ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
စစ်တွေမြို့ပြင်က ရေချမ်းပြင်နှင့် ပါဒလိတ် လမ်းခွဲဆုံရာ ဗန္ဒုလခွဆုံ အနီးတဝိုက်မှာ ကယ်ရီသမားတွေအပြင် မုန့်ပဲသရေစာတွေနဲ့ ရာသီပေါ်သီးနှံတစ်ချို့ လာရောက်ရောင်းချသူတွေရဲ့ မြင်ကွင်းတွေကို ဒေသတွင်း ခရီးသွားတွေနှင့် ဧည့်သည်ခရီးသည်တွေအနေနဲ့ကတော့ အမြဲလိုလို မြင်တွေ့မိကြမှာပါ။
အထူးသဖြင့် ပွင့်လင်းရာသီတွေမှာ ရောင်းချကြတာဖြစ်ပြီး အခုလို ဆိုးဝါးလှတဲ့ မိုးရာသီမှာတော့ လာရောက်ရောင်းချသူ မရှိသလောက် ရှားပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ မဖြစ်မနေ လာရောက်ရောင်းချကြရပါတယ်။ ဒီတစ်ပတ်မှာတော့ အဲဒီလာရောက်ရောင်းချသူတွေ ဟာ ဘယ်ဒေသကဖြစ်ပြီး ဘယ်သူတွေလဲ။ ဘာကြောင့်ရောင်းချနေကြရတာလဲ။ တစ်ရက်မှာ ဝင်ငွေဘယ်လောက်ရရှိကြလဲ။ စတာတွေ ကို တင်ဆက်ပေးသွားပါမယ်။
သူတို့တွေကတော့ ထမ်းပိုးတွေကိုယ်စီနဲ့ ငါးခြောက်ထမ်းရောင်းနေကြတဲ့ စစ်တွေမြို့နယ် သက္ကယ်ပြင်၊ ဒါးပိုင်စတဲ့ ကယ်ဆယ်ရေးစခန်း တွေမှာ နေထိုင်ကြတဲ့ မူဆလင်ဒုက္ခသည်တွေ ဖြစ်ပါတယ်။
အဲဒီလိုရောင်းချနေတဲ့အထဲမှာ သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်းက အသက် ၃၁ နှစ်အရွယ် ကိုဂျာမာလိုစောလည်း ပါဝင်ပါတယ်။
ခါးမှာအသင့်ထိုးပြီးပါလာတဲ့ ခပ်နွမ်းနွမ်းမိုးကာအဖြူထည်ကို “ဖြန်း”ခနဲမြည်အောင် တစ်ချက်ခါလိုက်ကာ သူရောက်ရှိနေတဲ့ ကုက္ကိုယ်ပင် အောက်မှာ ခင်းထိုင်လိုက်ရင်းနဲ့ သူက “ကျနော်ရောင်းလာတာ ၂ နှစ်ကျော် ၃ နှစ်လောက်ရှိပါပြီ။ ကျနော်တို့က ၁၀ လပိုင်းဆိုရင် ငါး ခြောက်ရောင်းဖို့ဆင်းပါတယ်။ အဲဒီအချိန်မှ ရောင်းအားကောင်းတယ်။ ငါးမရောင်းရရင်လည်း အခုက အလုပ်မရှိဖြစ်နေလို့ နည်းနည်း ရောင်းရရင် အိမ်မှာစားသောက်ဖို့ အဆင်မပြေဘူးလားဆိုပြီး လာရောင်းနေတာ။ ဒီလိုမှ မဟုတ်ရင် နောက်ထပ်က မရှိတော့ဘူးလေ။ အခုက ငါးအချိန်လည်း မဟုတ်ဘူး။ အချိန်မဟုတ် ရင်လည်း ကျနော်တို့မှာ ရောင်းနေရတယ်။” လို့ စိတ်ညစ်ညစ်နဲ့ ပြောပြပါတယ်။
တကယ်တမ်းကျတော့ ကိုဂျာမာလိုစောတို့ဟာ ပွင့်လင်းရာသီရောက်လို့ ရခိုင်တို့ ဘာသာရေး၊ လူမှုရေးစတဲ့ ပွဲလမ်းသဘင်တွေ ကျင်းပ ချိန်ကျမှ ရောင်းလေ့ရှိကြတာပါ။ ဒါပေမဲ့ သူတို့မှာတော့ တစ်ခြားရွေးချယ်စရာအလုပ်အကိုင်ရယ်ဆိုလို့ ဘာမှမရှိတော့တာကြောင့် ရောင်း အားနည်းပေမဲ့ ရာသီမရွေး၊ အချိန်မရွေး ရောင်းချနေကြရတာလို့ ဆိုပါတယ်။
“၁၀ လပိုင်းမှာ ပွဲတက်သမားတွေ၊ ရှင်ပြုပွဲတွေ ဝယ်ကြတော့ အဲဒီအချိန်မှ ငါးရောင်းကောင်းတယ်။ အခုတော့ ရှင်ပြုသမားတွေလည်းမရှိ ပွဲလည်းမရှိတော့ မရောင်းရဘူးလေ။ လမ်းက ဆိုင်ကယ်နဲ့သွားတယ်။ သုံးဘီးနဲ့သွားတယ်။ ကားနဲ့သွားတယ်။ သူတို့က ငါးတစ်ခုလိုရင် ဒီ နားမှာဆင်းတယ်။ ကျနော်တို့ကိုခေါ်တယ်။ ငါးတစ်ကောင်ဘယ်လောက်လဲပေါ့။ ကျနော့်မှာ ငါးတစ်တွဲ ၇ ထောင်ရောင်းဖို့ရှိပါတယ်။ ဆို တော့ ၁ သောင်းပြောထားရတယ်။ ၇ ထောင်ပြောရင် ၇ ထောင်နဲ့ ဘယ်သူမှ မဝယ်ဘူး။ သူတို့နဲ့ ကျနော်တို့နဲ့ ကြိုက်ရင် ရောင်းလိုက်ကြ တယ်။”
အခုလို ရောင်းချနေကြတယ်ဆိုပေမယ့်လည်း ငါးတွေဟာ သူတို့ကိုယ်ပိုင်ပစ္စည်းတွေ မဟုတ်ဘဲ ငါးပွဲစားတွေ၊ ပိုင်ရှင်တွေဆီမှာ အငှားခံ ရောင်းကြရတာဖြစ်ပြီး ရောင်းရတဲ့ အပေါ်မှာမူတည်ပြီး နေ့တွက်ရကြပါတယ်။
“မနက် ၈ နာရီမှာ လာတယ်။ ညနေ ၆ နာရီမှ ပြန်တယ်။ ရောင်းရတဲ့နေ့လည်း ရှိတယ်။ မရောင်းရတဲ့နေ့လည်း ရှိတာပေါ့။ ၁ သိန်းဖိုး ရောင်းရမှ ၆ ထောင်ရတယ်။ ကျနော်တို့က ကိုယ်တိုင်လုပ်တာမှ မဟုတ်တာ။ အငှားလာတာပေါ့။ မရောင်းရရင် မရဘူးပေါ့။ ၅ သောင်း ဖိုးရောင်းရရင် ၃ ထောင်ရပါတယ်။ ကျနော်တို့က အဲဒီလိုလာနေတာ။ ဒီအလုပ်ပဲရှိတာလေ။ တစ်ခြားဘာအလုပ်မှ မရှိဘူး။”လို့ ငါးထမ်းပိုး ကို ကားလမ်းဘေးက တွေ့ရာသစ်ပင်တစ်ပင်မှာ ဆွဲချည်ရင်းနဲ့ တစ်ဖက်စောင်းလှည့်ကာ ရင်ဖွင့်လာသူကတော့ ကိုဂျာမာလိုစောနဲ့ ဘဝ တူ ကိုမာမောက်အစ္စမဲလ်ပါ။ သူကတော့ ကိုဂျာမာလိုစောထက် ၄ နှစ်ငယ်ပေမယ့် ရုန်းကန်နေရတာချင်းကတော့ အတူတူပါပဲ။
အဲဒီလိုရုန်းကန်နေကြရတဲ့ သူတို့ဘဝတွေထဲကို နားလည်းသနားပြီး အားပေးတတ်သူတွေရှိသလို တစ်ခါတစ်လေမှာဆိုရင်လည်း တစ် ချို့သောလမ်း၊ သွားလမ်းလာတွေရဲ့ ခြိမ်းခြောက်၊ အနိုင်ကျင့်မှုတွေလည်း ခံကြရပါတယ်။ အဲဒီအကြောင်းကို ကိုမာမောက်အစ္စမဲလ်က အခုလိုပဲ ပြောပြပြန်ပါတယ်။
“ကျနော်က ဂေါက်ကွင်းဖက်မှာလည်း သွားရောင်းတယ်။ ဆိုတော့ အဲဒီဖက်မှာ ဓါးပြတိုက်လာတိုက်တဲ့သူတွေရှိတယ်။ ပိုက်ဆံကို လက် ထဲပိုက်ပြီး ငါးတစ်တွဲဝယ်တယ်။ ပြီးတော့ ပိုက်ဆံမပေးဘဲ လှည့်ပြန်သွားတာတွေရှိတယ်။ အဲဒီလို လုပ်တာလည်း ရှိတယ်။ အဲဒီလို မလုပ် တာတွေလည်းရှိတယ်။ ပိုက်ဆံမပေးဘဲ ပြန်သွားကြတာက အများကြီးရှိတယ်။ နောက်ပြီးတော့ ဓားတွေပြတယ်။ ပိုက်ဆံတောင်းရင် ဓား နဲ့ ထိုးမယ်။ အဲဒီလို ပြောတာလည်း ရှိတယ်။ သူတို့ကယူပြီးတော့ ပြန်သွားကြတယ်။ ဆိုတော့ ကျနော်တို့မှာ ပိုင်ရှင်တွေကို လျော်ပေးရ တယ်။”
စစ်တွေမြို့မှာ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတော့ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာတော့ အစိုးရက မြို့နဲ့ခပ်လှမ်းလှမ်းနေရာတွေမှာ နေအိမ်တွေဆောက်လုပ်ပေးပြီး မူဆလင်တွေကို သီးခြားနေရာချပေးခဲ့ပါတယ်။ တပြိုင်နက် တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်းက မူဆလင်တွေဟာ လွတ်လပ်စွာ သွားလာခွင့်တွေကိုလည်း ပိတ်ပင်ခံခဲ့ကြရတာပါ။
“ကယ်ဆယ်ရေးက တစ်လမှာ ဆန်ရတယ်။ လူတစ်ယောက်စာ ဆန် ၃ (၁၂ ပြည်) သစ်ရပါတယ်။ ဆီတစ်ပုလင်းရပါတယ်။ ပဲစိ ၇ ပြည် ရပါတယ်။ သား၊ သမီးကို ကျောင်းတက်ရင် တစ်ရက်တစ်ရက်ကို မုန့်စရိတ်အဖြစ် ကျပ် ၇၀၀ ပေးရတယ်။ တစ်ရက်မှာ မုန့်စရိတ် ၁၅၀၀၊ ၁၈၀၀ ရာ ကုန်တယ်။ ကျနော်ဒီမှာလာလို့ တစ်ရက်လုံးလုပ်လို့ ပိုက်ဆံ ၁ ထောင်ရတယ်။ ၁ ထောင်နဲ့ မုန့်စရိတ်တောင် မရဘူး။ မရရင်လည်း ဒီမှာ ပဲ လုပ်နေရတယ်။ နောက်ထပ်အလုပ်မရှိတော့ဘူး။” လို့ ကိုဂျာမာလိုစောက ပြောပါတယ်။
လက်ရှိမှာလည်း သူတို့ဟာ မြိုပေါ်မြို့ထဲတွေကို သွားရောက်ခွင့်မရှိဘဲနဲ့ မြို့ပြင်က ကားလမ်းမတွေမှာသာ ရောင်းချနေကြရပြီး သူတို့အ တွက် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးနေတာဟာလည်း အခုလို ကန့်သတ်ခံထားတာကြောင့်လို့ ယူဆကြပါတယ်။
ကိုဂျာမာလိုစောမှာ သားသမီး ၄ ဦးရှိနေပြီး ဖခင်တစ်ဦး ရှိပါတယ်။ သူ့မိန်းမနဲ့ပါ ထည့်တွက်မယ်ဆိုရင် မိသားစုဝင်က စုစုပေါင်း ၇ ဦးဆိုရမှာပါ။ အရင်တုန်းက သူတို့မိသားစုဟာ စစ်တွေမြို့ထဲမှာ ဈေးဆိုင်ရောင်းခဲ့ကြပါတယ်။ အဲဒီတုန်းကဆိုရင် တစ်ခုမကောင်းရင် နောက် အလုပ်တစ်ခုကို ပြောင်းရင်လည်း စားဝတ်နေရေး လုံလောက်မှုရှိအောင် ထိန်းထားနိုင်ပါသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ ဒီအလုပ်က သူတို့မိသားစုကို အရင်တုန်းကလောက် အဆင်မပြေစေတော့ပါဘူး။
ဘယ်လို အခက်တွေပဲ ကြုံနေပါစေ သား၊ သမီးတွေကို ပညာတတ်အောင် သင်းသွားမယ်ဆိုတဲ့ ခံယူချက်ကတော့ သူတို့ ၂ ဦးလုံးမှာ ရှိ နေပါတယ်။
“ကျနော်တို့ မတက်ခဲ့ရတဲ့အတွက် သား၊ သမီးကို သင်ရတယ်။ ကျနော်တို့ မတက်ခဲ့ရလို့ အခုလို အလုပ်လုပ်ရတယ်။ သား၊ သမီးတွေကို ဒီအလုပ်တွေကို မလုပ်စေချင်တော့ဘူး။”လို့ ကိုဂျာမာလိုစောက ပြောပါတယ်။
ကိုမာမောက်အစ္စမဲလ်ကလည်း “၇ နှစ်တစ်ယောက်ရှိတယ်။ သူလည်းတက်တယ်။ ၅ နှစ်တစ်ယောက်လည်း တက်တယ်။ သူတို့တွေကို လည်း လခပေးရတယ်။ တစ်ယောက်ကို ၁ ထောင်။ ၂ ထောင်ကျပေးရတယ်။ ကျောင်းမှာက ပိုက်ဆံမကုန်ဘူး။ ညကျောင်းတက်တာပဲ ပေးရတာလေ။ အခုဆိုရင် ပိုက်ဆံ ၂ လအတွက် မပေးရသေးဘူး။ ပိုက်ဆံမရှိသေးလို့။ ရတာနဲ့ပေးလိုက်မယ်။”လို့ ဆိုပါတယ်။
သမုဒ္ဒရာဝမ်းတစ်ထွာအတွက် လမ်းမပေါ်မှာပဲ တစ်သက်တာလုံး အချိန်မကုန်ဆုံးချင်ပဲ ဘယ်တော့မှာများ လွတ်လပ်စွာ ရှာဖွေစား သောက်ခွင့်ရမလဲဆိုတဲ့ ဆန္ဒလေးကတော့ ကိုမာမောက်အစ္စမဲလ်ရော ကိုဂျာမာလိုစောကပါ တောင့်တနေတဲ့ မျှော်လင့်ချက်တစ်ခု ဆိုလည်း မမှားပါဘူးခင်ဗျား။
644 total views, 1 views today