Arakan Yoma |

၂၀၁၉ ခုနှစ်၊ သြဂုတ်လတစ်လလုံးကို ရက်သတ္တပတ် ၄ ခုခွဲကာ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေကြောင်း ရခိုင်ပြည် နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ပြုလုပ်သည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တ ပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ပြည်နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားမှာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌန၊ အာဟာရဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခိုင်နှင်းဝေက မီဒီယာများသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျမတို့ ပုံမှန်ကတော့ တစ်နှစ်လုံး စီမံချက် ၅ ခုလုံးရဲ့ လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ သြဂတ်စ်လမှာတော့ တိုးမြှင့် တဲ့ အနေနဲ့ သြဂတ်စ်လကို ရက်သတ္တပတ် ၄ ခုခွဲပြီးတော့ ဆောင်ရွက်ပါတယ်။ ပထမရက်သတ္တပတ်ကတော့ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ပေါ့။ ဒုတိယရက်သတ္တပတ်ကတော့ ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ပါ။ တတိယရက်သတ္တပတ် ကကျတော့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ပါ။ နောက်ဆုံးရက်သတ္တပတ်ကတော့ အိုင်အိုဒင်းဓာတ် ချို့တဲ့မှုပပျောက်ရေးနဲ့ အစားအစာမှ အဏုအာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်ပါဆိုပြီးတော့ ၄ ပတ်ခွဲပြီး လှုပ်ရှားဆောင်ရွက်ပါတယ်”

ရခိုင်ပြည်နယ်တွင် အိုင်အိုဒင်းဓာတ်နှင့် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းသည့် ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်နေကြောင်းလည်း ၎င်း က ပြောဆိုခဲ့သည်။ သို့ဖြစ်၍ ထိုသို့အာဟာရဓာတ်များ ပြည့်ဝစေရန် ပြည်သူလူထုက မည်သို့မည်ပုံ လိုက်နာကျင်သုံးပြီး မည်သည့်အစား အစာများကို စားသုံးသင့်ကြောင်း အဆိုပါ အခမ်းအနားတွင် ဟောပြောပို့ချမှုများ၊ ပိုစတာများနှင့် အသိပညာပေးခြင်းများအပြင် လက် တွေ့ အာဟာရတိုက်ကျွေးမှုများလည်း ပြုလုပ်ခဲ့သည်။

“အခုဒီလိုမျိုးပွဲကို တက်လိုက်ရတဲ့အခါမှာ ကျမတို့ကလေးတွေကိုလည်း ဗီတာမင်ဆေးပြားတိုက်ကျွေးတယ်ပေါ့နော်။ ပြီးတော့ ဒီကပြော ဟောတာတွေကိုလည်း ကြားသိလိုက်ရတယ်။ ကလေးငယ်တွေ အရပ်ပုတာ၊ ပိန်တာ၊ စတဲ့ရာခိုင်နှုန်းအခြေအနေလေးတွေကို သိလိုက် ရပါတယ်ရှင့်။”လို့ တက်ရောက်လာသည့် စစ်တွေမြို့က ကလေးမိခင်တစ်ဦးက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူများအပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ် တော်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင်များနှင့် ကျောင်းသူကျောင်းသားများတက် ရောက်ခဲ့ကြသည်။

၂၀၁၅ -၂၀၁၆ မှာ ကောက်ယူရရှိထားသည့် စစ်တမ်းအရ ရခိုင်ပြည်နယ်၏ ၅ နှစ်အောက်ကလေးငယ် ၃၈ ရာခိုင်နှုန်းမှာ အရပ်ပုနေပြီး ၂၄ ရာခိုင်နှုန်းမှာ အလွန်ပိန်နေကာ  ၃၂ ရာခိုင်နှုန်းမှာ ကိုယ်အလေးချိန် မပြည့်ကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၇ -၂၀၁၈ ခုနှစ်မှာ ပြုစုထားသည့် စစ်တမ်းထဲတွင်လည်း ရခိုင်ပြည်နယ်မှ ၅ နှစ်အောက်ကလေးငယ်၏ ၅၂ ရာခိုင်နှုန်း၊ ၅ နှစ်မှ ၁၀ နှစ်အထိ ကလေးငယ်၏ ၆၅ ဒသမ ၃ ရာခိုင်နှုန်း၊ ၁၀ နှစ်မှ ၁၅ နှစ်အောက် ပျိုဖော်ဝင်မိန်းကလေးရဲ့ ၅၀ ဒသမ ၆ရာခိုင်နှုန်း၊ ကိုယ်ဝန်ဆောင်မိခင်၏  ၃၉ ဒသမ ၇ ရာခိုင်နှုန်း၊ နို့တိုက်မိခင် ၃၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အသက် ၁၅ နှစ်မှ ၅၀ နှစ်အောက် အမျိုးသမီး ၄၉ ဒသမ ၁ ရာ ခိုင်နှုန်းတို့တွင် သွေးအားနည်းသူများ ဖြစ်နေကြောင်း သိရှိရသည်။

 495 total views,  1 views today