ထူး၊ ရိုးမရေဒီယို မဂ္ဂဇင်း

တစ်နေကုန်အလုပ်လုပ်လို့ ပင်ပန်းနွမ်းနေသူတွေဟာ ညနေပိုင်းရောက်လို့ ရုံးဆင်းကြပြီ၊ အလုပ်ချိန်တွေပြီးကြပြီဆိုရင် တစ်ထောက်အပန်းဖြေအနားယူလို့ ဖြစ်ဖြစ်၊ အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး ဒေသအစားအစာတွေဖြစ်ဖြစ် သွားရောက်စားအသောက်ကာ အချိန် ဖြုန်းလေ့ ရှိကြပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်၊ ပင်လယ်ဆိပ်ကမ်းမြို့တစ်ခုလည်းဖြစ်တဲ့ စစ်တွေမြို့မှာတော့ ကဘား ဆိုတာ ဒေသတွင်းနာမည်ကြီး အစားအစာတစ်ခုဖြစ်ပါတယ်။

“ကဘားဆိုတာက ဟင်းသီးဟင်းရွက်အစုံပေါ့။ ပဲပင်ပေါက်၊ ကင်းစွန်းရွက်၊ ဂေါ်ဖီ၊ အသီးအနှံအစုံပေါ့။ အဲဒါကို အသားနဲ့ လုံးပြီးကြော်လှော် ပြီးရောင်းရတာ။ ခေါက်ဆွဲဆိုရင်ခေါက်ဆွဲ။ ထမင်းဆိုရင်ထမင်းပေါ့။ ကိုယ်စားချင်တဲ့ အစားအစာနဲ့ ဝက်သားဆိုဝက်သား။ ကြက်သားဆို ကြက်သား။ အဲဒီလို အန်တီတို့က ခွဲပြီးရောင်းတာ။”

သူကတော့ စစ်တွေမြို့မှာ ကဘားကို နှစ်ပေါင်း ၂၀ ကျော်ရောင်းချလာတဲ့ အသက် ၅၉ နှစ်အရွယ် ဒေါ်မရှင်ပါ။ ဒေါ်မရှင်ကဗားဆိုင်ဆိုရင် စစ်တွေမြို့မှာ မသိတဲ့လူ ရှားပါတယ်။

သူမဟာအရင်က မုန့်တီနဲ့ မုန့်ဟင်းငါးလုပ်ငန်းကိုသာ လုပ်ကိုင်ခဲ့ပေမယ့် အိမ်ထောင်ဦးစီးဆုံးပါး သွားပြီးနောက်မှာ သား၊ သမီးတွေရဲ့ ပညာရေးကတစ်ဖက် စားဝတ်နေရေးကတစ်ဖက် တာဝန်ပိလာရချိန်မှာ အဲဒီလုပ်ငန်းနဲ့ အဆင်မပြေနိုင်တော့တာကြောင့် ကဘားကြော် ရောင်းချဖို့ အိုင်ဒီယာရခဲ့တာလို့ ဆိုပါတယ်။

“ယဉ်ကျေးမှုပြတိုက်အနီးနဲ့ တစ်ခြားနေရာတွေမှာ ၄၊ ၅ တိုင်လောက်လုပ်ကြတယ်။ အန်တီတို့ကတော့ နောက်ဆုံးပေါ့လေ။ နောက်ဆုံးမှ ရောင်းဖြစ်တာ။ သူတို့ ကဘားရောင်းတုန်းက အန်တီက မုန့်ဟင်းငါး၊ မုန့်တီရောင်းတယ်။ ကဘားကိုတော့ ၉၉ ခုနှစ်ကစလို့ရောင်းလာတာ။ ကိုယ်ကဖောက်သည် မရခင် ၃၊၄၊၅ နှစ်လောက်တော့ ဒုက္ခခံခဲ့ရတယ်။ ဖောက်သည်ရလာတဲ့အချိန်မှာ အဆင်ပြေလာတယ်။ အခက်ခဲဆို တာကတော့ တစ်ရင်းပြီးတော့ နောက်တစ်ရင်းရင်းဖို့ မရှိနိုင် ရှာရကြံရတယ်။ သား၊ သမီးတွေပညာသင်ဖို့ ပညာစရိတ်တွေရှာရတယ်။ အဲ ဒီလို အခက်ခဲပေါင်းစုံကြုံခဲ့ရတယ်။”

ကဘားဆိုတာက ရခိုင်ရိုးရာအစားအစာတစ်ခုမဟုတ်သလို ရခိုင်ပြည်နယ်ထဲမှာ စစ်တွေမြို့မှအပ တစ်ခြားမြို့တွေမှာ ရောင်းချတာက မရှိသလောက်ရှားပါတယ်။

အသက်အရွယ်မရွေး အရွယ်သုံးပါးကြိုက်တတ်ကြတဲ့ ကဘားကို မနက်ပိုင်းတွေမှာ မရောင်းချကြသလို ဘယ်သူကမှလည်း မနက်ပိုင်း တွေမှာ စားသုံးလေ့မရှိကြပါဘူး။

“ရခိုင်ရိုးရာအစားအစာတော့ မဟုတ်ဘူး။ အိန္ဒိယအစားအစာလိုမျိုး။ မဆလာ၊ ငရုတ်မှုန့်တွေပါတော့ အိန္ဒိယအစားအစာသာဖြစ်တယ်။ ရန်ကုန်မှာဆိုရင် ပန်းသီးခေါ်တယ်။ ကျမတို့ ရခိုင်မှာဆို ကဘားလို့ နာမေကြီးလာတာပေါ့။ စောစောစောလည်း မစားကြဘူး။ ညနေ ၆ နာ  ရီ နောက်ပိုင်းဆိုရင် ညဥ့်အချိန်ထိပေါ့။ အလုပ်သမားတွေ၊ အလုပ်ကလာသူတွေ၊ အလုပ်မအားသူတွေ အဲဒီလို။ ပြီးတော့ ထမင်းမစားချင် သူတွေ ညဥ့်တိုင်ရင်လာလို့ စားကြတယ်။ ထမင်းစားလို့ မကောင်းဘူး။ ဒါလေးနည်းနည်း စားမယ်။ အဲဒီလို ပုံစံမျိုးတွေ။ နောက်ပြီးအလုပ် လုပ်နေကြတယ်။ ဆေးခန်းတွေက မှာကြတယ်။ အလုပ်မအားကြတော့ ပွဲတစ်ဆယ်၊ နှစ် ဆယ်မှာစားကြတာရှိတယ်။ အလုပ်တွေ၊ ဘဏ် တွေက အဲလို။ ကမ္ဘောဇတို့၊ ရှေ့ဆောင်ဘဏ်တို့က အပွဲနှစ်ဆယ်၊ သုံးဆယ်မှာစားကြတာရှိတယ်။ အလုပ်မအားဘူး။ အချိန်မရဘူး။ အဲဒီ လို အချိန်တွေမှာ မှာစားကြတာ။” 

ရောင်းချတဲ့ နေရာမှာလည်း သူမရဲ့ စေတနာတွေကြောင့် စစ်တွေမြို့ပေါ်က ဒေသခံဖောက်သည်တွေ တိုးပွားလာသလို ပြည်မဖက်က လာတဲ့ ဧည့်သည်တွေကတောင် မှာယူစားသောက်ကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“လူကြီးတွေဆိုရင်လည်း လာကြတယ်။ အော်ဒါတွေလည်း အမြဲတမ်းလိုက်ပို့ရတယ်။ အရင်ကလည်း ဒီမှာ တပ်ရင်းမှူးလုပ်ခဲ့တာ ဗိုလ်မှူး တွေ ဗိုလ်ချုပ်တောင်ဖြစ်နေကြပြီ။ သူတို့လာရင်လည်း မရှင်ဆိုင်၊ မရှင်ဆိုင် ရှာပြီးတော့ စားကြတယ်။ ရန်ကုန်ကိုလည်း (ချိုင့်) ဆွဲကျိုက်တွေနဲ့ မှာပြီး သူတို့ယူသွားကြတယ်။ အဲဒီလို အားပေးကြတယ်။ ဒေါ်မရှင်၊ စံရွှေမင်း(သားဖြစ်သူ) ဆိုရင် မသိလူတောင် မရှိတော့ဘူး။ အခု နန္ဒလှိုင်(ဆိုင်ဝန်ထမ်း)ကြော်နေတော့ နန္ဒာလှိုင်လို့တောင် တစ်မျိုးနာမည်ကျော်နေပြီအခု။ အဲဒီလို ကြော်နေတဲ့သူတွေရဲ့ နာမေတွေ ကျော်ကြားသွားတာပဲ။”

စေတနာကောင်းလွန်းတဲ့ သူမရဲ့အပြုအမှုတွေကြောင့် ကဘားကြော်ရောင်းပြီး သား၊ သမီးတွေကို ပညာတတ်ဖြစ်အောင် သင်ပေးနိုင်ခဲ့ ရုံမကလို့ အခုဆိုရင် ဆိုင်ခွဲတွေတောင် ဖွင့်ထားနိုင်ပြီး သူကတောင် အနားယူချိန်ရနေပါပြီ။

“မိတ်များလာတော့ ဆိုင်ခွဲပေးရတယ်။ သား၊ သမီးတွေကလည်း ဘွဲ့ရပေမဲ့ အလုပ်က မလုပ်ကြသေးတော့ သားကလည်း ခွဲပြီးတော့ တစ် ဆိုင်ရောင်းတယ်။ အန်တီကတော့ ဘုရားတရားကယ်လို့ သူတို့တွေ စားသောက်နိုင်ကြတယ်။ အန်တီမှာလည်း ပိုက်ဆံတွေရတော့ အိမ် တွေဘာတွေလည်း ဆောက်ရတယ်။ သားတွေ၊ သမီးတွေလည်းဘွဲ့ရတော့ အန်တီကတော့ အေးအေးချမ်းချမ်းနဲ့ နေနိုင်ပြီလေ။ ပုံမှန် ဖောက်သည်တော့ ရသွားပြီ။ ဖောက်သည်မရခင်ကတော့ ဒုက္ခခံခဲ့ရတယ်ပေါ့။ ၄၊ ၅ နှစ်လောက်ကို။ အခုကတော့ ဖောက်သည်ရလို့ ရောင်းကောင်းလာပြီလေ။ ပုံမှန်လေးတော့ လည်ပတ်နေပြီပေါ့။ တစ်ပွဲကို ၁၅၀၀ ရောင်းတော့ ရောင်းကောင်းတဲ့ခါရှိတာပေါ့။ မိုးတွင်း ဆိုတော့ သိပ်ရောင်းမကောင်းဘူး။ နွေရာသီဆိုရင်တော့ တစ်နေ့ကို ၂ သိန်း၊ ၃ သိန်းဖိုးလောက် ရောင်းရတယ်။”

အခုလက်ရှိမှာ အဆင်ပြေနေပြီဆိုပေမဲ့ အိမ်ထောင်ဦးစီးဖြစ်သူ ဆုံးသွားပြီးနောက်ပိုင်း သား၊ သမီးတွေ ဘွဲ့မရသေးခင်က ဒေါ်မရှင်ဟာ လောကဓံရဲ့ ရက်စက်မှုကို တော်တော်လည်း ခံခဲ့ရရှာသူပါ။ ဒါပေမဲ့ လောကဓံတရားရဲ့ ရက်စက်မှုကို သူမရဲ့ စေတနာတွေ၊ အနစ်အနာ တွေနဲ့ အလဲထိုးနိုင်ခဲ့ပါတယ်။

သူမရဲ့ ကဘားဟာ တစ်ခြားသူတွေကြားထင်ပေါ်ကျော်ကြားနေအောင်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ မဟုတ်ဘဲ စားသုံးသူတွေ အမြဲတမ်းပဲ ပိုမိုပြီး အရသာရှိအောင် ရောင်းချနိုင်ဖို့ ကြိုးပမ်းလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

“ကဘားမှာတော့ ရန်ကုန်အသီးအနှံ မုန်လာဦးနီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင့်တို့ အစုံထည့်ပေးရတယ်။ ပြီးမှလည်း စားကောင်းတာပေါ့။ အသီးအ နှံတွေအစုံထည့်ပေးရတယ်။ အကြော်အလှော်မှာညှက်အောင် စားလို့ကောင်းအောင်ကြော်ပေးရတယ်။ အဆင့်မြှင့်ပြီးတော့ လုပ်မယ်ဆို တော့ ကြောက်တယ်။ နည်းနည်းပဲ သုံးတယ်။ ပူပူလောင်လောင်လေးဆောက်မယ်ဆိုရင်။ မီးသွေးပဲသုံးတယ်။ သူ့မှာ ဂတ်စ်တွေနဲ့ ကြော်လို့မကောင်းဘူး။ ဒီအရသာကလေ မီးပြင်းတော့ မကျက်နိုင်ဘူး။ တူးသွားတယ်။ အနံ့လည်းမကောင်းဘူး။ မီးသွေးနဲ့ ဆိုတော့ အကြော်ညက်ပြီး စားကောင်းတာ။ မီးကလည်း စကားပြောရတာပေါ့။ မီးသွေးနဲ့ကြော်တာထက် ဂတ်စ်နဲ့ကြော်တာက သိပ်မကောင်းဘူး။”

အသက် ၅၉ နှစ်အရွယ်ဒေါ်မရှင်တို့ မိသားစုရဲ့ လက်ရာဖြစ်တဲ့ ကဘားကြော်ကို လူတွေကြိုက်ရတဲ့ နောက်ကွယ်မှာလည်း လျှို့ဝှက်ချက် တစ်ခုအဖြစ်လည်း ရှိနေပါတယ်။

“ကြက်ပြုတ်ရည်ပေါ့။ အဲဒီအရည်ကို လူတွေကြိုက်တယ်။ ငရုတ်ကောင်း၊ ကြက်သွန်ဖြူနဲ့ လှလှပပလုပ်ရင် သူတို့တွေကကြိုက်ကြတယ်။ သောက်ကြတယ်။ စားကြတယ်။ တစ်ခွက်ပြီးရင်တစ်ခွက်။ နှစ်ခွက်တောင်းသူကတောင်း။ အဲလိုတောင်းကြတယ်။ ဆိုတော့ပေးရတာပဲ။ အပြင်ကလည်း လာဝယ်တာတွေရှိတယ်။ ဒါမဲ့မရောင်းဘူး။ ပေးလိုက်တယ်။ ပါဆယ်။ ဒီအလုပ်ကနေပြီးတော့ သမီးတွေသားတွေ အဆင် ပြေတယ်။ ပညာသင်လို့ ဘွဲ့ရကြတယ်။ ကိုယ်တို့ကလည်း အဆင်ပြေပြေ အိမ်လေးယာလေးနဲ့ ဆောက်ရတယ်။ ပြေပြေလည်လည်နေရ တာပေါ့။”

ဒေါ်မရှင်ကတော့ အခုအချိန်မှာ အရွယ်ရလို့ အနားယူနေပြီဆိုပေမဲ့ သူမရဲ့ မိသားစုဘဝကို ပြောင်းလဲတိုးတက်စေခဲ့တဲ့ ကျေးဇူးရှင် ကဘားကြော်လေးကို သူမရဲ့ သား၊ သမီးတွေရဲ့ အင်အားနဲ့အတူ တတ်နိုင်သမျှတော့ စားသုံးသူပရိတ်သတ်တွေအတွက် ကြိုးစားရောင်းချနေဦးမှာပါတဲ့။

 1,344 total views,  1 views today