Arakan Yoma |
ဒေသတည်ငြိမ်မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဦးစားပေး ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း မြှင့်တင်ပေးနေရာ ထိုအထဲတွင် အမျိုးသမီးများ ပါဝင်ခွင့် ပိုမိုရရှိရေးကိုလည်း ဒေသခံများက အလေးထားလာကြသည်။
ဇူလိုင်လ ၃၁ ရက်နေ့က စစ်တွေမြို့တွင် အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသေးသည်။ ဆွေးနွေးပွဲသို့ ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ အမျိုးသမီးများ၊ စစ်ရှောင်အမျိုးသမီးများနှင့် ကျောင်းသားလူငယ်တစ်ချို့လည်း တက်ရောက်ခဲ့သည်။
ဆွေးနွေးမှုများထဲတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် နေရပ်စွန့်ခွာမှုများရှိနေသည်ကို ထောက်ပြမှုများ ရှိခဲ့သည်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၃ ဒသမ ၂ သန်းရှိသည့် ရခိုင်ပြည်နယ်တွင် ရွှေ့ပြောင်းလုပ်သား ၁ သိန်းကျော်ရှိနေပြီး လက်ရှိတွင် ၃ သိန်းထက် မနည်းသော အခြေအနေမှာ ရှိနိုင်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ထိုဆွေးနွေးပွဲတွင် ခန့်မှန်းသည်။ ယင်းသို့ စွန့်ခွာမှုများသည်လည်း အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းဟု သူက ဝေဖန်သည်။
“ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာမအလုပ်လျှောက်မယ်ဆိုလို့ရှိရင် (၃) ယောက်။ စာရေးမသွားလျှောက်မယ်ဆိုလို့ရှိရင် ရွာမှာစာရေး မ လုပ်ဖို့အခွင့်လမ်းမရှိဘူး။ မြို့ပေါ်တက်ပြီးမှပဲ အလုပ်ရှာရမယ်ဆိုရင် ရွာတစ်ရွာက လူ ၅ ယောက်၊ ၆ ယောက်လောက်ပဲအလုပ်လုပ်နိုင် တဲ့ အနေအထားမှာရှိတယ်။ ဆိုတော့ ကျန်တဲ့လူက ဘာလုပ်ပြီးတော့ ဘာစားမှာလဲပေါ့နော်။ ကိုယ့်ဒေသကို စွန့်ခွာပြီးတော့မှ ဖားကန့် ကိုသွားရတယ်။ မလေးရှားကိုသွားရတယ်။ ဘန်ကောက်၊ မဲဆောက် အဲဒီနေရာတွေမှာဆိုလို့ရှိရင် လက်ညိုးညွှန်ရာ အကုန်လုံး ရခိုင်သား တွေချည်းပဲ။” ဟု ဆိုသည်။
တက်ရောက်လာသူများက “ရခိုင်ဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကအစ ကဏ္ဍပေါင်းစုံ အခွင့်လမ်းများ ရှိနေသော်လည်း ဖော်ဆောင်မပေးခြင်းသည် ပြဿနာတစ်ရပ် ဖြစ်သည်” ကို ခြုံငုံ၍ မှတ်ချက်ပေးကြသည်။
“အလုပ်အကိုင်အခွင့်အလမ်းတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဖော်ဆောင်လို့ မပေးဘူး။ စိုက်ပျိုးလို့ရတယ်။ ငါးတွေထွက်တယ်။ ပုဇွန်တွေထွက်တယ်။ အများကြီးရတယ်။ စိုက်ပျိုးလို့လည်းဖြစ်တယ်။ ဒါပေမဲ့ ဈေးကွက်က ရှိလားဆိုတော့ မရှိဘူး။ တင်ပို့မယ့်နေရာမရှိတော့ ဖြစ်သလိုပဲ ရောင်းနေကြရတယ်။” ဟု တက်ရောက်လာသူများထဲမှ မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထိုဆွေးနွေးမှုကို အမျိုးသမီးများသာမက အမျိုးသားများကလည်း ၎င်းတို့ နေထိုင်ကြသည့် မြို့နယ်၊ ကျေးရွာများအလိုက် တွေ့ကြုံရသော အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ လိုအပ်မှုများကို ဖြည့်ဆည်းနိုင်သော အဖြေတစ်ခုခု ထွက်ပေါ်လာနိုင်စေရန်အတွက် သဘောထားများပေးခဲ့ကြသည်။
ဒီဗွီဘီသတင်းဌာန၏ Peace 360 အစီစဉ်မှ စီစဉ်သော ၎င်းဆွေးနွေးပွဲသည် ရခိုင်ဒေသရှိ အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းအရေးနှင့် ပတ်သက်၍ စိတ်ဝင်စားမှု ပိုမိုရရှိလာစေရန် အထောက်အကူပြုနိုင်လိမ့်မည်ဟု တက်ရောက်သူများက မျှော်လင့်ထားကြသည်ဟု ဆိုကြသည်။
469 total views, 2 views today