတယ်။ ကိုယ့်မှာငါးလေးဘာ လေးရောင်းလို့ ပိုက်ဆံရရင်၊ အသီးအရွက်လေးဘာလေးရောင်းလို့ ပိုက်ဆံရလိုက်ရင် ဆံလေး၊ ဆီလေးဝယ်ထားလိုက်တယ်။”

အခုလို အခက်ခဲကြုံနေရတဲ့ ဘဝတွေ၊ ဆင်းရဲကြပ်တည်းနေတဲ့ မိသားစုတွေမှာလည်း သူတို့ရဲ့ မျှော်လင့်ချက်တွေမပြည့်ဝခဲ့ရင်တော့ သူ တို့ရဲ့သား၊ သမီးတွေကိုတော့ ဖြည့်ဆည်းပေးချင်ကြတာပဲ မဟုတ်လား။

“သမီးလေးကိုက ပညာတတ်ဖြစ်အောင်သင်မယ်။ အစ်မတွေကလည်း ရန်ကုန်က ခေါ်နေတယ်။ ကိုယ့်မှာက သမီးလေးတစ်ယောက်တ ည်းပဲရှိတာဆိုတော့ မပို့ချင်ဘူး။ ဒီကျောက်ဖြူမှာပဲ သမီးကိုအကုန်လုံးအဆင်ပြေအောင် လုပ်ပေးနေတယ်။ လိုလေသေးမရှိအောင်ပေါ့။”

ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေကြောင့် အိမ်ရှင်ဖြစ်သူ အမျိုးသားတွေသာမက အိမ်ရှင်မတွေကလည်း တတ်နိုင်တဲ့ ဖက်က ဝင်လုပ်နေကြရပါတယ်။ နေရပ်မှာ အခွင့်အလမ်းနည်းပါးပေမယ့်လည်း ဒေသမှာပဲ ဒုက္ခမျိုးစုံခံပြီး ထမင်းတစ်နပ်ရှာဖွေစားသော က်နေကြသူတွေရှိသလို နိုင်ငံခြားကိုထွက်အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့နေသူတွေလည်း များစွာရှိပါတယ်။
“သူတို့လည်းပဲ ကြက်တွေဝက်တွေဘဲတွေ မွေးကြတယ်။ အသားသတ်လုပ်ငန်းက အသားတွေဝယ်ရောင်းတဲ့သူတွေလည်းရှိတယ်။ လ က်လုပ်လက်စားတွေရှိတယ်။ နိုင်ငံခြားမှာသွားလုပ်နေပြီးတော့ မိဘတွေကို ထောက်ပ့ံနေတဲ့ဟာလည်း ရှိတယ်။”

သမီးလေးတစ်ယောက်သာရှိတဲ့ ဒေါ်စိမ့်စန္ဒာထွန်းတို့ မိသားစုမှာတောင် ဇနီးမောင်နှံနှစ်ဦးစလုံး ရုန်းကန်လို့ မဖူလုံဘူးဆိုရင် သား၊ သမီး များတဲ့ မိသားစုတွေဆိုရင် ဘလောက်တောင်များ ခက်ခဲလိုက်မလည်းဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး။

 1,481 total views,  2 views today