ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
အခြေခံပညာ ကျောင်းသူဘဝအရွယ်မှာ ဆိုကရေးတီးပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ရင်းကနေ အဆိုတော်တစ်ယောက်ဖြစ်လာတဲ့ ရခိုင်အနုပညာရှင်တစ်ဦးအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ သူကတော့ ရီလှိုင်းပြာဖြစ်ပြီး ရခိုင်အဆိုတော်တွေထဲမှာ ပရိသတ် ထောက်ခံမှုအားကောင်းတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ သူဟာ အနုပညာလမ်းကြောင်းကို ဘယ်လိုရောက်လာခဲ့သလဲ။ ဘယ်အချိန်ကနေ စတင်ဝင်ရောက်ပြီးတော့ ဘယ် အသက်အရွယ်မှာ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တာလဲ။ အဆိုတော်တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုပုံစံမျိုးနဲ့ ထိုးဖောက်ခဲ့ရလဲ။ လက်ရှိ အဆိုတော်ဘဝမှာ ဘယ်လိုအခက်ခဲတွေကို ရုန်းကန်နေရသလဲ။ ဘယ်အထိ လျှောက်လှမ်းဖို့ မျှော်မှန်းထားသလဲ စသဖြင့် သူ ပြောပြတဲ့ သူ့ဘဝနဲ့ အနုပညာအကြောင်းကို ယခုသီတင်းပတ်မှာ အစီစဉ်မှာ တင်ဆက်ပေးမှာပါ။
ယခု သီတင်းပတ်မှာ အစီစဉ်မှာ မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် ငယ်ငယ်ကတည်းကနေ အားကစားကို အရွယ်နဲ့ မလိုက်အောင် ရူးသွပ်ခဲ့သူကတော့ မဦးခင်သိန်းပါ။
“ကလေးဘဝတုန်းကတော့ အားကစားကို ဝါသနာပါတယ်။ အားကစားသမားတစ်ယောက် ဖြစ်ချင်တယ်။ တိုက်ကွန်ဒိုကစားတယ်။ဘော် လီဘောကစားတယ်။ အယ်ရိုဘစ်ကစားတယ်။ အဲဒီလိုပေါ့။ အဆိုတော်ဖြစ်မယ့် အပိုင်းကိုလည်း အားသွန်ခွန်စိုက်မရှိခဲ့ဘူး။ ဗီဇလို့တော့ ပြောလို့ရမယ် ထင်ပါတယ်။ အဖေရဲ့ အနုပညာသွေးသားပါတဲ့အတွက် သီချင်းတစ်ပုဒ်ဆိုရင်လည်း ဆိုတတ်နေတယ်။ ဆိုတော့ အဖေရဲ့ တိုက်တွန်းမှု၊ အဖေ့အသိုင်းအဝိုင်းရဲ့ တိုက်တွန်းမှုတွေကြောင့် အဆိုတော် ဖြစ်လာခဲ့တာပါ။”
ဒီလို အားကစားအပေါ်မှာ ရူးသွပ်နေခဲ့ပေမယ့်လည်း အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့ မဦးခင်သိန်းဆီမှာ ရှိနေခဲ့တဲ့ထူးချွန်မှုကတော့ အားကစားအရာမှာ မဟုတ်ပါဘူး။ သီချင်းတွေကို အလိုလို ဆိုတတ်နေတာပါ။ ဒီလိုနဲ့ပဲ ၃ တန်းနှစ်အရွယ်ကို ရောက်တဲ့အချိန်မှာတော့ သူ ကျောင်းမှာ ဆိုကရေးတီပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိင်ခဲ့ပြီး ပြည်နယ်အဆင့်မှာသာမက နိုင်ငံတော်အဆင့်ပြိုင်ပွဲတွေမှာလည်း သူက အဆိုပိုင်းနဲ့ ပတ်သတ်လို့ ဆုတွေ အသီးသီး ဆွတ်ခဲ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ပထမဦးဆုံး ရခိုင်ဂီတ အနုပညာလောကထဲကို မရောက်ခင်မှာ ၃ တန်းနှစ်ကတည်းက အမက ဆိုကရေးတီးပြိုင်ပွဲတွေဝင်ပြိုင်တယ်။ ရ ခိုင်သီချင်းအဆိုပြိုင်ပွဲတွေ စစ်တွေမြို့မှာဆိုရင် ဗျိုင်းဖြူရွာ၊ ဆပ်ရိုးကျဖက်မှာ အဆိုပြိုင်ပွဲတွေ၊ နောက်ပြီးတော့ ရှင်ပြုပွဲ၊ မင်္ဂလာဆောင်၊ အဲဒီလိုပွဲအမျိုးမျိုးမှာလည်း အဖေက ပွဲထုတ်ပေးခဲ့တယ်။ အဲဒီလို ပြိုင်ပွဲတွေကနေ ဖြတ်သန်းပြီးမှ အနုပညာလောကထဲကိုဝင်လာတာပါ။”
“စစချင်း ၃ တန်းနှစ်ကတည်းက ဆိုကရေးတီးပြိုင်ကတည်းနေလည်း ပြည်နယ်အဆင့် ဆုတွေရတယ်။ ရန်ကုန်သွားတယ်။ ဗဟို အဆင့်တွေမှာလည်း ဆုရတယ်။ အဖေ့ရဲ့ထောက်ပံ့မှုကြောင့် အဲဒီလိုနဲ့ အားကစားလုပ်လိုက်။ ကျောင်းတက်လိုက်။ သီချင်းလည်း ဆိုလိုက်နဲ့ရှုပ် ထွေးနေခဲ့တယ်။ တဖြည်းဖြည်းနဲ့ အနုပညာလမ်းကြောင်းကို ရောက်လို့ရောက်မှန်းမသိ အဖေမှာ အနုပညာရှင်တွေနဲ့ လည်း အများကြီး ရင်းနှီးတော့ သူတို့ ပံ့ပိုးမှုတွေလည်း အများကြီးပါတယ်။ ပြီးတော့ ဒီလိုဖြစ်သွားတာပေါ့။”
အရွယ်မရောက်သေးတဲ့ အဲဒီအချိန်မှာတော့ သူမရဲ့ဝါသနာဖြစ်တဲ့ အားကစားကတစ်ဖက်၊ ဗီဇလို့ဆိုလို့ရတဲ့ သီချင်းကတစ်ဖက်၊ ဘဝအ တွက်အရေးကြီးတဲ့ ကျောင်းကတစ်ဖက်နဲ့ သူဟာနပန်းလုံးနေခဲ့ရပါတယ်။ နောက်ပြီး ရှင်ပြုပွဲ၊ မင်္ဂလာဆောင်စတဲ့ ရိုးရာပွဲတွေမှာလည်း သီချင်းတွေကို လိုက်ဆိုခဲ့ပါသေးတယ်။ ၇ တန်း ကျောင်းသူ အရွယ်ရောက်ချိန်မှာတော့ အရပ်ဆယ်မျက်နှာကို မေတ္တာပို့တဲ့ ဓမ္မတေး ၂ ပုဒ် သီဆိုခွင့်ရ ခဲ့ပြီး ဆယ်ကျော်သက်အရွယ်မှာတော့ သီချင်းအခွေတွေ စတင်ထုတ်ခဲ့ပြီး “ရီလှိုင်းပြာ”ဆိုတဲ့ အဆိုတော်တစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။
“ကလေးဘဝမှာတော့ အခက်ခဲမရှိဘူး။ သုံးတန်းနှစ်လောက်မှာ သီချင်းပြိုင်ပွဲတွေ ဝင်ပြိုင်ပြီး ၇ တန်းနှစ်လောက်မှာ ပထမဦးဆုံး အရပ် ၁၀ မျက်နှာ မေတ္တာပို့၊ နောက်ပြီးတော့ ဓမ္မတေးနှစ်ပုဒ်ဆိုတယ်။ နောက်ပြီးတော့ ၁၄၊ ၁၅ နှစ်လောက်မှာ စပြီးတော့ အနုပညာလောက ကို အခြေချပြီး အခွေတွေထုတ်တယ်။”
မိုနိုလိုင်းကလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့အလျောက် ကျရာသီချင်းတွေကို ဆိုနိုင်ပေမယ့်လည်း သူ့ကိုတော့ Rock အဆိုတော် တစ်ယောက်အဖြစ် ရခိုင်ပရိတ်သတ်တွေက လက်ခံထားကြတာလည်း ဖြစ်ပါတယ်။
“ကျမက ငယ်ငယ်ကတည်းကနေ မိုနိုလိုင်းကလာတာမို့လို့ အကုန်လုံးကိုရတယ်။ အခုမင်္ဂလာဆောင်ဆိုရင် မင်္ဂလာဆောင်သီချင်း၊ ရှင် ပြုဆိုလည်း ရှင်ပြုသီချင်းပေါ့။ Show ပွဲဆိုလည်း Show ပွဲသီချင်းပေါ့ Rock သီချင်းတွေပေါ့။ အားသန်တာက Rock သီချင်းပါ။ အကုန် လုံးကို ဒွန်တွဲပြီးတော့ ဆိုနိုင်တယ်။ Rock Music ကို အကြိုက်ဆုံးပဲ။”
ရခိုင်ပြည်နယ်ဟာ ဆင်းရဲတဲ့ ပြည်နယ်တစ်ခုဖြစ်သလို ပြည်နယ်အတွင်းက စီးပွားရေးအားကောင်းသူတွေရဲ့ ပံ့ပိုးမှု၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိလူကြီးတွေရဲ့ အားပေးမြှောက်စားမှု နည်းပါးမှုတွေကြောင့် ရခိုင်ပြည်နယ်အတိုင်းအတာမှာ စီးပွားရေးနောက်ခံ ရှိတဲ့ အနုပညာသမားတွေအနေနဲ့ ဒီလမ်းကြောင်းပေါ်မှာပဲ ရပ်တည်လို့ ရပေမယ့် စီးပွားရေးနောက်ခံမရှိတဲ့ လူငယ်တွေ၊ ဝါသနာရှင်တွေ အနေနဲ့ကတော့ ကိုယ်ဝါသနာပါရာကို လျှောက်လှမ်းဖို့ဆိုတာ အင်မတန်မှ ခက်ခဲလှပါတယ်။
“ကိုယ့်ပြည်နယ်အတိုင်းအတာမှာ အနုပညာတစ်ခုတည်းနဲ့ ရပ်တည်လို့ မရဘူးလို့ အမထင်တယ်။ အမတို့က အိမ်ထောင်ရှင်လည်းဖြစ် တယ်။ မိန်းကလေးလည်း ဖြစ်တယ်ဆိုတဲ့အခါကျတော့ အနုပညာကိုနည်းနည်းလုပ်ရင်လည်း အိမ်ရှင်လုပ်စာနဲ့ စားလို့ရတယ်လေ။ အ မျိုးသားတွေအနေနဲ့ကတော့ ရပ်တည်လို့မရဘူး။ အမအနေနဲ့ တကိုယ်တည်းသာဆိုရင် ရပ်တည်လို့မရဘူး။ အခြေအနေလေးတစ်ခုအ ပေါ်မှာပဲ မူတည်လို့ လုပ်နေရတာပေါ့နော်။ လုံးဝ ရပ်တည်လို့တော့ မရဘူး။ ဘာလို့လည်းဆိုတော့ ကိုယ့်ပြည်နယ်အတိုင်းအတာမှာက Show ပွဲတစ်ညကို အများဆုံးက ၅ သိန်းပဲ။ ၅ သိန်းမရတဲ့ အဆိုတော်တွေလည်း အများကြီးရှိသေးတယ်။ ၅ သိန်းဆိုတာကလုံးဝ အမြင့် ကြီးမှပဲရတာ။ အဲလောက်အတိုင်းအတာနဲ့ ဘဝကို ရပ်တည်လို့ မရဘူးလို့တော့ အမက ထင်တာပေါ့။”
“နောက်ပြီးတော့ စပွန်ဆာတွေ မရှိဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ။ နောက်ပြီးတော့ ကိုယ်တို့ပြည်နယ်ရဲ့ အုပ်ချုပ်သူတွေနဲ့လည်း ဆိုင် တယ်။ အဲဒီလူတွေက အားပေးမြှောက်စားမှုတွေလိုတယ်လို့ ထင်တယ်။ အနုပညာမှာလို့ မဟုတ်ဘူး။ ဘက်စုံမှာပေါ့။ ဒါပေမဲ့ အနုပညာ ဟာ အရေးပါတယ်။ လူတွေကို အပန်းဖြေဖျော်ဖြေမှုပေးတဲ့ အရာဖြစ်တဲ့အတွက် စပွန်ဆာတွေ အခွေထုတ်ပေးမဲ့ သူတွေလိုအပ်တယ်။ တစ်ဖက်မှာလည်း နာမေရှိတဲ့သူတွေကို ထုတ်ပေးတယ်။ ဝယ်ကြတယ်။ နာမေမရှိတဲ့သူကို မထုတ်ပေးဘူး။ ထုတ်ပေးလိုက်လို့ သီးချင်း မကောင်းရင်လည်း ထုတ်မပေးကြဘူး။ အဲဒီလိုလည်း ရှိတာပေါ့။ အကုန်လုံးပေါင်းစည်းလို့ တန်းတူလုပ်ကြမှလည်း တော်ရာကြမယ်လို့ ကျမထင်တယ်။ နောက်ပြီးတော့ မျိုးဆက်သစ်အဆိုတော်ဖြစ်နေသူတွေမကလို့ ကိုယ်ချပြလိုက်တဲ့ ခွေတစ်ခွေကိုသီချင်းလည်းကောင်း နေတယ်။ လူတွေနဲ့လည်း သဟဇာတကျတယ်။ အဲဒီလို သီချင်းတွေဆိုတော့လည်း တိုက်တွန်းချင်တယ်။”
ပြည်နယ်အတွင်းက လူတွေဟာ တိုင်းရင်းသားဘာသာစကားနဲ့ ဆိုကြတာမို့လို့ သူတို့နေထိုင်တဲ့ ပြည်နယ်တစ်ခုအတွင်းက လူတွေကပဲ သီချင်းခွေတွေ ဝယ်ယူအားပေးကြလေ့ရှိပြီး တစ်နိုင်ငံလုံးမှာ ရောင်းချလို့ရတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒီလို ပြည်နယ်လေးတစ် ခုအတွင်းမှာပဲ ဖြန့်ကြရတဲ့အတွက် သိပ်ပြီးတော့ ရောင်းအားကောင်းတဲ့ အခြေအနေတွေကို မကြုံကြရသလို ပြည်နယ်တစ်ခုအတွင်းမှာ တောင် မြို့နယ်တိုင်းက ဝယ်ယူအားပေးကြတာ မဟုတ်ပါဘူး။
“ရခိုင်ပြည်နယ်ထဲမှာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ထဲက လူတွေကပဲ ရခိုင်သီချင်းကို အားပေးကြတယ်ပေါ့။ နိုင်ငံခြားမှာရောက်နေတဲ့ ရခိုင်သူ၊ ရခိုင်သားတွေကလည်း အများကြီးအားပေးကြပါတယ်။ အခုနောက်ပိုင်း အဆိုသမားကောင်းတွေ မထွက်ပေါ်တော့ဘူး။ နောက် ပြီးတော့ ပြည်နယ်တစ်ခုဖြစ်တဲ့ အတွက်လည်း ရပ်တည်ဖို့ ခက်ခဲ့တယ်ပေါ့။”
အခုလို အဆင်မပြေတဲ့ကြားထဲက ဖြစ်သလို ရုန်းကန်လှုပ်ရှားလာကြတဲ့ အဆိုတော်တော်ကလည်း မသမာသူတွေရဲ့ ဖြတ်လမ်းနည်းနဲ့ စီးပွားရေးရှာ မှုတွေကို အလူးအလဲခံကြရပါသေးတယ်။ ခိုးကူးခွေဖြန်တဲ့ လုပ်ရပ်တွေဟာ မရှိမဲ့၊ ရှိမဲ့ကြိုးစားပြီး ထုတ်ထားကြတဲ့ လူငယ် တွေရဲ့ ငွေကြေးဆိုင်ရာပြဿနာတွေကို ထိခိုက်စေနိုင်ရုံသာမကလို့ တက်သစ်စလူငယ်အဆိုတော်တွေရဲ့ မျှော်လင့်ချက်ကင်းမဲ့အောင် ပြုလုပ်ရာလည်း ရောက်ပါတယ်။ ဒါကြောင့် ဒီလုပ်ရပ်တွေကို ရပ်တန့်ကြဖို့လည်း အဆိုတော်တွေအားလုံးရဲ့ ကိုယ်စားသူက တောင်းဆို ပါတယ်။
“ရခိုင်ပြည်အတိုင်းအတာကို အခွေ ၅ ထောင်လောက်စီထုတ်ကြတယ်။ ၃ ထောင်၊ ၄ ထောင်လောက် ရောင်းရရင်လည်း အဆင်ပြေ တယ်။ အဲလောက် မရောင်းလိုက်ရဘဲနဲ့ ခိုးကူးခွေဖြန့်ရောင်းလိုက်တယ်ဆိုရင် ထိခိုက်နစ်နာတယ်။ အခုနောက်ပိုင်းမှာ စနစ်တစ်ခုကို ပြောင်းရ တော့မယ်လို့လည်း ထင်တယ်။ တစ်ချို့ဆိုရင် အောက်စက်တွေ မရှိတော့ဘူး။ ဘယ်မှာထိုးကြည့်ရမလည်းပေါ့။ တစ်ချို့ဆို လည်း စိတ်ဓာတ်နဲ့ အားပေးကြတယ်။ တစ်ဖက်က စဉ်းစားကြည့်လိုက်ရင်လည်း အောက်စက်မရှိရင် ဘယ်မှာထိုးကြည့်ရမလည်း။အဲ ဒီလိုပေါ့နော်။ ခိုးကူးသမားတွေကလည်း မလုပ်သင့်ဘူး။ ရခိုင်ပြည်နယ်လေးတစ်ခုမှာ လုပ်နေတာ။ ခိုးကူးလိုက်ရင် ငါးပါးမှောက်သွား ရောပေါ့။ နောက် ဆက်လို့လုပ်ဖို့အတွက်လည်း အဲဒီအဆိုတောတစ်ယောက်ဟာ မျှော်လင့်ချက်မဲ့သွားတယ်။ ပထမခွေကရလာတဲ့ ပိုက်ဆံနဲ့ပဲ နောက်ခွေတွေလုပ်နိုင်မှာပေါ့နော်။ ခိုးကူးတယ်ဆိုတော့ လုံးဝအဆင်မပြေဘူးပေါ့။”
ပြည်မဖက်ကလာတဲ့ အခွေတွေကို ဈေးကြီးပေးဝယ်ကြရပေမယ့် ကိုယ့်ပြည်နယ်အတွင်းက ခွေတွေကို အနိမ့်ဆုံးဈေးတွေနဲ့ ရောင်းချကြ ရတာ၊ နောက်ပြီးတော့ ဆင်းရဲတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့အလျောက် လူတိုင်းကလည်း ဈေးနှိမ်ရောင်းရင်တောင် မဝယ်ယူနိုင်ကြတာနဲ့ အ ခုနောက်ပိုင်းမှာဆိုရင် အိမ်တိုင်းလိုလိုမှာအခွေထိုးကြည့်ဖို့ အောက်စက်မရှိတော့တာစတဲ့အခက်အခဲတွေကြောင့်လည်း ပြည်မဖက်က အ ဆိုရှင်တွေနဲ့ ပြည်နယ်အတွင်းက အဆိုရှင်တွေဟာကွာဟရတာဖြစ်သလို တဖြည်းဖြည်းနဲ့ ရပ်တည်ဖို့ခက်ခဲလာကြတာလည်းဖြစ်ပါတယ်။
“အခုဆိုရင် ရခိုင်ပြည်က ခွေတစ်ခွေဟာ ၁၅၀၀ ပဲရှိတယ်။ ၁၅၀၀ ကိုတောင် ပရိသတ်တစ်ချို့က ၁၅၀၀ တောင်ကျသလားပေါ့။ အဲဒီလို ပြောကြတာရှိတယ်။ တကယ့်အားပေးချင်တဲ့သူတွေကတော့ ၁၅၀၀ ဘာဖြစ်လည်းပေါ့။ ကိုယ်တို့တောင် ဗမာခွေတွေ ဝေလတို့၊ ဖြိုးမြတ် အောင်တို့ ဒီအတိုင်း MTV တောင်မရိုက်ရသေးဘူး။ ၄၀၀၀ ထောင်ရှိတယ်။ မတို့က မငြိုမငြင် အားပေးတယ်။ Copy ခွေမကြိုက်ဘူး။ Copy အားလည်းမပေးဘူး။ Copy လည်းအဆိုဘူး။ သောက်တဲ့ကော်ဖီတောင်မကြိုက်ဘူး။ အဲဒီလို သူတို့ခွေကို ၃၅၀၀၊ ၄၀၀၀ တောင် ဝယ်နေရတဲ့အချိန်မှာ ကိုယ်တို့ခွေတွေက ၁၅၀၀ နဲ့တောင် မနည်း အံကြိတ်နေရတယ်။ အဲဒါလေးတွေမှာ ကွာဟသွားတယ်။ အဲဒီထဲမှာ တစ်ခါ ခိုးကူးခွေက ထွက်လာသေးရင်သေပြီ။ ခွေတစ်ခွေထုတ်လို့ ပိုက်ဆံ သန်း ၃၀ ကုန်ပြီး ၁၀ သိန်းလောက်တောင် ပြန်မရလိုက်ရင် နောက်တစ်ခွေထုတ်လို့ အဆင်မပြေတော့ဘူး။ စီးပွားရေးနောက်ခံလေး ရှိမှ လုပ်လို့အဆင်ပြေကြတယ်။ ရခိုင်ပြည်က အဆိုတော်တွေ ဟာလည်း အရှုံးခံလို့ ထုတ်နေကြရတာပါပဲ။ အကုန်လုံးလိုလို။”
ဒီလိုအခြေအနေမှာ ရခိုင်ပြည်နယ်က မျိုးဆက်သစ် အဆိုတော်တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုကတော့ အခက်အခဲပေါင်း သောင်းခြောက်ထောင်ထဲက ရုန်းကန်ပြီး ထုတ်တဲ့သီချင်းတွေကို တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ယှဉ်ရင် အရည်အသွေးမနိမ့်ကျအောင် ကြိုးပမ်းကြဖို့လိုတယ်လို့ သူကဆိုပါတယ်။
“ရခိုင်ဂီတလောကက မျိုးဆက်သစ်တွေကို ပြောချင်တာက ကိုယ်တို့က ရခိုင်ပြည်နယ်ထဲက အဆိုတော် တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေ မှာလည်း အဆိုတော်တွေအများကြီးရှိကြတယ်။ ကိုယ့်ပြည်နယ်က သီချင်းတွေဟာ သူများပြည်နယ်က သီချင်းတွေနဲ့ယှဉ်ရင် တန်းတူ ဖြစ်နေအောင်၊ သူတို့ထက် မနှိမ့်ကျတဲ့ သီချင်းတွေကို ဆိုပြနိုင်အောင်ကြိုးစားကြပါလို့ ပြောချင်ပါတယ်။”
အဆိုတော် ရီလှိုင်းပြာရဲ့ ခံယူချက်ကတော့ အနုပညာနဲ့ ပတ်သတ်လာရင် အကောင်းဆုံးလုပ်ပြချင်တာပါ။ ဒီအကြောင်းကိုလည်း သူက အခုလို ပြောပြပါတယ်။
“ပွဲတစ်ပွဲသွားမယ်ဆိုရင် ကိုယ်တို့ကတော့ အကောင်းဆုံးချပြရတာပဲ။ သီးချင်းအသစ်ရော။ အဟောင်းရောပေါ့။ အဟောင်းချည်း သီးသန့် ကြီးလည်း မဆိုဖြစ်ဘူး။ အသစ်လေးတွေကို ပရိတ်သတ်ကိုချပြတယ်။ ပရိတ်သတ်က နားမထောင်ရသေးဘူး။ စင်အောက်က လိုက်မဆို နိုင်သေးရင်တောင် ကိုယ်က သီချင်းအသစ်လေးတွေ ဖော်ထုတ်ပြီးတော့ ဆိုဖြစ်တယ်။”
အနုပညာမျိုးရိုးက ဆင်းသက်လာသူမို့လို့ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ ဖြောင့်ဖြူးခဲ့ပေမယ့် လူတိုင်းမှာတော့ စိတ် ညစ်စိတ်ပျက်စရာတွေ ရှိကြတယ်မဟုတ်လား။ သူကလည်း ဒီလိုအခြေအနေတွေကို ကြုံနေရတာဟာ ဒုနဲ့ဒေးပါပဲ။
“အနုပညာလောကမှာကတော့ အဖေရဲ့ကျေးဇူးကြောင့် အခက်ခဲသိမရှိခဲ့ဘူး။ အခက်ခဲတစ်ခုရှိတာကတော့ တစ်ခါတစ်ခါမှာ စိတ်ပျက်ရ တာ။ အနုပညာ လုပ်နေရင်းနဲ့ ကိုယ်နဲ့ထပ်တူမကျတဲ့ လူတွေ၊ ကိုယ်ပြောပြတာ၊ ဆွဲခေါ်တာကို လက်မခံတဲ့သူတွေနဲ့ တွေ့ရင်တော့ စိတ် ပျက်တာပေါ့။ အဲဒါကတော့ လူတိုင်းမှာရှိကြတာပါပဲ။ လုံးလုံးကြီးတော့ စိတ်ပျက်တာမရှိဘူး။ မဆိုတော့ဘူးဆိုလို့ ထားလိုက်တဲ့ အခိုက် တန့်တွေလည်းရှိတယ်။ ဒါပေမဲ့ အသွေးအသားထဲမှာ အနုပညာက စီးဆင်းနေတော့လည်း ဆိုဖြစ်သွားတာပါပဲ။”
ဘယ်လောက်ပဲခက်ခဲ တဲ့အခြေအနေမှာပဲ ရောက်နေပါစေ Rock အဆိုရှင်တစ်ယောက်အဖြစ် ရခိုင်ပရိတ်သတ်တွေရဲ့ ထောက်ခံအား ပေးမှုကို အခိုင်အမာရရှိထားတဲ့ ရီလှိုင်းပြာလို့ လူသိများတဲ့ မဦးခင်သိန်းကတော့ ရှေ့ဆက်လျှောက်ဖို့ အားအင်အပြည့်နဲ့ပါပဲ။
“ကိုယ့်ပြည်နယ်အတွင်းမှာတော့ ကြိုးစားနေဆဲပေါ့လေ။ ကိုယ်ကဘယ်လောက်ထိထိုးဖောက်ဖို့ မျှော်လင့်ထားလည်းဆိုတော့ အရင်က ဝါသနာမပါခဲ့ပေမယ့် အခုတော့ အနုပညာကိုပဲချစ်တယ်။ ကိုယ်သက်ရှိနေသရွေ့တော့ အနုပညာကိုပဲလုပ်သွားမယ်ပေါ့။ လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ထိုးဖောက်ဖို့မရှိသေးပါဘူး။ ဒါပေမဲ့ Burma Side ဖက်ကလူတွေနဲ့လည်း ရှိုးပွဲတွေ သွားရတာတွေရှိတယ် ပေါ့။ ကိုယ့်ရခိုင်သီချင်းတွေကို ကြားညှပ်ပြီးတော့ဆိုဖြစ်တယ်။ ရခိုင်လိုတစ်မျိုး၊ ဗမာလိုတစ်မျိုး အဲဒီလိုလည်းတစ်ခါတစ်လေဆိုဖြစ်တယ်။ သူတို့နားလည်အောင်လို့လေ။ ထိုးဖောက်ဖို့ လက်ရှိမှာ မရှိသေးပေမယ့်လည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ကိုယ်တတ်နိုင်တဲ့ အချိန် အတိုင်းအတာတစ်ခုခုမှာတော့ အခွင့်အရေးရရင် ဆိုသွားမယ်။”
983 total views, 1 views today