နောင်နောင် ၊ Arakan Yoma
ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေ၊ စေတီပုထိုးတွေ ပေါများကြွယ်ဝတဲ့ ရခိုင်ဒေသ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ လက်ရှိမှာ ကြိုးစားနေဆဲ ကာလဖြစ်ပါတယ်။
ဒီလို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့အတွက် ယူနက်စကိုအဖွဲ့ဝင် အကြီးအကဲတွေနဲ့ နိုင်ငံတကာက သမိုင်းပညာရှင်တွေ မြောက်ဦးမြို့ကို လာရောက်လေ့လာတဲ့အခါ ရခိုင်သမိုင်းပညာရှင် ဆရာမ ဒေါ်ခင်သန်းက ဘက်ပေါင်းစုံကနေ ပါဝင်ကူညီပေးနိုင်သူတစ်ဦးဖြစ်ပါတယ်။
“ဆယ်တန်းအောင်တဲ့အချိန်ကျတော့ ကျွန်မရွေးချယ်လိုက်တဲ့ ဘာသာက သမိုင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်မ သမိုင်းကို နောက်ပိုင်းမှာ သိချင်လာတယ်။ အထူးသဖြင့်တော့ ကျွန်မတို့ ရခိုင်တွေ သမိုင်းကို ပိုပြီး သိချင်လာတယ်လို့ ကျွန်မ ပြောလို့ရပါတယ်။ ဘာဖြစ်လို့ဆိုတော့ ကျွန်မတို့ မြန်မာနိုင်ငံက ပြဌာန်းတဲ့ စာအုပ်တွေမှာ ရခိုင်နဲ့ ပတ်သက်လို့ ရခိုင်သမိုင်းကို မသိခဲ့ရပါဘူး။ ကျွန်မတို့ အမေအဖေတွေ ပြောပြတဲ့ ယုံတမ်း စကားလိုမျိုးဖြစ်နေတဲ့ ပုံပြင်တွေကိုပဲ အိပ်ရာဝင်ပုံပြင်အနေနဲ့ ကြားခဲ့ရတယ်။ ဒါကြောင့် ကျွန်မက ဆန္ဒက ဘာဖြစ်လာလဲ ဆိုတော့ ရခိုင်သမိုင်းကို သိချင်လာတယ်။ ရခိုင်သူတစ်ဦးအနေနဲ့ ရခိုင်သမိုင်းကို သိချင်တဲ့ ဆန္ဒတွေ များလာတယ်။ ဒါကြောင့်မို့လို့ ဆယ်တန်းအောင်ပြီးတဲ့နောက်မှာ ကျွန်မသည် သမိုင်းမေဂျာကိုပဲ ရွေးချယ်ပြီး တက်ရောက်ခဲ့ပါတယ်။” လို့ ရခိုင်သမိုင်းပညာရှင် ဆရာမ ဒေါ်ခင်သန်းက ပြောပါတယ်။
ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်တဲ့ ဆရာမ ဒေါ်ခင်သန်းကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူဝါသနာပါရာ သမိုင်းဘာသာရပ်နဲ့ ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဆရာမဟာ သူမွေးဖွားရာ ရန်ကုန်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှာတော့ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနအဖွဲ့ကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
အခု လက်ရှိမှာတော့ မိသားစုနဲ့အတူ မြောက်ဦးမြို့မှာ နေထိုင်နေပါတယ်။
“ကျွန်မဟာ မြောက်ဦးကို ရောက်လာတဲ့အချိန်မှာ ကျွန်မ တာဝန်ထမ်းဆောင်ခဲ့ ရတဲ့ ရှေးဟောင်းသုတေသန ဌာနသည် နန်းတော်ကုန်းပေါ်မှာ ရှိပါတယ်။ နန်းတော်ကုန်းပေါ်မှာ ရှိနေတဲ့အခါ အဲဒီနန်းအပေါ်မှာ ကျွန်မ နေထိုင်ပြီးတော့မှ ရှင်ဘုရင်တွေသည် ရခိုင့်နိုင်ငံတော်ကြီးကို ဘယ်လို အုပ်ချုပ်ခဲ့လဲ။ ဘယ်လို စီမံခန့်ခွဲခဲ့လဲဆိုတာ ကျွန်မ အရမ်း သိချင်လာပါတယ်။ ဒီနန်းကြီးကို ဘယ်လို တည်ဆောက်ခဲ့ပြီးတော့မှ ဒီနေရာကနေပြီးတော့ ဗဟိုအုပ်ချုပ်ရေးကို ဘယ်လို အုပ်ချုပ်ခဲ့လဲ။ အဝေးမြို့ရွာ အုပ်ချုပ်ရေးကို ဘယ်လို အုပ်ချုပ်ပြီးတော့မှ တိုင်းပြည်ကို ဘယ်လို ကာကွယ်ခဲ့လဲ ဆိုတာ သိချင်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မသည် မဟာဝိဇ္ဇာဘွဲ့ ဒီ မြောက်ဦးခေတ် အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ Chapter ၃ ခုလုံး အခန်းသုံးခန်း စနစ်တကျ ခွဲပြီးတော့မှ မြောက်ဦးခေတ်ဗဟိုအုပ်ချုပ်ရေးကို ကျွန်မ လေ့လာပါတယ်။ ပြီးတဲ့အခါ အဝေးမြို့ရွာ အုပ်ချုပ်ရေးကို ကျွန်မ လေ့လာပြီး၊ မြောက်ဦးခေတ် ကာကွယ်ရေးကိုလည်း ကျွန်မ လေ့လာပါတယ်။ လေ့လာတဲ့နေရာမှာ အနီးကပ် ကျွန်မကို သင်ကြားပြသပေးတာကတော့ ကျွန်မရဲ့ ဆရာလည်း ဖြစ်တယ်။ အမျိုးသားလည်း ဖြစ်တယ်။ ဦးဦးသာထွန်းရဲ့သား ဦးကျော်ထွန်းအောင်ပါ။ ကျွန်မကို အနီးကပ်သင်ကြားပြသခဲ့တာဖြစ်ပါတယ်။” လို့ ဒေါ်ခင်သန်းက ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း ဆရာမက မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှာ ဥက္ကဌ တာဝန် ယူထားသလို ရခိုင်ပြည်နယ် လွှတ်တော်မှာလည်း ဥပဒေအကြံပေးအဖြစ်နဲ့ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
“ကျွန်မတို့ အခု ယူနက်စကို ဝင်ဖို့အတွက် ကော်မတီ ၁၆ ဖွဲ့ ဖွဲ့ပြီးတော့မှ မိမိတို့ ကော်မတီ ၁၆ ဖွဲ့အနေနဲ့ ကော်မတီက တာဝန်ယူဆောင်ရွက်ရတဲ့အလုပ်တွေကို အားလုံး လုပ်ရတယ်။ လုပ်တဲ့အခါ ကျွန်မ တာဝန်ယူထားရတဲ့ သမိုင်း အထောက်အထား ရှာဖွေရေး ဥက္ကဌ တာဝန်ကို ကျွန်မ ယူပါတယ်။ ယူနက်စကို ပညာရှင်တွေနဲ့ ကမ္ဘာ့က ပညာရှင်တွေ မေးလာသမျှ သမိုင်းကြောင်းတွေ၊ အထောက်အထားတွေ အားလုံးကို ကျွန်မသည် ပေစာ၊ ကျောက်စာ၊ မြေပြင် အထောက်အထားတွေနဲ့ လိုအပ်တာတွေ အားလုံးကို ကျွန်မ ရှာဖွေ ပေးပါတယ်။ မြေပြင်ကိုလည်း ပြလာပေးပါတယ်။” လို့ ဒေါ်ခင်သန်းက ဆက်ပြောပါတယ်။
အမျိုးသားဖြစ်သူကလည်း ရခိုင်သမိုင်းတွေနဲ့ ပတ်သက်ပြီး သုတေသနပြုတဲ့နေရာမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်ပါတယ်။ ဒီလို စိတ်တူ ကိုယ်တူ ဝါသနာ တူတဲ့သူနဲ့ ရေစက်ဆုံခဲ့တဲ့ ဆရာမအတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ရပ်ကတော့ ဝါသနာပါရာ သမိုင်းပညာကို ခင်ပွန်းဖြစ်သူဆီက အနီးကပ် လေ့လာသင်ယူခွင့်ရခဲ့တာပါ။
“သျှစ်သောင်းရှိပြီးတော့မှ ကိုးသောင်းလည်း ရှိတယ်ဆိုပြီးတော့ ကျွန်မ ယောက်ျားကို ကျွန်မ အမြဲတမ်းမေးပါတယ်။ ကိုးသောင်း ဘုရား ဘယ်မှာလဲ။ သျှစ်သောင်းဘုရားတော့ မြင်ရပြီ။ ကိုးသောင်းဘုရား ဘယ်မှာလဲ ဆိုပြီး။ တောင်ကြီးကိုပဲ ထိုးထိုးပြတယ်။ ဒီနေရာက ကိုးသောင်းဆိုပြီး။ ထိုးထိုးပြတော့။ ဘယ်လိုမှ မကျေနပ်ဘူး။ ဘာဖြစ်လို့ ဒီတောင်ကြီးကို ကိုးသောင်းလို့ ပြောရတာလဲ။ ဘာလို့ဆို ကျွန်မအနေနဲ့ တွေးတော့ မြေကြီးတွေ ဖုံးပြီးတော့မှ သစ်ပင်တွေပေါက်နေတာ။ ဘယ်နေရာက ကြည့်ကြည့် တောင်ကြီးပဲ မြင်ရတယ်။ ဒါ ကိုးသောင်းလို့၊ ဘုရားလို့ ပြောလို့ရတဲ့ အနေအထားမျိုး မဖြစ်ဘူး။ အဲဒီအခါ ကျွန်မတို့ကနေပြီးတော့မှ ကိုးသောင်းဆိုတဲ့ဟာသည် ဘယ်လို တည်ဆောက်တာလဲ နိုင်ငံတော်က အကြီးအကဲတွေကလည်း ကျွန်မတို့ ရှင်းပြတဲ့အခါကျတော့ ကိုးသောင်းပြတော့လည်း ကျွန်မတို့ တောင်ကြီးကို ပြတော့လည်း နိုင်ငံတော်အကြီးအကဲတွေကလည်း ကိုးသောင်း တူးလိုက်ရင် ဘယ်လို ထွက်မလဲ၊ တူးကွ ဆိုပြီးတော့မှ ပြောတော့ ကျွန်မယောက်ျားက တက်ထရွန်ပိတ်စပေါ်မှာ ကိုးသောင်းဘုရားရဲ့ တည်ဆောက်ပုံကို ဆွဲပြတယ်။ အဲဒီအတိုင်း ထွက်နိုင်မလားဆိုတော့ ထွက်နိုင်တယ်ဆိုတော့ သူတို့ ချပေးတဲ့ ဘတ်ဂျတ်အရ ကျွန်မတို့ လင်မယားနှစ်ယောက် ဦးဆောင်ပြီးတော့ ကိုးသောင်းကြီးကို တူးတယ်။ တူးတဲ့အခါ ကျွန်မတို့ ပထမ ချပေးတဲ့ မူကြမ်းအတိုင်းပဲ ထွက်လာတဲ့အခါကျတော့ ကျွန်မယောက်ျားကို နိုင်ငံတော် အကြီးအကဲတွေက ပြောတယ်။ မင်းလူဝင်စားလား ဆိုပြီးတော့။ ကျွန်မတို့လင်မယား ရယ်နေကြပါတယ်။ အဲဒီတုန်းက အရမ်းလည်းပျော်ပါတယ်။” လို့ ဒေါ်ခင်သန်းက ကိုးသောင်းဘုရား တူးဖော်ရရှိခဲ့မှုအပေါ် ပြန်ပြောင်း ပြောပြပါတယ်။
အရွယ်သုံးပါးထဲက သက်ကြီးပိုင်းကို စပြီး လှမ်းနေတဲ့ အရွယ် ဖြစ်တာကြောင့် ဆရာမ ဒေါ်ခင်သန်း ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုက လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘူးလို့ ဆိုပါတယ်။
သမိုင်းအကြောင်းအရာတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ကိုင်တတ်တဲ့ ဆရာမဒေါ်ခင်သန်းမှာ စိုးရိမ်ပူပန်ရမယ့် နောက်ထပ် ကြီးမားတဲ့ အခက်အခဲတစ်ခုကလည်း ရှိနေပါတယ်။
“ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ထဲမှာ ကြီးကြီးမားမား ပြဿနာကတော့ သမိုင်းစာအုပ်တွေ၊ သမိုင်းအထောက်အထားတွေ ရှာဖွေဖို့အတွက် ကျွန်မယောက်ျားလို ပညာရှင်နဲ့ ကျွန်မ ကြုံခဲ့လို့။ ဒါဆို နောင်လာနောက်သားတွေက ဒီလိုမျိုး မကြုံရင် ကျွန်မတို့ရဲ့ ယဉ်ကျေးမှုသမိုင်းကို ဘယ်လို သိကြမှာလဲ။ သမိုင်းသည် တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လုဆဲ ဖြစ်နေတာကို တွေ့ရတယ်။ ဒါကတော့ ကျွန်မတို့ စိန်ခေါ်မှုပါ။ ဆိုတော့ တွေ့ကြုံရမယ့် အခက်အခဲကတော့ ဒါတွေအတွက် ကျွန်မ အမြဲတမ်း ရင်ပူပါတယ်။ အမြဲတမ်း စိတ်ပူပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မသည် ဒါနဲ့ ပတ်သက်ပြီး သင်တန်းပို့ချဖို့အတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေတာ။ သူနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ထုတ်ဝေဖို့အတွက်လည်း ငွေကြေးရရှိမှုအပေါ်မှာ မူတည်ပြီးမှ အမြဲတမ်း ကြိုးစားနေတာ။ ကျွန်မ မြောက်ဦးမြို့ကို ငြိမ်းချမ်းချင်ပါတယ်။ ယဉ်ကျေးမှုအမွေနှစ်ဒေသသည် ငြိမ်းချမ်းရာနယ်မြေ ဖြစ်ချင်ပါတယ်။ အလိုချင်ဆုံးကတော့ စစ်မဲ့ဇုန်ပါ။ ယဉ်ကျေးမှုအမွေအနှစ်ကို အားလုံးက ကာကွယ်စောင့်ရှောက်ပေးတာကို ကျွန်မ လိုချင်ပါတယ်။””လို့ ဆရာမ ဒေါ်ခင်သန်းက ပြောပါတယ်။
ဒါကြောင့် ဆရာမအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ပုံတွေကို သူ့ရဲ့ သားသမီးတွေနဲ့ အနာဂတ် လူငယ်တွေကို လက်ဆင့်ကမ်းပြီးတဲ့နောက်မှာတော့ ဘဝနေဝင်ချိန်ကို တရားအားထုတ်ယင်းနဲ့ အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ ဆန္ဒတွေ ပြည့်လို့ နေပါတော့ပြီ။
716 total views, 1 views today