ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
တစ်ခြားဒေသက ဧည့်သည်လာရင်ဖြစ်ဖြစ်၊ တစ်ခြားဒေသကို အလည်သွားရင်ဖြစ်ဖြစ် ရခိုင်ကလူတွေ လက်ဆောင်အဖြစ်ပေးကမ်းလေ့ ရှိတဲ့ ဒေသထုတ်ကုန်တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ပါပရာလို့ လူသိများတဲ့ ငါးမုန့်အကြောင်းကိုပါ။ ရခိုင်ပြည်နယ်ဟာ ပင် လယ်ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်တဲ့အလျောက် ရေထွက်ပစ္စည်းတွေလည်း ပေါများစွာ ထွက်ရှိပါတယ်။
ရခိုင်ပြည်နယ်ထဲကမှ ပြည်နယ်မြို့တော် စစ်တွေအပါအဝင် ကျောက်ဖြူနဲ့ သံတွဲစတဲ့ပင်လယ်ဆိပ်ကမ်းမြို့တွေမှာ ဒီလုပ်ငန်းကို အများ ဆုံး လုပ်ကိုင်လျှက်ရှိ ကြတာပါ။ စစ်တွေမြို့မှာဆိုရင် ရူပတောင်ရပ်ကွက်ကို ပါပရာရပ်ကွက်လို့ ခေါ်ရလောက်အောင်တောင် ပါပရာလုပ် သူများပြားပြီး တစ်ခြားရပ်ကွက်တွေမှာတော့ ဒီလုပ်ငန်းကို မတွေ့ရပါဘူး။
ပါပရာလုပ်တဲ့ နည်းလမ်းကလည်း လွယ်ကူလှတာတော့မဟုတ်ပါဘူး။ ငါးကင်းရှပ် (ငါးကွန်းရှပ်) လို့ခေါ်တဲ့ ငါးကို အသားခြစ်ပြီး ရလာတဲ့ အသားနဲ့ ကွာမှုန့်တို့ကို အဆတူပေါင်းစပ်ကာ ဆားနဲ့ ဟင်းချိုမှုန့်တို့ကို လိုအပ်သလိုထည့်နှယ်ပြီးတော့ မီးအပူပေးကာ ပေါင်းရပါတယ်။ ပြီးမှပဲ ကျက်ပြီးသားငါးအသားလုံးကို လိုအပ်တဲ့ ပမာဏအတိုင်းအချပ်လိုက်လှီးပြီး နေလှမ်းရပါတယ်။ နေလှမ်းလို့ ခြောက်တဲ့ အနေအထားကို ရောက်မှသာလျှင် ပါပရာလို့ခေါ်တဲ့ အဆင့်ကိုရောက်တာပါ။
“ငါးဝယ်လာရင် ငါးကို ခွဲရတယ်။ ပြီးရင် (အသား) ခြစ်ရတယ်။ အဲဒီငါးနဲ့ ကွာမှုန့်နဲ့ စပ်ပြီးတော့ နယ်ရတယ်။ နယ်ပြီးရင် လုံးတယ်။ လုံးပြီး ရင် နောက်တစ်ဆင့်ပေါင်းရတယ်။ ပေါင်းပြီးရင် ဖြတ်ပြီးတော့ နေလှန်းတယ်။ နေလှန်းပြီးမှ နောက်ဆုံး အထုတ်ထုပ်တယ်ပေါ့။ ၇ ဆင့်၊ ၈ ဆင့် လောက်လုပ်ရတယ်ပေါ့။ ၄၊ ၅ ရက်လောက်တော့ ကြာတယ်ပေါ့။ အရင်ကဆိုရင် ငါးတွေတန်တယ်။ စျေးေပေါ့ပေါ့နဲ့ လုပ်ပေးနိုင် တယ်။ အခု ငါးတွေလည်း စျေးတက်လာတော့ ပါပရာတွေလည်း စျေးတက်လာတဲ့ သဘောရှိတယ်ပေါ့။ အဲဒီသဘောပဲပြောရမယ်။”လို့ ရွှေဒင်္ဂါးပါပရာဆိုင်ပိုင်ရှင် ဦးသာမြက ပြောပြပါတယ်။
ဦးသာမြဟာ ဒီလုပ်ငန်းကို သုံးဆက်မြောက်လုပ်ကိုင်လာတာဖြစ်ပြီး လက်ရှိမှာတော့ ညီအစ်ကိုတစ်စုပြုလုပ်နေကြတာလို့ ဆိုပါတယ်။ သူ မတိုင်ခင်မှာ သူ့အဖွားနဲ့ ဦးလေးတို့ကလုပ်ကိုင်ခဲ့ပြီး သူ့ကိုလွှဲပြောင်းပေးခဲ့တာ့ နှစ်ပေါင်း ၂၀ လောက်ရှိနေပါပြီ။ ဒီလုပ်ငန်းကို ပထမဆုံး စ တင်လုပ်ကိုင်ခဲ့တာ တရုတ်ဖြစ်ပြီးတော့ သူတို့ဆီက တစ်ဆင့်တစ်ဆင့်နဲ့ ပြန့်ပွားလာခဲ့တာလို့ ဆိုရမှာပါ။ သူတို့ဆီကာ နည်းလမ်းရခဲ့တယ် ဆိုပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် ပြုလုပ်ကြရာမှာတော့ အသွင်တူတယ်ရယ်လို့ မရှိပါဘူး။ သူ့နည်းသူ့ဟန်နဲ့ပဲ အကုန်လုံးက ကြိုးစားလုပ်ကိုင်ကြတာလည်း ဖြစ်ပါတယ်။ ရွှေခြင်္သေ့ငါးမုန့်လုပ်ငန်းလုပ်ကိုင်တဲ့ ဦးစိုးပိုင်က အခုလို ပြောပြပါတယ်။
“၂၀၀၀ ခုနှစ်ဝန်းကျင်လောက်မှာ စလုပ်ခဲ့တာ။ စလုပ်တယ်ဆိုတာကလည်း စီးပွားရေးအရလည်း မရှိဘူးဆိုတော့ ကျရာကောက်လုပ်ကြ တာပဲ။ အတွေ့အကြုံကတော့ အရင်က ခေါက်ဆွဲလုပ်ဖူးတယ်။ ခေါက်ဆွဲလုပ်ဖူးခဲ့တဲ့ နည်းပညာနဲ့ ကြားဖူးနားဝနဲ့ ကိုယ့်ဟာကိုယ်ထွင်ပြီး လုပ်လာတာ။ ကြားဖူးတာလည်း ရှိတယ်လေ။ အရင်ကိုယ့်အထက်ကလူတွေကလည်း လုပ်ခဲ့တာတွေ ရှိတဲ့အတွက်ကြောင့် ကိုယ့်အတွေး အခေါ်နဲ့ ပေါင်းစပ်ပြီးတော့ လုပ်လာတာ။ အဆင့်တွေကတော့ တစ်နှစ်နဲ့ တစ်နှစ်မတူဘူး။ အပြောင်းအလဲတွေရှိတယ်။”
ဦးစိုးပိုင်ကတော့ ဒီလုပ်ငန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈ နှစ်လောက်ကနေ လုပ်ကိုင်လာတာဖြစ်ပြီး အသက် ၇၂ နှစ်အရွယ်ရောက်နေပြီ ဖြစ်တဲ့ အခုအချိန်မှာတော့ လုပ်ငန်းတစ်ခုလုံးကို သမီးကိုလွှဲပေးထားပြီလို့ ဆိုပါတယ်။ သူတို့တစ်တွေ စတင်လုပ်ကိုင်တုန်းကတော့ ၃၊ ၄ ဆိုင်လောက်သာရှိခဲ့ပေမယ့် အခုဆိုရင်တော့ စစ်တွေက ရူပတောင်ရပ်ကွက်တစ်ခုလုံးလိုလိုမှာ အဲဒီလုပ်ငန်းလုပ်ကိုင်နေကြပါပြီ။ ဒီလုပ် ငန်းက မိသားစုကို အခြေခံပြီး လုပ်ကိုင်ကြတဲ့ တပိုင်တနိုင်လုပ်ငန်းဆိုပေမယ့် မြို့တွင်းသာမက ရခိုင်ပြည်နယ်အတွင်းမှာရော မြန်မာနိုင် ငံအနှံ့ကိုပါ အဆက်အသွယ်ရှိရင်ရှိသလို တင်ပို့ကြပါတယ်။
“မှာသားရှိရင် မြန်မာနိုင်ငံအနှံ့ကို တင်ပို့တယ်။ ရခိုင်ပြည်အပြင် မြန်မာနိုင်ငံအနှံ့ကို မှာရင်မှာသလို ပို့ကြတယ်။ လေယာဉ်နဲ့ ပို့တာပို့။ ကားနဲ့ ပို့တာပို့။ တာချီလိတ်တို့ဆိုရင် ကားနဲ့ပို့ရတယ်။ လေယာဉ်နဲ့ ပို့ရတာလည်း ရှိတယ်။ ရန်ကုန်၊ မန္တလေးလောက်ဆိုရင် ကားနဲ့ ပို့ လိုက်ရင်ရတယ်လေ။ နယ်တွေဆိုရင်လည်း ကားနဲ့ ပို့ရတယ်။ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင် အဲဒီလိုမျိုးပေါ့။ သင်္ဘောနဲ့ ချရ တာလည်းရှိတယ်။ အဆင်ပြေသလိုပဲပေါ့။ ”
အရင်တုန်းက ပါပရာပြုလုပ်ရာမှာ အသုံးပြုတဲ့ ငါးကင်းရှပ်ကို သူတို့နေထိုင်တဲ့ စစ်တွေတစ်မြို့တည်းက ဝယ်ယူကာ မိုးတွင်းပိုင်းရှားပါးတဲ့ ရာသီရောက်မှ ကျောက်ဖြူဖက်က မှာယူပြီး လုပ်ကိုင်ခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ အဲဒီငါးရှားပါးမှုပြဿနာပေါ်ပေါက်လာတာကြောင့် ပြည်မဖက်က မှာယူခဲ့ရတယ်လို့ ဆိုပေမယ့် အရင်ကလို အဆင်မပြေကြတော့ဘူးလို့ ဆိုပါတယ်။ ဘာကြောင့်အဆင်မပြေကြတာပါလဲ။
“အရင်က စစ်တွေတစ်မြို့တည်းက ဝယ်လို့ရတယ်။ မိုးရာသီဆိုရင်မှ ရှားပါးတယ်ဆိုရင်မှပဲ ကျောက်ဖြူက ဝယ်ရတယ်။ အခုကတော့ ရန် ကုန်ကလည်း ချရတဲ့အဆင့်ထိဖြစ်လာတယ်။ တစ်ဆင့်မှာပြီး လုပ်ရတာပေါ့။ ကိုကိုယ်တိုင်က သွားဝယ်ဖို့ထိ အချိန်ကမပေးနိုင်ဘူးလေ။ အဲဒီလို အခက်ခဲတော့ ရှိတယ်။ ရန်ကုန်ကမှာတဲ့ ငါးက သိပ်အဆင်မပြေဘူးဆိုတာက ငါးကအကြီးမရဘူး။ ဒိုင်ဝင်သွားတယ်။ ငါးအငယ် လေးတွေပဲရတယ်။ ငါးအငယ်တောင် စျေးကြီးသွားတယ်။ ငါးငယ်ရင် အသားက သိပ်မထွက်ဘူး။ အလေးချိန်ပြီး ဝယ်ရတာဆိုတော့ ခေါင်းတွေ၊ အမြီးတွေ၊ အရိုးတွေက ပါသွားတယ်။ အသားခြစ်ပြီးလုပ်ရတာကိုး။”
“အရင်က မူဆလင်နဲ့ ပြဿနာမဖြစ်ခင်က ပင်လယ်ပြင်ကို ထွက်လို့ရတယ်။ ဆိုတော့ ငါးက ပေါတယ်။ အခုအချိန်မှာကျတော့ ပင်လယ် ပြင်အဝေးကို ထွက်လို့မရတော့့ဘူးပေါ့။ အနီးက ရှာလို့ရတဲ့ငါးနဲ့ပဲ လုပ်ရတယ်။ အဲဒီလိုမျိုး အခက်ခဲရှိလာတဲ့ အချိန်မှာ ငါးတွေက စျေးတက်သွားတယ်။ ကုန်စျေးနှုန်းမြင့်လာတာလည်းပါတယ်။ ဒါကြောင့် တစ်ဆင့်တစ်ဆင့်ဝယ်ရတယ်။ ရန်ကုန်ကလည်း မှာရတယ်။ ကွာမှုန့် ဆိုတာလည်း ရန်ကုန်ကမှာရတယ်။ အခြားငါးနဲ့ လုပ်မယ်ဆိုရင် ဒီလောက်မရသာမရှိ။ အဓိကက ငါးကင်းရှပ်နဲ့လုပ်တာများတယ်။ ဗမာ လိုခေါ်တဲ့ ငါးဖယ်နဲ့လုပ်ရင်လည်း ရမယ်တော့ထင်တယ်။ ငါးဖယ်ကလည်း စျေးတအားကြီးတယ်။ ငါးအသားကလည်း ဒီလောက်များများ မရနိုင်။ ငါးအသားထွက်လည်းနည်းတယ်။”
ဒီလိုအဆင်မပြေမှုတွေ ကြုံတွေ့ကြရပေမယ့်လည်း သူတို့က တစ်ခြားငါးတွေနဲ့ အစားထိုးပြုလုပ်တာတွေတော့ မရှိခဲ့ဘဲ ငါးကင်းရှပ်အ ဆင်မရရင် လုပ်ငန်းတွေကို ရပ်တန့်ထားရတဲ့ အနေအထားတွေတောင်ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း စစ်တွေပါပရာဆို ရင် မြန်မာတစ်နိုင်ငံလုံးမှာ နာမည်အတော်ကြီးပြီး လူကြိုက်များရတာလို့ ဆိုရပါမယ်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ ကျော်လောက်ကဆိုရင် ရခိုင်ငါးမု့န့်ကောင်းမှကောင်း ဆိုပြီးပါလာတယ်လေ။ ရခိုင်ငါးမုန့်ထဲမှာမှ စစ်တွေငါးမုန့် ကပိုကောင်း ဆိုပြီးထွက်လာတယ်လေ။ အခုခေတ်မှာတော့ ကွာလတီနည်းနည်းကျသွားတယ်ပေါ့။ ကုန်စျေးနှုန်းအခက်ခဲလည်းပါတယ်။ အဲဒါတွေလည်း ရှိတယ်။ ကုန်စျေးနှုန်းနဲ့ အများကြီးဆိုင်တယ်။ စျေးတစ်ကိုင်ကို ပိုက်ဆံ သောင်းဂဏန်းတောင်မကျဘူး။ ထောင်ဂဏန်း လောက်ပဲ။ ပြောရမယ်ဆိုရင် အဲဒီခေတ်ခါက မိသားစုတစ်စုကို ပိုက်ဆံ ၁၀ ဆိုစားလို့ရတဲ့ခေတ်။ မိသားစု ၁၀ ယောက်လောက်ကို ပိုက် ဆံ ၁၀ ရရင် ဖူဖူလုံလုံစားလို့ရတဲ့ခေတ်။ အခုပိုက်ဆံ ၁ သောင်းရလို့တောင် မိသားစုစားဝတ်နေရေး အခက်ခဲရှိတယ်။ အဆပေါင်းထောင် လောက်ကွာသွားတယ်။ အဲဒီခေတ်အခါက ပါပရာ ၁၀၀ ကို ပိုက်ဆံ ၄ ပြားနဲ့ရောင်းတယ်။ တစ်နွေလုပ်လိုက်ရင် မိုးတွင်းမှာ ဘာမှမလုပ်ပဲ တစ်မိုးလုံးထိုင်စားလို့ရနေပြီ။ အခုခေတ်မှာ အဲဒီလို မရတော့ဘူး။ ကုန်စျေးနှုန်းက မြင့်လာတာကိုး။”
နောက်ပြီးတော့ ဒီလုပ်ငန်းဟာ မိသားစုကို အခြေခံပြီး လုပ်တာမို့လို့ မိသားစုအင်အားမရှိတော့ရင်လည်း လုပ်ငန်းကို ရပ်ပစ်လိုက်ကြတာ လည်းရှိပြီး မိသားစုတစ်စုလုပ်တာနဲ့ တစ်ခြားမိသားစု တစ်စုလုပ်တာနဲ့ နည်းပညာတွေဟာလည်း အခြေခံအားဖြင့် တူညီပေမယ့် အသေး စိတ်တော့ တူညီမှုမရှိသလို တစ်ဦးကိုတစ်ဦး ထုတ်ဖော်ပြောဖို့လည်း ငြင်းဆန်ကြပါတယ်။ ဒီလိုပဲ အိုင်ဒီယာကောင်းလို့ အရသာကောင်း ရင်ကောင်းသလောက် လူကြိုက်များပြီး ရောင်းအားကောင်းရတာလို့လည်း ဆိုနိုင်ပါတယ်။
“အရင်က စစ်တွေမြို့မှာပဲ လုပ်တာများတယ်။ Burma side မှာလည်း လုပ်ကြတယ်။ စက်ရုံကြီးကြီးတွေနဲ့ လုပ်ကြတယ်။ သို့သော် သူတို့ လုပ်တဲ့နည်းပညာနဲ့ ဒီကလုပ်တဲ့ နည်းပညာနဲ့ မတူဘူး။ ဒီမှာက တကယ့်ငါးအသားနဲ့လုပ်တယ်။ သွားကြည့်လို့ မြင်တာတော့ မဟုတ်ဘူး လေ။ တစ်ဆင့်ဆင့်ကြားရတာတွေက အနံ့တွေထည့်ပြီး လုပ်ကြတယ်လို့ ကြားတယ်။ ဆိုတော့ အရသာက ကွာသွားတယ်။ စစ်တွေက ငါးမုန့်ကို ပိုကြိုက်ကြတယ်။ ကျောက်ဖြူမှာလည်း လုပ်တယ်။ သံတွဲမှာလည်း လုပ်တယ်။ တစ်ယောက်နည်းပညာနဲ့ တစ်ယောက်နည်းပ ညာ နဲ့တော့ကွာတယ်။ ပုံစံကလည်း အတိအကျလို့လည်း မရှိဘူးပေါ့။ အကြော်ဆရာတစ်ယောက်နဲ့ တစ်ယောက်မတူသလို လူတွေအ များ ကြီးရှိတယ်။ စစ်တွေမြို့မှာ မြန်မာနိုင်ငံမှာ ကမ္ဘာမှာလည်းဆိုင်တွေ အများကြီးရှိတယ်။ တစ်ယောက်လက်ရာနဲ့ တစ်ယောက်လက် ရာနဲ့ မတူဘူးလေ။ ကိုယ့်ပိုင်အတွေးအခေါ် သူ့မှာ ဘယ်လောက်ရှိသလဲ။ အဲဒီအပေါ်မှာ ကွာဟသွားတာရှိတယ်။ အဲဒီလို လုပ်ငန်းပိုင်း ဆိုင်ရာနဲ့ ကွာဟသွားတယ်။ တစ်ယောက်လျို့ဝှက်ချက်တော့ တစ်ယောက် ဘယ်ပြောကြမလဲ။ အတိုင်းအတာ တစ်ခုလောက်ပဲ ပြောကြ တယ်ပေါ့။”
ဒီလိုသဘာဝနည်းလမ်းအတိုင်းလုပ်ကိုင်သူတွေအဖို့ကတော့ တစ်ခြားကြီးမားတဲ့ အခက်ခဲတစ်ခုကလည်း ရှိနေပြန်ပါတယ်။ ဒီအကြောင်း ကိုလည်း ဦးစိုးပိုင်က အခုလိုပဲ ပြောပြန်လာပါတယ်။
“ထင်းက ဘယ်လောက်အခက်အခဲရှိလဲဆိုရင် ၁၅ ရက်ဆိုရင် ပိုက်ဆံ ၂ သိန်း၊ ၃ သိန်းလောက်ကုန်တယ်တဲ့။ အခုသမီးက အိမ်ဆောက် တယ်။ ဝယ်တုန်းက သစ်တွေ ဘယ်လောက်စျေးကြီးလိုက်မလည်း။ အဲဒါကို မလိုတော့လို့ ပြန်ရောင်းတော့ ပိုက်ဆံ ၃ သိန်းတောင်မရ ဘူးတဲ့။ အဲဒါကို ရောင်းလို့မှ ၃ သိန်းဘဲ ရမယ်ဆိုတော့မထူးတော့ဘူး။ ထင်းအဖြစ်ဘဲ သုံးလိုက်တော့မယ်ဆိုပြီး ပါပရာပေါင်းဖို့အတွက် မီးဖို့မှာ သုံးလိုက်ရတယ်။ ထင်းဖိုးလောက်တောင် မရသလို ဖြစ်နေတယ်ပေါ့။ မီးဖိုတာ ၂ လလောက်ရှိနေပြီ။ တစ်လ ၂ သိန်းဆိုရင် ၂ လ လောက်ရှိနေပြီ ၄ သိန်းပေါ့။ ဆိုလိုတာက ထင်းကအခက်ခဲရှိတယ်ပေါ့။”
အခုလို အခက်ခဲပေါင်းများစွာကြောင့် တစ်ချို့ဆိုရင် လုပ်ငန်းတိုးချဲ့ဖို့ကို မစဉ်းစားတော့ဘဲ ပုံမှန်လည်ပတ်ဖို့လောက်ကိုသာ အားထား ကြပါတော့တယ်။
ဦးသာမြက “ကိုယ့်မိသားစု တစ်နိုင်ပဲလုပ်တယ်။ တကယ်တမ်းတိုးချဲ့လုပ်ကိုင်မယ်ဆိုရင်လည်း ငါးအခက်ခဲရှိတယ်။ အများကြီးလုပ်မယ် ဆိုရင်က မလွယ်ကူဘူး။ နောက်ပြီးတော့ အဲဒီအလုပ်သမားတွေကို ရေရှည်မှာထိန်းဖို့ဆိုတာလည်း မလွယ်ဘူး။ ငါးမတက်ရင်။ ရန်ကုန် မှာတော့ လုပ်လို့ရတယ်။ သူတို့မှာ ငါးကအလျှံပြည့်ရတယ်။ တစ်ခြားငါးတွေနဲ့လည်း လုပ်ကြတယ်။ ပြောသံကြားတာပဲ။” လို့ဆိုပါတယ်။
ဆက်လက်ပြီးတော့ သူက “တိုးချဲ့လုပ်ကိုင်မယ်ဆိုရင် ငါးတွေပုံမှန်ရဖို့လိုတယ်။ ဒီဒေသမှာက ငါးအမြဲတမ်းမရဘူး။ ဆောင်းရာသီမှာ ဆို ရင် ၂ လ၊ ၃ လ လောက်မှန် မှန်တက်တယ်။ မိုးရာသီမှာဆိုရင် နည်းနည်းတက်တယ်။ တစ်ခြားနွေရာသီ စပ်ကြား၊ မှတ်ကြားဆိုရင် မတ က် တော့ဘူး။ အခုနောက်ပိုင်းဆိုရင် ငါးတွေရှားလာတယ်။ ငါးတက်တော့ဘူး။ ငါးလုပ်ငန်းလုပ်သူတွေဆို တစ်မျိုးပေါ့။ အဲဒီလို နိုင်ငံခြား က လာဝယ်တယ်ပေါ့။ ပြည်ပဖက်က လာဝယ်သူတွေလည်းရှိတယ်။ ငါးခြောက်လှမ်းတဲ့သူတွေလည်းရှိတယ်။ ဥပမာ ကထိန်ပွဲအတွက်။ ရှင်ပြုပွဲအတွက်။ အဲဒီလို ငါးခြောက် ရာသီကျတော့ ကိုယ်က ငါးတက်ရင်လည်း ဝယ်လို့မရ ရှားတယ်ပေါ့။ စျေးကြီးပေးဝယ်ရတယ်ပေါ့။” လို့လည်း ဆိုပြန်ပါတယ်။
1,086 total views, 1 views today