ကိုအောင် (ရိုးမရေဒီယိုမဂ္ဂဇင်း)
ဒီတစ်ပါတ်မှာတော့ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်းနဲ့ စိုင်းတင်တောင်တန်းပေါ်မှာ ၀ါးခုတ်လုပ်ငန်း လုပ်ကိုင်သူတွေ အကြောင်းကို တင်ဆက်ပေးသွားမှာပါ။
စိုင်းတင်ချောင်း၊ စိုင်းတင်ရေတံခွန်၊ စိုင်းတင်တောင်တန်းဆိုတာ ဘူးသီးတောင်ဒေသရဲ့ အမှတ်သင်္ကေတ တခုဆိုလည်း မမှားပါဘူး။ ဘူးသီးတောင်က စိုင်းတင်ရေတံခွန်ထိ စက်လှေနဲ့ တိုက်ရိုက်သွားနိုင်သလို၊ ဘူးသီးတောင်က ကင်းတောင်ရွာအထိ ကားလမ်းအတိုင်း လာပြီး ကင်းတောင်က စက်လှေစီးပြီးတော့လဲ သွားရောက်နိုင်ပါတယ်။ စိုင်းတင်ရေတံခွန်ကို အနယ်အနယ် အရပ်ရပ်က လာရောက်လည်ပတ်သူတွေ၊ လေ့လာသူတွေလဲ အများအပြားရှိသလို စိုင်းတင်ရေအားလျှပ်စစ် စီမံကိန်းကြောင့်လည်း လူသိများလှပါတယ်။
စိုင်းတင်ချောင်းဆိုတာ မြောက်ဘက်က စီးဆင်းလာတဲ့ စစ်ချောင်းနဲ့ အရှေ့မြောက်ဘက်က စီးဆင်းလာတဲ့ ရိချောင်းတို့ နှစ်ခုဆုံရာက စိုင်းတင်ချောင်းလို့ ဖြစ်ပေါ်လာတာပါ။
စိုင်းတင်ချောင်းရဲ့ အထက်ဘက် စစ်ချောင်းနဲ့ ရီးချောင်းဆိုတာ ဘူးသီးတောင်ရဲ့ အဓိကစီးပွားရေး လုပ်ငန်းတွေထဲက တခုဖြစ်တဲ့ ၀ါးထုတ်လုပ်ရေးရဲ့ အသက်သွေးကြောပဲ ဖြစ်ပါတယ်။ တနှစ်ကို စိုင်းတင် တောင်တန်းပေါ်က ၀ါးအလုံးရေ ငါးသန်းလောက် နှစ်စဉ် ထုတ်လုပ်နိုင်တယ်လို့ ၀ါးကုန်သည်တွေဆီက သိရပါတယ်။
ဈေးကွက်ဝင်တဲ့ ၀ါးတလုံးရဖို့ ဘယ်လိုရှာဖွေရသလဲ၊ ဘယ်လောက် အချိန်ပေးရသလဲ၊ ဘယ်နေရာတွေကို တင်ပို့ရသလဲ စတဲ့အကြောင်းအရာတွေကို သိဖို့အတွက် စိုင်းတင်ချောင်းထဲမှာ နှစ်ပေါင်းများစွာ ၀ါးခုတ်လုပ်ငန်း လုပ်ခဲ့သူတွေကို တွေ့ဆုံပြီး တင်ပြပေးသွားမှာပါ။
ဦးလှမောင်သာက ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာမှာ နေထိုင်သူပါ။ စိုင်းတင်တောင်ပေါ်ကို မိုးရာသီကုန်ဆုံးတဲ့ အချိန်ကစပြီး မိုးမကျခင်အထိ လှည့်လည်သွားလာပြီး ၀ါးခုတ်လုပ်ငန်းကို နှစ်ပေါင်း လေးဆယ်လောက် လုပ်ကိုင်ခဲ့ပါတယ်။ ၀ါးခုတ်ရာသီ ရောက်ပြီဆိုတာနဲ့ သူ့ရဲ့ အဖွဲ့သားတွေကို စုစည်းပြီး ၀ါးကျင်းရှာဖို့ တောင်တွေပေါ်မှာ လှည့်လည်ကြပါပြီ။ ဆန်၊ ဆီ၊ ငါးခြောက်၊ ဆေးဝါး၊ အ၀တ်အစား အသုံးအဆောင်တွေကို ထမ်း၊ တောင်တန်းအတိုင်း ခြေလျှင် လျှောက်ပြီး ရှာရတာပါ။
“တက်ပြီဆို တက်တာပဲ။ တွေ့တဲ့တောင်ကို တက်တာပဲ၊ မနက် ထမင်းစားပြီးတာနဲ့ တက်ကြတယ်။ နေကလဲ ပူတာနဲ့။ ညနေဘက် သုံးနာရီ လေးနာရီလောက် ဖြစ်လာပြီဆိုတာနဲ့ ဆက်မတက်တော့ဘူး ရောက်တဲ့ နေရာမှာရပ်၊ ကိုယ့်အိုး၊ ကိုယ့်ခွင်၊ ကိုယ့်ရိက္ခာကိုထုတ်၊ ထမင်းချက်စားရတော့မယ်။ ပြီးရင် အိပ် မိုးလင်းရင် ဆက်ထွက်။” လို့ ဦးလှမောင်သာက ဆိုပါတယ်။
ဒီလိုနဲ့ တောင်တစ်လုံးပြီး တစ်လုံးတက်ပြီး ၀ါးတောတွေကို လိုက်ရှာရတာပါ။ ၀ါးခုတ်လုပ်သားတွေရဲ့ အခေါ်အရတော့ ၀ါးကျင်း လို့ ဆိုပါတယ်။ ဘယ်ခွင်က၀ါးကျင်းမှာ ၀ါးဘယ်လောက် ထုတ်နိုင်တယ် ဆိုတာကို ရှာရပါတယ်။ ကိုယ့်အုပ်စုမှာပါတဲ့ ၀ါးခုတ်လုပ်သား အရေအတွက်၊ ကိုယ်ထုတ်လုပ်မယ့် ၀ါးအရေအတွက်ကို ချိန်ညှိပြီး လုံလောက်တဲ့ ၀ါးအရေအတွက် ရနိုင်မယ့် ၀ါးကျင်းကို ရွေးချယ်ရတာပါ။ ၀ါးကျင်းကို ရှာတွေ့ပြီ ဆိုရင်တော့ ၀ါးကျင်း ဧရိယာမှာပါတဲ့ ကျေးရွာအုပ်စုက ရွာလူကြီးကို တွေ့ဆုံပြီး ဒီခွင်က ၀ါး ဘယ်လောက်ထုတ်မယ်။ လူဘယ်လောက်ပါမယ်။ ဘယ်နှစ်ရက်နေမယ် ဆိုပြီး အသိပေး ၀ါးကျင်းဖိုးငွေပေးပြီး ၀ါးခုတ်ကြပါပြီ။
“ထူထူရှိတယ်၊ ပါးပါးရှိတယ် ၀ါးပေါက်နေတာက။ ထူထူဆို ဒီလောက်ထွက်ဖို့ ဆိုတာ တစ်ခါ ခုတ်ရင် သိတာကိုး။ ငါးသောင်းထွက်ဖို့ တစ်သိန်းထွက်ဖို့ သိတယ်။ ၀ါးက ထူတယ်ဆိုရင် ထူတာ လူတိုးမပေါက်ဘူး။ ရွေးနေလို့ မရတော့ဘူး။ ယာခုတ်သလို ခုတ်ပစ်လိုက်ရတယ်။ အကြီးအငယ် ရွေးနေလို့လဲ မရနိုင်တော့ဘူး။ အဖျားဖြတ်၊ အရင်းဖြတ်၊ ပြီးပြီ။” လို့ ဦးလှမောင်သာက ဆက်ပြောပါတယ်။
ကိုမောင်ကျော်လှိုင်ကလည်း ၀ါးခုတ်သားအဖြစ်နဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် လုပ်ကိုင်ခဲ့သူပါ။ သူကတော့ အတွေ့အကြုံအရ ၀ါးကောင်းမကောင်းကို မြင်တာနဲ့ သိတယ်လို့ ဆိုပါတယ်။ ဈေးကွက်ဝင်နိုင်မယ့် ၀ါးကောင်းကို ရှာပြီးခုတ်ယူကြရတာပါ။
“၀ါးကောင်း မကောင်းဆိုတာတော့ လုပ်စားတဲ့သူက ကြည့်လိုက်တာနဲ့ သိတယ်လေ။ ၀ါးကို ခေါက်ကြည့် လိုက်တာနဲ့ ဒီဝါးက ထူတယ်၊ ပါးတယ်၊ ဆိုတာသိတယ်။ အသံက ကွာတယ်။ ကောင်းတာနဲ့ မကောင်းတာကလဲ အသံကွာတယ်။ ၀ါးပင်တွေ ပေါက်တဲ့နေရာကလည်းမတူ။ မကောင်းတဲ့ဝါးဆို စိမ်းနေတယ်။ ကောင်းတဲ့ဝါးဆို အ၀ါရောင်မှာ အပျောက်အပျောက်လေးတွေပါတယ်။” လို့ ကိုမောင်ကျော်လှိုင်က ပြောပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ ၀ါးကျင်းတွေကို ဧရိယာလိုက် ၀ါးပွဲစားတွေက အုပ်စုနဲ့ညှိပြီး အပိုင် ၀ယ်လိုက်ကြတဲ့ အတွက် တပိုင်တနိုင် ၀ါးခုတ်ကြသူတွေက လုပ်ကိုင်ခွင့်မရတော့ဘူးလို့ ကိုမောင်ကျော်လှိုင်က ဆိုပါတယ်။
“အခုပွဲစားတွေက ခွင်တခုကို အပြတ်ဝယ်လိုက်တယ်။ ရွာဥက္ကဌနဲ့ ညှိပြီး။ ၀ါးအပေါ်မူတည်ပြီးတော့ ဆယ်သိန်း၊ သိန်းနှစ်ဆယ် စသည်ဖြင့် ပေးလိုက်တယ်။ အဲ့ဒီတောကို တခြားလူ ၀င်ခုတ်လို့ မရတော့ဘူး။ ၀ါးခုတ်ချင်တယ်ဆို သူတို့ဆီကပေးတဲ့ ကြိုတင်ငွေကို ယူပြီး ခုတ်ချင်ခုတ် ဒါဆိုရတယ်။ ကိုယ့်ဟာကို တပိုင်တနိုင် ငါးရာတထောင် ခုတ်ချင်တယ်ဆို ခုတ်လို့မရတော့ဘူး။”
ခုတ်လို့ ရတာတဲ့ဝါးတွေကို ကိုယ့်အမှတ်အသားနဲ့ကိုယ် အရေအတွက်အလိုက် အစည်းစည်းကြရပါတယ်။ ချောင်းအတိုင်း မျှောချလို့ရအောင် အစည်းလိုက် တန်းပြီးဖောင်ဖွဲ့ရပါတယ်။ အစည်းမမှားရအောင် သင်္ကေတ အမှတ်အသား လုပ်ရပါတယ်။
“သူ့ဝါးကိုယ့်ဝါး မမှားရအောင် ချည်တဲ့အခါ ကိုယ့်နေရာနဲကိုယ် သပ်သပ်ယပ်ယပ် ချည်တယ်။ ပြီးတော့ ကိုယ့်သင်္ကေတနဲ့ ကိုယ် မှတ်တယ်။ တချို့ကဆေးနီ၊ တချို့က ဆေးဝါ၊ စသည်ဖြင့်။ တချို့ကတော့ ချည်တဲ့ နှီးစကိုမှတ်တဲ့သူလဲရှိတယ်။” လို့ ကိုမောင်ကျော်လှိုင်က ဆက်ပြောပါတယ်။
ဝါးမျှောချလာတဲ့အခါ ချောင်းကျဉ်းတဲ့နေရာ၊ ကျောက်ဆောင်ကြားတွေထဲကအလိုက်သင့် မျှောချနိုင်အောင် ရှေ့က ဖောင်တန်းကို ဦးဆောင်ပဲ့ကိုင်သူက မမှားအောင် သတိထားရပါတယ်။ အမှားအယွင်းရှိတာနဲ့ အပျက်အစီး ရှိနိုင်သလို အချိန်ကြန့်ကြာတာလဲ ဖြစ်နိုင်ပါသေးတယ်။
ဦးလှမောင်သာက “ဒီခေါင်းက ဒီနေရာမှာ တိုက်မိပြီဆိုတာနဲ့ ၀ါးတွေအားလုံး ပုံနေမှာပဲ။ ပုံပြီဆိုတာနဲ့ ထားတော့ အားလုံး ပြန်ဖျက် ပစ်ရတော့မယ်။ ဒီအပေါက်က၀င်ရမယ်။ မ၀င်ရင်ပိတ်မယ်။ အဓိကတော့ လူနဲ့ပဲမျှောတယ်။ လူက ၀ါးပုံ ခေါင်းကတက်၊ သူက နားမလည်ရင် ဒီနေရာမှာပုံတော့မယ်။ အဲ့ဒါဆို နောက်က လူလဲထားတော့ ဘာမှ လုပ်မရဘူး။” လို့ ပြောပါတယ်။
တခါတလေ အခုလို ခုတ်ပြီးသားဝါးတွေ လမ်းခရီးမှာပဲ ပျက်စီးသွားတဲ့အတွက် ဆုံးရှုံးရတာတွေလဲ ရှိတတ်ပါသေးတယ်။ အဲ့ဒီအချိန်မှာ ဆိုရင်တော့ တောင်ပေါ်မှာ လနဲချီပြီးလုပ်ခဲ့ရတဲ့ အကျိုးအမြတ် အားလုံး ဆုံးတဲ့အပြင် ကြိုတင်ငွေ ယူထားခဲ့ရင်တော့ အကြွေးလည်း တင်ကျန်ခဲ့တာပါ။
“၀ါးခုတ်တက်တယ် အဲ့ဒီကဆင်းလာတယ်။ စိုင်းတင်ကိုရောက်တယ်။ ရေကြောင်းလမ်းက ရေများတယ်ဆိုပြီး ထမ်းချတယ်။ အထက်က ၀ါး နှစ်ထောင်မှာ တစ်ထောင်က အောက်ကို ရောက်ပြီ။ တစ်ထောင်က အပေါ်မှာကျန်ခဲ့သေးတယ်။” လို့ ကိုမောင်ကျော်လှိုင်က ပြောပါတယ်။ “ညဘက် ရေကြီးပြီး မျောပါသွားတာ။ မိုးလင်းတော့ ဘာမှ မရတော့ဘူး အပေါ်က၀ါးလဲ မရတော့ဘူး အောက်က၀ါးလဲ မရတော့ဘူး။ ညဘက် ရေကြီးလာတာ သတိ မထားမိလိုက်လို့။”
စိုင်းတင် ရေတံခွန်အထက်ကနေ အောက်ဘက် စိုင်းတင်ချောင်း ၀ါးဖောင် မျှောလို့ရတဲ့နေရာအထိ ၀ါးစည်းတွေ ပို့ပြီး ဖောင်ဖွဲ့ပေးပြီးတဲ့ အချိန်မှာ ၀ါးခုတ် လုပ်သားတယောက်ရဲ့ တာဝန်ပြီးဆုံးပါပြီ။ အဲ့ဒီအခါ ပွဲရုံ ကိုယ်စားလှယ်လည်းဖြစ်တဲ့ ၀ါးခုတ် အဖွဲ့ခေါင်းဆောင်က ၀ါးကောင်းကိုရွေးပြီး ဖောင်ဖွဲ့ဖို့ တာဝန်ယူရတယ်လို့ လုပ်သားခေါင်းဆောင် ဦးလှမောင်သာက ပြောပါတယ်။
“ချလို့ ပြီးတဲ့အခါ မင်းကဘယ်လောက်လဲ ၊ မင်းက ဘယ်လောက်လဲ၊ မကောင်းတာကို ထုတ်ပစ်လိုက်၊ အစည်းအစည်း စည်းထားလိုက်၊ ဒီဟာက မကောင်းဘူး ထုတ်ပစ်လိုက် အဲ့လိုပြောပြီး ထိုင်နေရတယ်။ မဟုတ်ရင် မကောင်းတာ ထည့်လိုက်မှာ။ လက်မလောက် ၀ါး ထည့်ရမှာကို လက်သန်းလောက် ထည့်လို့ရပါ့မလား။”
ကိုမောင်ကျော်လှိုင်ကတော့ အပျက်အစီးမရှိအောင် သတိထားယူလာပြီး အဲ့ဒီလို အပယ်ခံရတာတွေ ရှိရင် အစားထိုးလို့ရအောင် အလျော့တွက် အတွက် ပိုပြီး ခုတ်ယူလာရတယ်လို့ ဆိုပါတယ်။ အ၀ယ် ကိုယ်စားလှယ် ဆီမှာ ကိုယ်ခုတ်လာတဲ့ ၀ါးကို အပ်ပြီးရင် လက်ကျန်ငွေကို ရှင်းပြီး ၀ါးခုတ်လုပ်ငန်းငန်း တဖြတ် ပြီးပါပြီ။
“၀ါးတွေချတဲ့အခါ ရေနဲ့ မျှောချတယ်။ ချောင်းသေးလေတွေ၊ ချိုင့်တွေလဲရှိတာကိုး။ အဲ့ဒီမှာ မကွဲမပြဲရအောင်လဲ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်ရတာပေါ့။ ဥပမာ အသွယ်လိုက်လာတယ် အသွယ်လိုက်ချလို့ မရဘူး။ အပြားလိုက်ချတယ်။ လေးစိတ်တပြားစီ ပူးပြီး ချောင်းကောက်တွေရောက်တော့ ချိတ်နဲ့ ဆွဲပြီးချရတယ်။ အောက်ကိုရောက်ရင် ပြန်ပြီး ဖောင်အသွယ်လုပ်တယ်။ အသွယ်လိုက်လာပြီး အပြားလိုက် ထပ်ချ။ ချပြီး ပြန်သွယ်။ ရေတံခွန်ရောက်တဲ့အခါ အသွယ်ကနေ အပြားလိုက် ပြန်ချ။ အပြားလိုက်ကနေ အစည်းလိုက်၊ တစ်စည်းစီ ချရတယ်။ အပျက်အစီးနဲနဲတော့ ရှိတာပေါ့။ တချို့ကလည်း ကိုယ့်စီနီယာ နောက်ကျတယ်ဆို ထမ်းချတယ်။ ထမ်းချတော့ စီနီယာမလို။ ပါယ်ဝါးလို့တော့ ဒီနေရာမှာမခွဲခဲ့ဘူး။ အလျော့တွက် တယောက်က ၀ါး နည်းရင် နည်းသလိုများရင် များသလိုပေါ့။ ၀ါး နှစ်ထောင်ပါသူက တရာ့ငါးဆယ်။ တထောင်ပါသူက ငါးဆယ်။ အလျော့တွက်ဆိုပြီး ယူသွားကြတယ်။ ပါယ်ဝါးလို့တော့ မယူုခဲ့ဘူး။” ကိုမောင်ကျော်လှိုင်က ပြောပါတယ်။
ပြီးရင်တော့ ၀ါးဖောင်တွေကိုစုပြီး ၀ါးပွဲရုံတွေရှိတဲ့ နေရာကို ရောက်အောင် ဒီရေအတက်အကျနဲ့ လိုက်ပြီး ပို့ဆောင်ရပါတယ်။ စိုင်းတင်ချောင်းအတိုင်း ဒီရေအကျနဲ့ လိုက်သွားပြီး ပန်ဇင်းချောင်းနဲ့ ဆုံတဲ့နေရာကျရင်တော့ ဒီရေ အတက်နဲ့ လိုက်ဖို့ ပြန်စောင့်နေရပါသေးတယ်။ အနည်းဆုံး ၀ါးပွဲရုံတွေရှိတဲ့ နေရာကို ရောက်ဖို့အတွက် တရက်နဲ့ တညလောက် ဖောင်စီးပြီး ပို့ရတယ်လို့ ဆိုပါတယ်။
“ဖောင်ကိုလုပ်ဖို့ အသွယ်လိုက် ငါးခုဆိုငါးခု၊ လေးခုဆိုလေးခု။ မြဲနေအောင်ချည်ရတယ်။ ညနေဘက် ဒီက ထွက်မယ်။ စိုင်းတက်ဝမှာနေမယ်။ ဒီရေသင့်အောင်စောင့်မယ်။ ဒီရေနဲ့လိုက်မယ်။ မိုးမလင်းခင် ပွဲရုံဆိပ်ကို ရောက်နေပြီ။ ဖောင်ကတက်၊ ပွဲရုံကိုဝင်၊ ထမင်းစား၊ လက်ဖက်ရည်သောက်၊ ပိုက်ဆံယူပြီး ပြန်ရုံပဲ ပြီးပြီ။” လို့ ဦးလှမောင်သာက ပြောပါတယ်။
ဝါးခုတ် လုပ်သားဖြစ်ဖြစ် လုပ်သား ခေါင်းဆောင်ဖြစ်ဖြစ် မိသားစု စားဝတ်နေရေးအတွက် ၀ါးကုန်သည်ဆီက ကြိုတင်ငွေ ထုတ်ယူထားတာကို ပြန်ရှင်း၊ ပိုတဲ့ငွေလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အိမ်မှာရက်အတန်ငယ် နားဖို့ ပြန်လာကြပါပြီ။ နောက်တစ်ပါတ် ၀ါးခုတ်တက်ဖို့အတွက် ကြိုတင်ငွေ ထုတ်ယူရမှာလား၊ ၀ါးမခုတ်တော့ပဲ နောက်အလုပ်တခု ပြောင်းလုပ်ရမလားဆိုတာ စဉ်းစားနေဆဲပါ။ ဦးလှမောင်သာကတော့ မလုပ်နိုင်တော့တဲ့ အတွက် အနားယူလိုက်ပါပြီ။
“ထမ်းလဲမထမ်းနိုင်တော့ဘူး။ သွားလဲမသွားနိုင်တော့ဘူး။ သွားနိုင်ရင်တောင် မထမ်းနိုင်တော့၊ အလုပ်သမားခေါင်းလုပ်နိုင်ရင်တော့ ၀င်လုပ်ပေါ့။” လို့ ဦးလှမောင်သာက ဆိုလာပါတယ်။
ကိုမောင်ကျော်လှိုင်ကတော့ လုပ်နိုင်တဲ့ အားအင်တွေ ရှိနေသေးပေမယ့် တွက်ခြေ မကိုက်တော့တဲ့အတွက် ဆက်လုပ်ဖြစ်ပ့ါမလားဆိုတာ မရေမရာပဲရှိနေပါသေးတယ်။ ဒါပေမယ့် ၀ါးခုတ်ချိန်မတိုင်ခင် နောက်ထပ် အလုပ်တခု မရသေးရင်တော့ စိုင်းတင်တောင်ပေါ်တက်ပြီး ရီးချောင်းနဲ့ စစ်ချောင်းထဲမှာ ၀ါးကျင်းတွေ ရှာနေရဦးမှာပါ။ အလှည့်စောစောရအောင် သူများထက် စောစောတက်ဖြစ်နေဦးမှာပါ။
“ပိုက်ဆံကတခါတလေ ပွဲစားဆီမှာ အကြွေးလဲ ထပ်တင်သွားတယ်။ တောင်ပေါ်မှာ အလှည့်မကျတော့ ၀ါးကိုလဲ လက်လွှတ်ထားခဲ့လို့မရ။ အလုပ်လဲ ဆက်လုပ်လို့မရ စောင့်ရင်းစောင့်ရင်းနဲ့ ငွေယူတယ်၊ စားတယ်၊ တခါတခါ အကြွေးတင်သွားတယ်။ တခါတလေတသောင်း နှစ်သောင်းကျန်တာလဲရှိတယ်။ အခုတော့ သိပ်လဲ မခုတ်ချင်တော့ဘူး။ ပွဲစားတွေက ပိတ်ဝယ်ထားတော့ သူတို့ဆီမှာပဲ လက်ဝါးဖြန့်ရမယ်။ ကိုယ် တတ်နိုင်တယ်ဆိုပြီး အစွမ်းအစနဲ့ ခုတ်လို့လဲမရတော့ဘူး။ သူတို့ ခြေလက် ကိုင်ရတော့မယ်။ ကိုယ်က တာဝန်ယူ ရတော့မယ်။ ခုတ်ရင် သူ့ကိုတလုံး နှစ်ဆယ် ပေးရမယ်။ ဒါမှ ခုတ်လို့ရမယ်။” လို့ ကိုမောင်ကျော်လှိုင်က ပြောပါတယ်။
914 total views, 1 views today