ထူး | ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေမြို့ဟာ ပြီးခဲ့တဲ့ ၇ နှစ်မတိုင်ခင်ကတော့ လူမျိုးပေါင်းစုံရောယှက်နေထိုင်ခဲ့ကြဖူးပါတယ်။ ၂၀၁၂ ခုနှစ်ကာလနှင့် အလွန်များမှာတော့ အစိုးရက မြို့နှင့် ခပ်လှမ်းလှမ်း တစ်နေရာမှာ နေအိမ်တွေ တည်ဆောက်ခဲ့ပြီး မြို့ပေါ်က မူဆလင်များကို အဲဒီမှာ နေရာချပေးခဲ့ပါတယ်။ အဲဒီနောက်မှာပဲ သူတို့နှင့် မြို့ပေါ်နေသူတွေဟာ ယခင်လို မြင်တွေ့ခွင့်၊ ထိတွေ့ဆက်ဆံမှုက နည်းပါးလာကြပါတယ်။

ဒါပေမယ့် အဲဒီမှာနေကြသူတွေနဲ့ စစ်တွေမြို့ပေါ်က လူတွေကြား နေ့စဉ်ထိတွေ့စကားပြောဆိုနိုင်မယ့် နေရာတစ်ခု ရှိလာခဲ့ပါတယ်။ ဒါကို ငြိမ်းချမ်းရေးဈေးလို့ အရပ်က ခေါ်ကြပါတယ်။ စစ်တွေမြို့အနောက်ဖက်မီးရထားလမ်းအလွန်မှာတည်ရှိတဲ့ ဘုမေရွာက ဈေးငယ်လေးမှာ မကျည်းမြိုင်၊ ဘုမေနဲ့ ဒါးပိုင်စတဲ့ ဒုက္ခသည်စခန်းက မူဆလင်တွေ လာရောက် ရောင်းချသူတွေ ရှိသလို နေ့တွက်အငှားလာလုပ်သူတွေလည်း ရှိပါတယ်။

ဈေးကွက်မှာ ကြက်ကို အများဆုံးရောင်းချကြပြီး အမဲသား၊ ဟင်းသီးဟင်းရွက်နဲ့ ကွမ်းယာစတာတွေလည်း ရောင်းချသူ အနည်းငယ် တွေ့မိကြမှာပါ။

“ကျနော်က ကြက်ရောင်းတာပါ။ အရင်က ကျနော့်အကိုတွေက (စစ်တွေ) ဈေးကြီးမှာရောင်းတယ်။ အခုဈေးကြီးမှာ ထားလို့မရ၊ မြို့ထဲ မှာထားလို့မရတော့ ဒီမှာ ကျနော်တို့ရောင်းတာ ၇ နှစ်လောက်ရှိပြီပေါ့။ ကြက်က ရန်ကုန်ကလည်း လာတယ်။ ဥစားကြက်တွေ။ ရွာက ကြက်တွေလည်းပါတယ်။ အကုန်ရောပြီးရောင်းတာပေါ့။”

ဒါကတော့ ဘုမေဈေးမှာ ၇ နှစ်တာရောင်းချလာတဲ့ အသက် ၂၅ နှစ်အရွယ် ဘုမေကျေးရွာသား မာမူးချိုကူး (ခ) ကိုနိုင်နိုင်က ဖောက် သည်တွေအလာကို မျှော်ကိုးနေရင်း တဒင်္ဂမှာ ပြောပြတာပါ။ သူဟာ ၂၀၁၂ ခုနှစ် အရေးအခင်းမတိုင်ခင်က စစ်တွေမြို့မဈေးမှာ ရောင်း ချခွင့် ရခဲ့ပေမယ့် ကန့်သတ်လိုက်ပြီး နောက်ပိုင်းမှာတော့ ဒီဈေးငယ်လေးမှာပဲ ဆက်လက်ရောင်းချခွင့်ရခဲ့တာလို့ ဆိုပါတယ်။

မူဆလင်တွေရောင်းချနေကြတဲ့ အဲဒီဈေးမှာ အဓိကဖောက်သည်တွေကတော့ ရခိုင်တွေပဲ ဖြစ်ပါတယ်။ ရခိုင်တွေဆိုတဲ့အထဲမှာလည်း စီး ပွားရေးအရ ဝယ်ယူပြီး ပြန်ရောင်းချကြသူတွေပါဝင်သလို ၁ နပ်စာ၊ ၂ နပ်စာဝယ်ယူသူက အစ အလှူပွဲနဲ့ အပျော်တမ်းထမင်းချက်စားဖို့ လာရောက်ဝယ်ယူတဲ့ လူငယ်တွေကလည်း နေ့စဉ်ရက်ဆက်ဆိုသလို ရှိနေပြန်ပါတယ်။

ဒီအကြောင်းကိုမာမူးချိုကူးက “ဒီကြက်တွေကို အကုန်လုံးက မြို့ထဲက လာဝယ်ကြတာပဲလေ။ ဈေးကြီးမှာ ရောင်းသူတွေလည်းရှိတယ်။ အိမ်မှာစားဖို့လိုလို့ ကျနော်တို့ဆီက လာဝယ်တယ်။ အဲဒီလို ဝယ်ကြတာ။ အကုန်လုံးက ရခိုင်သားတွေပဲလေ။ ဒါရောင်းလို့ စားနေရတာ ပဲလေ။ ကျနော်တို့ ၇ ထောင်ဈေးဝယ်ရင် ၇ ထောင် ၅ ရာရောင်းတယ်။ အိမ်ကြက်တစ်ကောင် ၁ သောင်း ၂ထောင်နဲ့ ဝယ်ရင် ၁ သောင်း ၃ ထောင်ရောင်းတယ်။ အိမ်ကြက်ဆိုရင် တစ်ကောင်တစ်ထောင်မြတ်တယ်။ ဥစားကြက်ဆိုရင် ၅ ရာ၊ ၃ ရာပေါ့။ ”လို့ သူတို့လုပ်တဲ့ဈေး ကွက်စနစ်ကို ရှင်းပြပါတယ်။

အစာကွင်းဆက် သဘောသဘာဝအရ သက်ရှိတွေဟာ တစ်ဦးကိုတစ်ဦး အမှီပြုနေကြရသလို တစ်ဦးကို တစ်ဦးကူညီဖေးမ ပေးနေကြ တယ်ဆိုလည်း မမှားပါဘူး။ အဲဒီနေရာလေးဟာ စစ်တွေတက္ကသလိုလ်ကို သွားတဲ့လမ်းမကြီးဘေးနားမှာ တည်ရှိသလို အနီးအနားမှာ ရဲ ကင်းတစ်ခုလည်းရှိပြီး တက္ကသိုလ်ဆရာ၊ ဆရာမတွေနေထိုင်တဲ့ အဆောင်လည်း ရှိပါသေးတယ်။

ဒါပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှလည်း ပိတ်ပင်တားဆီးတာမျိုးကိုတော့ မတွေ့ရပါဘူး။ မတွေ့ရတဲ့အပြင် အရာရှိအသိုင်းအဝိုင်း တွေကတောင် လာဝယ်တာမျိုးရှိတယ်လို့ ပြောဆိုကြပါတယ်။ ဟင်းရောင်းနေတဲ့ အသက် ၄၀ ကျော်အရွယ် ဦးဟာရှိန်းက ဖက်ဆေးလိပ် တစ်ဖွာသောက်လိုက်ရင်းနဲ့ အခုလို ပြောပါတယ်။

“ကျနော့်မှာက သား၊ သမီး ၅ ယောက်ရှိတယ်။ မြို့ထဲကလူတွေက လိုတာကို ဖုန်းနဲ့မှာကြတယ်။ ကျနော့်မှာကတော့ သဲချောင်း၊ ဒါးပိုင်၊ ဘုမေစတဲ့ရွာတွေက ဝယ်တာပေါ့။ ကျနော်တို့မှာ လိုက်ရင်သူတို့က ဈေးကောင်းမပေးဘူးလေ။ တစ်ဆင့်တဆင့် အမြတ်စားပစ်လိုက်ကြ တယ်။ စားကြမှာပေါ့လေ။ သူတို့မှာလည်း ဗိုက်ပါတာကို။ ကျနော့်မှာလည်း ဒါလုပ်လို့က သိပ်မဆင်မပြေဘူးလေ။ သားတစ်ယောက်က နှစ်ဘီးနင်းလို့ တစ်ရက်မှာ ၄ ထောင်၊ ၅ ထောင်ရပါတယ်။ အဲဒီလို နည်းနည်းပါးပါးရတယ်လေ။ ခုနားက မြင်လိုက်တယ်မလား။ သူဌေးပဲလေ။ ဗိုလ်ကြီးမိန်းမထင်တယ်။ လာပြီးတော့ သူတို့အားပေးတယ်။ ဆင်းရဲသားတွေ၊ သူဌေးတွေအလှည့်ကျ အဲဒီလိုလာကြတာပဲလေ။ လာရင် ကြိုက်ရင်ယူတယ်။ မကြိုက်ရင်မယူကြဘူး။”

ဒီလိုရောင်းချကြတဲ့ အခါမှာလည်း ရောင်းသူနဲ့ ဝယ်သူတွေဟာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ထားကြသလို နားလည်မှုလည်း အပြည့်အဝပေးထားတာတွေ့ရပါတယ်။

“တစ်ရက်ရောင်းရင် တစ်ရက်စားလို့ရတယ်။ မရောင်းရင် စားလို့မရတော့ဘူး။ ကျနော်တို့ အဲဒီလိုနေတာ။ အရင်ကလို ရောင်းလို့ ပိုက်ဆံ တွေ အိမ်မှာ အများကြီးထားလိုက်မယ်လို့ မရတော့ဘူး။ ရခိုင်သားတွေနဲ့ ကျနော်တို့ဆီကို လာတယ်။ ကျနော်တို့ရောင်းတယ်။ သူတို့နဲ့ ဆက်ဆံလို့ ရောင်းနေရတာလေ။ ကျနော်တို့ ရောင်းဈေးနဲ့ သူတို့ဝယ်ရတယ်။ အကုန်လုံးနဲ့ ဒီလိုဆက်ဆံနေကြတာပဲ။ သူတို့မှာလည်း ရောင်းစားဖို့အတွက် ဒီမှာလာလို့ ကျနော်တို့ဆီကဝယ်လို့ ဈေးမှာရောင်းတာ။ ကျနော်တို့ဆီက ဈေးများရင်သူတို့မှာလည်း ရောင်းစားလို့ အဆင်မပြေ။ မမြတ်ဆိုရင် ရောင်းစားလို့ မရဘူး။ အဲဒီလို ပြောကြတယ်။ ကျနော်တို့ကလည်း ပေးနိုင်မယ်ဆိုရင် နည်းနည်းပါးပါးလျှော့ ပေးလိုက်တာပေါ့။ သူတို့မှာလည်း ရောင်းစားရမှာပဲလေ။ ကျနော်တို့လည်း ရောင်းရတယ်။ အဲလိုအများအမြတ်စားဖို့ မလိုဘူး။ တစ်ရက် စာတစ်ရက် စားရရင်ပြီးရော။” လို့ မိဘကို လုပ်ကျွေးနေတဲ့ မာမူးချိုကူးက ပြောပြပါတယ်။

အဲဒီလို နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ အခိုင်အမာတည်ဆောက်ထားကြပြီဖြစ်လို့ ဘယ်သူက ဘယ်မှာနေမှန်းမသိ၊ လိမ်သွားရင်လည်း ခံရမယ့် အဖြစ်တွေမှာတောင် တစ်ခါတစ်ခါမှာဆိုရင် အကြွေးပေးတာတွေလည်း ရှိတတ်ကြပါတယ်။

ဆက်လက်ပြီးတော့သူက “အဆင်ပြေတာပေါ့။ ကျနော်တို့က သူတို့ကို အကြွေးလည်းပေးတယ်။ လက်ငင်းလည်းပေးတယ်။ အကြွေးပေး ရင် သူတို့ကလည်း နောက်တစ်ခါပြန်လာရင် အဲဒီပိုက်ဆံကို ရှင်းပေးတယ်။ နောက်တစ်ဖြတ်ယူပေါ့။ အဲဒီလို။” လို့ ဆိုပါတယ်။

ဘယ်လောက်ပဲဆိုဆို လူ့လောကမှာတော့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကတော့ တစ်ယောက်ချင်းစီမှာသော်လည်းကောင်း၊ မိ သားစုတစ်စုချင်းစီမှာ သော်လည်းကောင်း ရှိနေကြစမြဲပါပဲ။

“အဆင်ကတော့ မပြေဘူးလေ။ အမေနဲ့ ကျနော်နဲ့က အပြင်ထွက်ပြီး အလုပ်လုပ်ကြရတယ်။ ကျနော်လုပ်နေတယ်။ ကျနော်ကြိုးစားနေ ရတယ်။ ပိုက်ဆံ ၂ ထောင့် ၅ ရာရရ၊ ၃ထောင်ပဲရရ ကျနော်စုထားတယ်။ ဘာမှမစားဘူးလေ။ ကျနော့် ညီလေး၊ ညီမလေးတွေရဲ့ကျူရှင်၊ အစိုးရ စာသင်ကျောင်းမှာလည်း ပေးရတယ်။ ညကျောင်းလခတွေလည်းပေးရတယ်ပေါ့။ ဆရာ၊ ဆရာမတွေကလည်း တစ်လကို တစ် ထောင် ယူချင်ယူတယ်။ ထောင့်ငါးရာ ယူချင်ယူတယ်။ အဲဒီလိုယူတယ်။ ဒါပေမဲ့ ပညာသင်နေရတယ်လေ။ ကျနော့်အမေနဲ့ ကျနော်နဲ့က အလုပ်လုပ်နေရတယ်။”လို့ ဒါးပိုင်ဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှာ နေထိုင်တဲ့ ကိုမောင်မောင်က သူတို့ အဆင်မပြေတဲ့အကြောင်းကို ပြောပြပါတယ်။

ဒါ့အပြင် သူဟာ ယခင်က စစ်တွေမြို့ထဲမှာ နေထိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းအဆင်ပြေနေခဲ့ရာ ပြောင်းရွှေ့ခံလိုက်ရတဲ့နောက်ပိုင်း အဆင် မပြေတော့တာလို့ ဆိုပါတယ်။ သူတို့ အဆင်မပြေဘဲ အခုလို အခက်ခဲတွေ ကြုံတွေ့နေကြရတာဟာ IDP စခန်းတွေမှာ နေထိုင်ကြရတာ ကြောင့်လို့ မှတ်ယူကြတာကြောင့် မူလနေရပ်မှာ နေထိုင်လိုကြောင်း ပြောကြပါတယ်။

“သဘောက အကုန်လုံးက ဘယ်လိုနေလဲ။ ကျနော်လည်း အဲဒီလိုနေချင်တယ်။ တခြားတစ်ယောက်က တစ်မျိုးနေလို့ မရဘူးလေ။ ကျ နော်တို့ကို မြို့ထဲမှာ မထားလို့ မဟုတ်ရင် ရခိုင်သားတွေနဲ့ အောက်မှာဆင်းပြီး အလုပ်လုပ်လို့ ရတယ်။ ကျနော်တို့မှာ ဘာအကြောင်း မှ မရှိဘူး။ အကုန်လုံးရောနှောနေလို့ အလုပ်လုပ်နေလို့ အရင်ကလို နေဖို့လို့ ဆန္ဒရှိတယ်။”လို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် မတူညီတဲ့ အသိုက်အဝန်းနှစ်ခုကြား အခုလို ရောင်းဝယ်ဖောက်ကားပြီး တစ်ဦးကိုတစ်ဦးအပြန်အလှန် အကျိုးပြုနေကြတဲ့ ဘုမေဈေးငယ်လေးဟာဖြင့် လူမျိုးစုနှစ်ခုကို ပေါင်းကူးပေးနေတဲ့ ငြိမ်းချမ်းရေးဈေးငယ်လေးတစ်ခုပါပဲ။

 701 total views,  1 views today