ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်ထဲက လူငယ်တွေအလုပ်လက်မဲ့ ဖြစ်နေရတာ၊ အလုပ်အကိုင် အခွင့်အလမ်းမရှိတာကြောင့် နယ် ရပ်စွန့်ခွာကြရတာတွေကို တတ်နိုင်သလောက် လျှော့ချပြီး မိမိတို့ ဒေသမှာပဲ လုပ်ကိုင်နိုင်ကြဖို့၊ အမျိုးသမီးတွေ အိမ်မှာနေရင်းနဲ့ပဲ ဝင်ငွေရနေဖို့  ဦးဆောင်ကြိုးစားနေသလို စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း ဦးစီးလုပ်ကိုင်နေ တဲ့ ရခိုင်အမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။

သူကတော့ ပုဏ္ဏားကျွန်းသူ ဒေါ်မအေး ဖြစ်ပါတယ်။

အစိုးရအမှုထမ်း မူလတန်းကျောင်းအုပ် ဆရာမတစ်ယောက်ဖြစ်ပေမယ့် အဲဒီအလုပ်ကို စွန့်လွှတ်ခဲ့ပြီးအောင်မြင် တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့ကြိုးခဲ့သူပါ။ ရခိုင်ပြည်နယ်ရဲ့ တစ်ခုတည်းသော ရခိုင်ရိုးရာရက္ကန်း စက်ရုံကို တည်ထောင်သူဖြစ်သလို ဒီလုပ်ငန်းကို ကိုယ့်ဒေသမှာသာမက တစ်နိုင်ငံလုံးအတိုင်းအတာမှာကော နိုင်ငံတကာထိပါ ထိုးဖောက်နိုင်ဖို့ အမြဲတမ်းတီထွင်ကြံဆနေသူလည်း ဖြစ်ပါတယ်။

ဒီလုပ်ငန်းကို ဘယ်လိုစတင်ခဲ့လဲ။ သူဘယ်လို ကြိုးစားခဲ့ရသလဲ။ အခက်ခဲတွေ ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ။ အခုလို စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာဖို့ ဘယ်လိုအရာက တွန်းအားပေးခဲ့သလဲ စတဲ့အကြောင်းအရာတွေက စိတ်ဝင်စားစရာပါ။

“ရခိုင်ဆိုတာ ရခိုင်ရိုးမရဲ့ အနောက်ဖက်မှာရှိတယ်။ ရခိုင်ရိုးမရဲ့ အရှေ့ဖက်ကို ပိုက်ဆံမပေးရင် ရခိုင်သားတွေ ပု ဆိုးမဝတ်ရ။ ကျွန်မတို့ရဲ့ ရခိုင်ရိုးမအနောက်ဖက်ခြမ်းမှာ ရောက်နိုင်အောင် ကြိုးစားမယ်။ အဲဒီစိတ်ဓာတ်နဲ့ အန် တီဟာ စက်ရက်ကန်း ၃ စင်နဲ့ စတင်ခဲ့တာ။ အများကြီးကုန်ကျခဲ့တယ်။ ဘာမှမသိခဲ့ဘူး။ ဖြစ်သလိုရှာကြံပြီးလုပ် ခဲ့တယ်။ ဆရာခေါ်သင်တယ်။ ကိုယ့်ဒေသက ယောက်ျားလေးတွေခေါ်သင်တော့ ပုဆိုးလည်း အကောင်းထွက် တယ်။ အဲဒီတုန်းက ၃၆ ယောက်လောက် အန်တီအလုပ်ပေးနိုင်ခဲ့တယ်။ ၂၀၁၆ ကပေါ့”

ပုဏ္ဏားကျွန်းဇာတိ ဆိုပေမယ့် ၁၉၉၃ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး ခင်ပွန်းနေထိုင်တဲ့ စစ်တွေမြို့နယ်၊ ကျားမ သောက်ကျေးရွာကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းကနေ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ခဲ့ တဲ့ သူမရဲ့ အိမ်မက်တွေဟာလည်း အဲဒီရွာမှာပဲ စတင်အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ မူလတန်း ကျောင်းအုပ်ဆရာမတစ်ယောက်ဖြစ်ပေမယ့် ဒီအလုပ်တစ်ခုတည်းအပေါ်မှာတော့ အားကိုးတကြီးရှိမနေခဲ့သလို အဂတိကင်းရှင်းသူဖြစ်တာကြောင့်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ဖြစ်ခဲ့တာလို့ ဒေါ်မအေးက ပြောပြ ပါတယ်။ ပထမပိုင်းမှာတော့ ကျောင်းဆရာမအလုပ်တစ်ဖက် သူလျှောက်လမ်းမယ့် အလုပ်တစ်ဖက်နဲ့ လုပ်ကိုင် ခဲ့ပြီး ဝန်ထမ်းလုပ်သက် ၃၀ ပြည့်တဲ့အခါမှာတော့ ဝန်ထမ်းဘဝကနေ ပင်စင်ယူခဲ့ပြီး ဒီလုပ်ငန်းကို ဇောက်ချလုပ် ကိုင်လာခဲ့တာပါ။

“အန်တီကဝန်ထမ်းလေ။ မူလတန်းကျောင်းအုပ်ဆရာမ။ ဝန်ထမ်းတစ်ဖက်နဲ့ပဲ အလုပ်လုပ်ဖြစ်ခဲ့တယ်လေ။ေ ကျာင်းလည်းသွားလိုက်။ အိမ်မှာလည်း အလုပ်လုပ်လိုက်နဲ့ အမြဲတမ်းနေဖြစ်တယ်။ ဝန်ထမ်းလစာတစ်ခုတည်း ကိုလည်း အားကိုးလို့ မနေတတ်ခဲ့ဘူး။ ကျောင်းဆရာမလုပ်လာတဲ့ သက်တမ်းတစ်လျှောက် လုပ်သက် ၃၀ ပြည့်တာနဲ့ အသက်လည်း ၅၀ ပြည့်တယ်။ ဆိုတော့ ပင်စင်ယူလိုက်တယ်။ အခုတော့ ပင်စင်ယူတာ ၁ နှစ်ပြည့် သွားပြီ။ ကျောင်းဆရာမလုပ်ရင်လည်း ရိက္ခာနဲ့ သိက္ခာကို ၅ ပြားအပေါက်ဖို့လည်း လဲလို့ မစားဖူးတဲ့ ဆရာမ။ ကိုယ့်တပည့်အပေါ်မှာ ဆရာမတစ်ယောက်အနေနဲ့ ဘယ်လို ကူညီပေးရမလဲ။ ဘယ်လမ်းကြောင်းက ကူညီရင် ခရီးရောက်မလဲ။ အားသွန်ခွန်စိုက် အဲဒီလိုလုပ်ပေးခဲ့လို့ ကိုယ်ကျတဲ့နေရာတိုင်း ကိုယ့်ပတည့်တွေကလည်း အ ကုန်လုံးလေးစားကြတယ်။ ရွာသားတွေရောပဲ။”

ဒီလိုနဲ့ သူဟာ ရခိုင်ရိုးရာအချိတ်ထည်တွေ ရက်လုပ်ဖို့ ကြိုးပမ်းလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုကြိုးပမ်းရာမှာ လည်း ရက္ကန်းထည်တွေနဲ့ သိပ်ပြီးနေသားတကျမရှိခဲ့တဲ့ သူမအတွက် အခက်ခဲတွေကလည်း များစွာကြုံတွေ့ခဲ့ ရပါတယ်။

“၁၉၉၈၊ ၉၉ ဝန်းကျင်လောက်က အန်တီတို့ဒေသမှာ သိုးမွှေးစင်ရက်ကြတယ်။ စောင်ပေါ့လေ။ အန်တီတို့က လည်း မနေတတ်တော့ အလုပ်လုပ်ချင်တယ်။ ဆိုတော့ စောင်ရက်တယ်။ ရန်ကုန်တို့မှာလည်း သိုးမွှေးစက်ရုံ တွေက ပွဲစားတွေဆီက ချည်လုံးတွေဝယ်တယ်။ မြဝတီ၊ မဲဆောက်ဖက်က သိုးမွှေးချတွေချတယ်။ အဲဒီလိုနဲ့ အန်တီက စောင်တွေရက်တယ်။ ရက္ကန်းပေါ့။ စောင်ရက္ကန်းကစတယ်။ စရင်းနဲ့ ရခိုင်အချိတ်ထဘီဖက်ကို ကူး ပြောင်းကြည့်တယ်။ ကူးပြောင်းကြည့် တော့ ကိုယ့်တို့အတထည်တွေဟာ တကယ့်ဈေးကွက်ထဲမှာ သူများတိုင်း နဲ့ ပြည်နယ်နဲ့ယှဉ်ကြည့်ရင် မမှီဘူး။ အရည်အသွေးညံ့လာခဲ့တယ်။ လူတွေကလည်းပဲ Traditional တစ်အနေနဲ့ ပဲ လက်ခံထားကြတယ်။ တကယ့် အမြတ်တနိုးနဲ့ တန်ဖိုးထားတဲ့အထဲကို မရောက်လာ။”

ပထမပိုင်းမှာတော့ သူဟာ သူတို့ဒေသမှာ လုပ်ကြတဲ့အတိုင်း လုပ်ခဲ့ပေမယ့် သူတို့ဒေသကထွက်တဲ့ အထည် တွေဟာ တစ်ခြားဒေသက ထွက်တဲ့အထည်တွေလို အရည်အသွေးမကောင်းလို့ ဈေးကွက်မဝင်ဘူးဆိုတာကို သိလာခဲ့ပါတယ်။ ဒါကြောင့် သူတို့ထုတ်တဲ့ အထည်တွေဟာလည်း သူများဒေသကထုတ်ကုန်လို အရည်သွေး ကောင်းပြီး ဈေးကွက်ဝင်နိုင်ဖို့ မြန်မာပြည်အနှံ့သွားပြီး လေ့လာခဲ့တယ်ဆိုပါတယ်။ ဒီလိုသွားရောက်လည်ပတ် ကြည်ရှု့ရင်းနဲ့ မိတ်ဆွေတစ်ဦးရဲ့ အကူအညီကြောင့် သူမလိုအပ်နေတဲ့ နည်းပညာကို ရရှိလာခဲ့တာပါ။ အဲဒီ နောက်မှာ ရက္ကန်းစင် ၃ ခုနဲ့ စတင်ပြီး လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

“ဒေါ်လေးဟာလေ ကျောင်းပိတ်တာနဲ့ ဥပမာအားဖြင့် အောက်တိုဘာ Holiday တို့ ဒီဇင်ဘာအားလပ်ရက်တို့လို၊ နွေရာသီ Summer Holidays တို့မှာ အထက်မြန်မာပြည်ကိုသွားတယ်။ အင်းလေးကိုသွားတယ်။ အမရပူရကို သွားတယ်။ ပြည်ကိုသွားတယ်။ မိတ္ထိလာ၊ ဝမ်းတွင်း၊ ဆိပ်ခွံ အကုန်လုံးကိုသွားတယ်။ သွားကြည့်တော့ ဆိတ်ခွံ မှာသွားတွေ့တယ်။ စိတ်ကောင်းနှလုံးကောင်းနဲ့ အစ်မလို အကူအညီပေးတတ်တဲ့ သူကလည်း ဦးဂျမ်းတို့မှာ ပု ဆိုးတွေ ခပ်သွင်းနေတာ။ ချည်ဆိုလည်း လုံးဝအကောင်းကိုမှ သုံးတယ်။ မဘုတ်လို့ခေါ်ကြတယ်။ ဒေါ်ကြည်နှင်း ဝေတဲ့ နာမေက သူစပြီးလုပ်ပေးတာ ကျေးဇူးတွေသိပ်ရှိတယ်။ တကယ်ဘဲ သူ့ကိုလေးစားတယ်။ သူဟာ ဆိပ်ခွံ တရွာလုံးကို လည်ပြီးတော့ ပတ်ပြတယ်။ ဆေးကိုက ဘယ်လိုဆိုးတယ်။ အထည်ကို ဘယ်လို ခတ်တယ်။ ဆို တော့ အန်တီက အမရယ် ကျမကို ရက္ကန်းစင် ၃ ခုလောက်ကူညီပေးလို့ ရမလားဆိုပြီး ပြောတော့ ရတယ်တဲ့။  အဲဒီမှာပဲ စသိကြတာလေ တကယ်ဆိုရင်။ တန်ဆောင်မုန်းလကျတော့ ရက္ကန်းစင် ၃ ခုဝယ်ဖို့ ငွေလွှဲ ပေးတော့ အပေါက်အမြစ်စုံအောင် အကုန်ဝယ်ပေးတယ်။ ဒီလိုဆိုတော့ ဆရာလိုတယ်။ ဆရာလိုတော့ ဆရာ သားဖနှစ် ယောက်ကို ၂ လမှာ ၁၄ သိန်းပေးပြီးတော့ ခေါ်ခဲ့ရတယ်။ စွန့်စားလိုက်တာပေါ့။ စွန့်ဦးတီထွင်အစစ်လေ။”

ဒီလုပ်ငန်းကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ထဲမှာ ကိုယ်ပိုင်စီးပွားရေးအကျိုးအမြတ်ထက် ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းဖြစ်စေဖို့၊ ပျောက်ကွယ်လုပ်နီးနီးဖြစ်နေတဲ့ ရခိုင်ရိုးရာရက္ကန်းထည်တွေကို ရိုးရာအထည် တစ်ခုလို့ သတ်မှတ်ရုံသာမက ပြန်လည်အသုံးပြု လာကြစေဖို့ စတဲ့အချက်တွေဟာတွေလည်း ဦးစားေးပးအနေ နဲ့ ပါဝင်ပါတယ်။

“တိုင်းရင်းသားရိုးရာအထည်ထဲမှာ ရခိုင်ထည်နဲ့ ပွဲသွားတယ်ဆိုရင်  ဂုဏ်ရှိတယ်။ ကျက်သရေရှိတယ်ပေါ့။ အဲဒီ လို တစ်ခေတ်ခရီးပေါက်ခဲ့ဖူးတယ်။ ခုနောက်ပိုင်းမှာ ချည်မကောင်းတာတွေလည်း ပါတယ်။ စီးပွားရေးကျတယ် ပေါ့လေ။ ဆင်းရဲမွဲတေမှုလည်း ရှိတယ်ဆိုတော့ ချည်အကောင်းနဲ့မလုပ်တော့ Quality မကောင်းသလို ဖြစ်လာ ခဲ့တာတွေ ရှိတယ်။ အန်တီကတော့ ချိတ်လိုင်းကို ထဘီ၊ ပုဆိုးရက်တဲ့ဖက်ကို ကူးပြောင်းကြည့်တော့ ကိုယ့်တို့ အထည်တွေဟာ တကယ့်ဈေးကွက်ထဲမှာသူများတိုင်းနဲ့ ပြည်နယ်နဲ့ယှဉ်ကြည့်ရင် မမှီဘူး။ အရည်အသွေးညံ့ လာခဲ့တယ်။ လူတွေကလည်းပဲ Traditional တစ်အနေနဲ့ပဲ လက်ခံထားကြတယ်။ တကယ့် အမြတ်တနိုးနဲ့ တန် ဖိုးထားတဲ့အထဲကို မရောက်လာ။ ဘာပဲပြောပြော အခုက တိုင်းရင်းသား ဝတ်စုံတွေဆိုလည်း အများကြီး လုပ် လာကြတော့ ကိုယ်တို့အထည်အတွက်လည်း နေရာလေးတစ်ခုတော့ ရပြီးတော့ မှန်ကန်တဲ့ ဈေးကွက်လေးတစ် ခုလည်း ရစေချင်တယ်။ ပြီးမှလည်း ကိုယ့်ဒေသက ကလေးတွေလည်း ရက္ကန်းအလုပ်သမားတွေလည်း အလုပ် အကိုင်အခွင့်အလမ်းတွေများလာမယ်။ နေရပ်ကို စွန့်ခွာလို့ သွားတဲ့ကလေးတွေဟာလည်း ဘာပဲဖြစ်ဖြစ် ကိုယ့် ဒေသမှာ အလုပ်တစ်ခုရှိတယ်ဆိုရင် လူနေမြဲဖို့ ကိုယ့်နေရပ်ကို မစွန့်ဘဲနဲ့ ၁၀ ယောက်သွားမယ့် အထဲမှာ ၂ ယောက်လောက်ပဲ ကိုယ့်ဒေသမှာ ကျန်ကျန် အဲဒီလို မြဲလာမယ်။ ကိုယ့်ဒေသမှာ စီးပွားလေးတစ်ခုဖော်ဆောင် နေတယ်ဆိုတော့ အဲဒီလို ဖြစ်နိုင်ဖို့လည်း ကိုယ်တို့အထည်ဟာ သူများတိုင်းနဲ့ ပြည်နယ်ကို ယှဉ်နိုင်ဖို့လိုတယ်။”

ဒီလိုသူရဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ခံယူချက်ကြောင့် ၂၀၁၄ ခုနှစ်မှာ “ရွှေကျား”လို့ အမည်ရတဲ့ ရခိုင်ရက္ကန်းထည် လုပ်ငန်းစက်ရုံကို တည်ထောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရွှေကျားလို့ နာမေပေးဖြစ်တဲ့ အကြောင်းအရင်းက လည်း ဆန်းကြည်ပါတယ်။

“ကျမကို လူတိုင်းက မေးကြတယ်။ “ရွှေကျား”လို့ ဘာလို့နာမေပေးထားတာလဲတဲ့။ ကျားမသောက်ရွာမှာ နေ တယ်။ ကျားမသောက်ရွာက ရေကိုသောက်တယ်။ ကျားမသောက်ရွာက ထမင်းကိုစားတယ်။ ကျားမသောက် သူမ ဟုတ်တယ်မလား။ အဲဒါရွှေကျားပဲ။ ဘယ်သူ့ကိုမှလည်း ဗေဒင်မေးစရာလည်း မလိုဘူး။ ကျားမသောက်ရွာ မှာနေတယ်။ ရွာကိုအရင်ဆုံးတင်စားရမယ်။ ကိုယ့်ရွာကို အရင်ဆုံးတင်စားရမယ်။”

စင်ငယ်လေး ၃ စင်နဲ့ စတင်ခဲ့တဲ့ အဆိုပါ ရက္ကန်းလုပ်ငန်းကလေးဟာဆိုရင် နှစ်အနည်းငယ်ကြာတဲ့ နောက်မှာ တော့ ဒေသခံအယောက် ၁၀၀ ကျော်လောက်ကို အလုပ်ပေးထားနိုင်ပြီးဖြစ်သလို အဲဒီလုပ်ငန်းက ထွက်ရှိတဲ့ အထည်တွေကိုလည်း ရခိုင်ပြည်နယ်ရဲ့မြို့နယ်အနှံ့အပြားမှာသာမက မြန်မာတစ်ပြည်လုံးမှာလည်း ဖြန့်ချိလျှက် ရှိနေပါပြီ။

“အန်တီကတော့ ဈေးကွက်ချဲ့တဲ့အနေနဲ့ နေပြည်တော်မြို့မဈေးမှာ တစ်ဆိုင်ဖွင့်ထားတယ်။ ပြင်ဦးလွင်မှာ တစ် ဆိုင်ဖွင့်ထားတယ်။ Local Market အနေနဲ့ဆိုလို့ရှိရင်တော့ အမှာရှိရင် ရန်ကုန်ပို့တယ်။ ပုဆိုးဆိုရင်တော့ သိပ် ရောင်းရတယ်။ ကောင်းလည်းကောင်းတော့လေ။ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ မင်းပြား၊ ပေါ က်တောဆိုသလို ကိုယ်ကအများကြီး မထုတ်နိုင်သေးတော့ မြို့နယ်တိုင်းကိုတော့ မရောက်သေးဘူး။”

အသက် ၅၁ နှစ်ရှိနေပြီဖြစ်တဲ့ ကျောင်းဆရာမကြီး အငြိမ်းစားဒေါ်မအေးဟာ ပြည်တွင်းမှာတင်မကပဲ အခုဆိုရင် နိုင်ငံတကာမှာလည်း ဆက်လက်ထိုးဖောက်နိုင်ဖို့ ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။

“ရက္ကန်းလုပ်ငန်းဆိုတာ စက်ရက္ကန်း၊ လက်ရက္ကန်းနှစ်ခုပဲ ကွာတယ်။ ရက္ကန်းလုပ်တယ်ဆိုပြီးတော့ ပုဆိုးနဲ့ ထဘီ နှစ်ခု တည်းကို ကြည့်နေလို့မရဘူး။ နိုင်ငံတကာဈေးကွက်မှာ ပုဆိုးဘယ်သူမှ မဝတ်သလို ထဘီကိုလည်း တစ် နိုင်ငံမှ မဝတ်ဘူး။ ကျမတို့ ဘာလုပ်နိုင်ရမလဲ။ သူများနိုင်ငံကလက်ခံဖို့ ဘယ်လိုအရည်အသွေးနဲ့ လုပ်ရမလဲ။ ဘယ်ထုတ်ကုန်လုပ်ရင် ကောင်းမလဲဆိုတဲ့အတွေးတွေဟာ အန်တီဆီမှာ ရှိနေတယ်။ အခုလောလောဆယ် အန်တီထုတ်နေတာ နှစ် ၈၀ ခံမယ့် အင်္ကျီပိတ်စ အမျိုးသားဝတ် အရည်သွေးကောင်းကောင်းနဲ့  Shirt အင်္ကျီ တွေ ထုတ်နေပြီ။ ပုဝါတွေထုတ်တယ်။ ဒါတွေနဲ့ အင်တာနေရှင်နယ်လမ်းကြောင်းတွေကို သွားမလို့ ကြိုးစား နေတယ်။”

ခက်ခဲကြမ်းတမ်းတဲ့ ဘယ်အခြေအနေမှာပဲရောက်နေရောက်နေ အရှုံးပေးပြီး လှည့်ထွက်လာမယ့်အထဲမှာတော့ ဒေါ်မအေး မပါပါဘူး။ သူလိုချင်တာဖြစ်ချင်တာကို ရအောင်ကြိုးစားတတ်တဲ့ လူစားမျိုးပါ။ သူပါးလိုက်တဲ့ စကား လက်ဆောင်တစ်ခွန်းကတော့

“လုပ်ချင်သလား။ ဖြစ်ချင်သလား။ တကယ်လုပ်။ အဟုတ်ဖြစ်ရမည်။ စိတ်ဓာတ်မကျနဲ့။ ကိုယ်ဖြစ်ချင်တာတစ်ခု ကို ကိုယ်လုပ်ရင် နောင်တစ်ချိန်မှာဖြစ်လာမယ်။ ဖြစ်ချင်လို့ မလုပ်ပဲနေရင်  ဘာမှဖြစ်လာမှာ မဟုတ်ဘူး။”

 753 total views,  1 views today