ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

လှည်းဆိုတာကတော့ မြန်မာနိုင်ငံမှာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သွားလာရလွယ်ကူအောင် နွားနဲ့ဖြစ်စေ၊ မြင်းနဲ့ဖြစ်စေ ပြုလုပ်ပြီး အသုံးပြုခဲ့ကြတဲ့ ကုန်းလမ်းသွား အနှေးယာဉ်တစ်မျိုးလို့ ဆိုရမှာပါ။ နွားကို အသုံးပြု ထားရင် နွားလှည်း၊ မြင်းကိုအသုံးပြုထားရင် မြင်း လှည်းစသဖြင့် ခေါ်ဆိုကြပါတယ်။

အဲဒီအချိန်တွေက နှစ်ပေါင်းအတော်ကြာ အသုံးပြုခဲ့ကြပေမဲ့ ခေတ်တွေတစ်ခေတ်ထက်တခေတ် တိုးတက် ပြောင်းလဲ လာချိန်မှာတော့ မော်တော်ယာဉ်တွေက အစားထိုးနေရာယူလိုက်ကြပါတော့တယ်။ ဒါကြောင့် အလွန်တရာမှ ချစ်စရာကောင်းတဲ့ အဲဒီဓလေ့တွေဟာ မြို့ပေါ်ဒေသတွေမှာရော ကျေးလက် ဒေသတွေမှာပါ မကျန် ကြက်ပျောက်၊ ငှက်ပျောက်နဲ့ ပျောက်ကွယ်သွားကြပါတယ်။

လက်ရှိအနေအထားအရ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအားနည်းတဲ့ တချို့ကျေးလက် ဒေသတွေမှာ အသုံးပြုနေကြဆဲပါ။ ရိုးရာဓလေ့ကို ထိန်းသိမ်းတဲ့ အနေနဲ့လည်း တချို့မြို့ပေါ်ဒေသတွေမှာ အနည်းအကျဉ်း အသုံးပြုနေကြတာလည်း တွေ့ကြမှာပါ။ 

တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့တွေ တိုက်ရိုက်ပို့ဆောင်သွယ်တန်းထားတဲ့ ရေနက်ဆိပ်ကမ်းတည်ရှိရာ ရခိုင်ပြည်နယ်ရဲ့ ဒုတိယမြို့ တော် ကျောက်ဖြူမြို့ဟာလည်း ခေတ်နောက်ကျတဲ့ မြို့တစ်ခု မဟုတ်သလို ကုန်းလမ်းလည်း သွားလို့ရ၊ ရေလမ်းကြောင်းလည်းအဆင် ပြေတဲ့ မြို့တစ်မြို့ပါ။

ဒါပေမဲ့ အဲဒီမြို့မှာ လက်ရှိအချိန်ထိ နွားလှည်းတွေကို အသုံးပြုနေကြဆဲပဲဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ မြို့တစ်မြို့ ဖြစ်ပါလျှက်နဲ့ ဘာကြောင့် နွားလှည်းတွေကို အသုံးပြုနေကြရလဲ။ ဘယ်လို အားသာချက်တွေ ရှိနေလို့လဲ။ ဘယ်အချိန်တွေမှာ အသုံးပြုကြလဲ။ တစ်   ရက်မှာ ဘယ်နှစ်နာရီလောက် အသုံးပြုကြလဲ။ စတဲ့ အကြောင်းအရာတွေကို နွားလှည်းမောင်းသူတွေနဲ့ တွေ့ဆုံမေးမြန်းကာ စိတ်ဝင်စားစရာကောင်းအောင် ဒီတစ်ပတ်မှာ တင်ပြပေးသွားပါမယ်။

“နွားလှည်းသုံးမယ်ဆိုရင် ဒီရေခန်းသွားတဲ့ အချိန်ကျပြီဆိုရင် လှေကိုလည်း ကမ်းနားကို ထိုးတင်လိုက်လို့ မရဘူး။ ဆိုတော့ လှေနဲ့က အဆင်မပြေ။ ကုန်းထက်ကိုလည်း တင်လို့မရ။ နွားလှည်းနဲ့ဆိုရင် တခါတည်း အပေါ်တင်လို့ ရတယ်။ ပုစွန်သမားတွေ၊ ပုစွန်ဘူးသမား တွေ၊ လယ်ယာလုပ်သမားတွေရဲ့ စပါး၊ ဆန်ရေတွေက ကျရင် ဂျပန်မဆိပ်ဖက်က ကာရီနဲ့မှ အဆင်ပြေတယ်။ သုံးဘီးဆိုင်ကယ်တွေ၊ ဘေးတွဲတွေနဲ့က အဆင်မပြေ။ အောက်ကို ဆင်းလို့ မရဘူးလေ။ တပိုင်းလောက်ပဲရတယ်။”

ကျောက်ဖြူမြို့နယ် ကရင်တောရွာက နွားလှည်းကို ၅ နှစ်လောက် အသုံးပြုလုပ်ကိုင်လာတဲ့ ဦးကျော်သန်းဌေးက နွားလှည်းကို အသုံးပြု ရတဲ့ အဓိကအကြောင်းအရင်းကို အလုပ်မသွားမီ ၁ နာရီလောက် အလိုက အလုပ်အပ်လာမယ့် လက်ထဲက ထွက်ပေါ်လာမည့် ဖုန်းခေါ်မြည်သံကို စောင့်မျှော်ရင်း တဒင်္ဂမှာ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်မဆိပ်ကမ်းဆိုတာဟာ ကျောက်ဖြူမြို့နဲ့ တခြားကျေးရွာတွေက ကုန်းရောင်းကုန်ဝယ်ပြုသူတွေရဲ့ စက်လှေတွေ အဓိက ဆိပ်ကပ်တဲ့ ကမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဆိပ်ကမ်းဟာ ရေတိမ်တာကြောင့် ဒီရေတက်ချိန်မှာ စက်လှေတွေ ကမ်းကပ်လို့ အဆင်ပြေနိုင်ပေမဲ့ ဒီရေကျသွားတဲ့ အချိန်မှာတော့ အတော်လေးကို ဒုက္ခရောက်ကြရပါတယ်။ ဒီရေကျသွားတယ်ဆိုပေမဲ့လည်း ရွှံ့မြေဖြစ်တာကြောင့် ဆိုင်ကယ်၊ သုံးဘီးစတဲ့ မော်တော်ယာဉ်တွေနဲ့ သွားလာဖို့ အဆင်မပြေပါဘူး။ ဒါကြောင့် တစ်နေ့တာရဲ့ ဒီရေကျချိန်တွေမှာ ဆိုရင် နွားလှည်းကို အသုံးပြုကြရတာ ဖြစ်ပါတယ်။

နွားလှည်းဆိုပေမဲ့ အရင်ခေတ်ကလို၊ တခြားဒေသတွေမှာ အသုံးပြုတဲ့ နွားလှည်းလို ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ထူးခြားနေပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျောက်ဖြူက နွားလှည်းတွေမှာ အသုံးပြုတဲ့ ဘီးတွေဟာ ထောလာဂျီ၊ သုံးဘီးနဲ့ ကားစတဲ့ ယာဉ်တွေမှာ အသုံးပြုတဲ့ ဘီးတွေ ဖြစ်နေတာကြောင့်ပါ။

“ကားဘီးတွေ၊ ထောလာဂျီ ဘီးတွေကို သုံးတယ်။ သစ်သားဘီးတွေနဲ့ကျတော့ ချောင်းမှာလုပ်လို့ အဆင်မပြေဘူး။ သစ်သားဘီးနဲ့က တောင် ယာတွေမှာမှ ရတယ်။ ဒီနေရာတွေမှာက သွားလို့မရဘူး။ ဝန်တွေဘာတွေ တင်လို့လည်း မရဘူး။ မြင်းလည်းတွေမှာမှ အဲဒါက အဆင်ပြေ တာ။ ဒါကြောင့် တာယာတွေကို အသုံးပြုတာ။”လို့ သူတွေ့ကြုံရသလောက် အကြောင်းအရာလေးကို ပြောပြပါတယ်။

ကျောက်ဖြူမြို့ပေါ်က ကရင်တော၊ စေတီတောင်၊ တောင်ရင်း၊ အမာပါရာစတဲ့ ရပ်ကွက်တွေမှာ နွားလှည်း အစီးရေ ၅၀ ဝန်းကျင်လောက်ရှိ ပြီးတော့ အထူးသဖြင် လက်လုပ်လက်စားတွေက မောင်းနှင်ကြတာပါ။

အဲဒီလို နွားလှည်းတွေဟာ တချို့အတွက် သက်မွေးဝမ်းကြောင်းဖြစ်နေတာကြောင့် ကြိုးစားလုပ်ကိုင်ပြပေမဲ့ ဒီလိုနွားလှည်းတွေကို အသုံးပြုနေတာဟာ မြန်မာနိုင်ငံရဲ့ ရှေးကျတဲ့ ရိုးရာဓလေ့တစ်ခုကို ထိန်းသိမ်းရာရောက်တဲ့ အပြင် နိုင်ငံခြားသားတွေကိုလည်း ဆွဲဆောင်နိုင်ပါသေးတယ်။

“တစ်ခါတစ်လေ လာစီးကြတယ်။ အင်္ဂလိပ်တွေလည်း လာစီးကြတယ်။ အင်္ဂလိပ်တွေက ဓာတ်ပုံတွေဘာတွေ ရိုက်ဖို့ ကမ်းခြေနားတွေမှာ တစ်ခါတစ်လေ အဲလိုစီးကြတယ်လေ။ ဒါပေမဲ့ တစ်နှစ်လည်မှ တစ်ခါလောက်ပါပဲ။ လာမစီးကြတာတော့ ကြာပြီ။ တရုတ်တွေကည်း တစ် ခါတစ်လေကျစီးကြတယ်။”

ဒီဓလေ့ဟာ ရိုးရာယဉ်ကျေးမှုကို ထိမ်းသိမ်းရာ ရောက်ပေမဲ့လို့ နွားလှည်းသမားတွေ အနေနဲ့ကတော့ လက်လုပ် လက်စားတွေ ဖြစ်တာကြောင့် သက်မွေးဝမ်းကြောင်းတစ်ခုအဖြစ်သာ လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။

ဒါကြောင့် သူတို့အနေနဲ့ စားဝတ်နေးရေးကိစ္စရပ်တွေအပြင် ဈေးကြီးလှတဲ့ နွားစရိတ၊် နောက်ပြီးတာ့ တနှစ်တာစီ အတွက် လိုင်စင်ကြေးစတာတွေကိုလည်း ပူပင်ရပါသေးတယ်။

“မကောင်းပါဘူးဗျ ဒီမှာလုပ်စားနေရတာက။ ဒီရေအနက်ဆိုရင် ကျနော်တို့ လုပ်လို့မရဘူးလေ။ ဆိုတော့ ကျနော်တို့်မှာ ဒီရေကျနေတဲ့ အချိန်တခုမှာပဲ လုပ်စားရတာ။ တရက်မှာ အလွန်ဆိုရင် ၁ နာရီ၊ ၃ နာရီလောက် ပေါ့။ ဝင်ငွေကတော့ ပုံမှန်မဟုတ်ဘူးလေ။ တရက်ကို ငွေ ၁ သောင်းရချင်လည်းရတယ်။ ၂ သောင်းလည်း ရတယ်။ ၅ ထောင်လည်း ရချင်ရတယ်။ အများဆိုင်ရင် ၂ သောင်းလောက်။ အနည်းဆိုင် ၁ ပြားမှ မရတဲ့ နေ့လည်း ရှိတယ်။ အခုက အင်တိုက်အားတိုက်လုပ်ပေးရတယ်။ ငွေက အသုံးမခံဘူးလေ ခုခေတ်မှာက။ အရင်ကငွေက တန်ဖိုးရှိတယ်။ ၁ ထောင်ဘဲရရ။  အခုက တရက်မှာငွေ ၁ သောင်းရလို့ အသုံးမခံ။ ကျနော့်မှာ သားတယောက်၊ သမီးတယောက်ရှိတော့ ဒီအလုပ်နဲ့လည်း အဆင်မပြေဘူးလေ။ ဆိုတော့ နောက်ထပ် မွေးမြူရေး နည်းနည်းလုပ်တယ်။”လို့ ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းမှာ နွားလှည်းကို ဆယ်စုနှစ်တခုကြာ မောင်းနှင်လာတဲ့ ကရင်တောရပ်ကွက်က ဦးထွန်းသိန်းဦးက သူကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း လှည်းမောင်းရင်း စိတ်မကောင်းစွာနဲ့ ပြောပြပါတယ်။

နွားလှည်းသမားတွေ ကြုံတွေ့နေရတဲ့ နောက်ထပ်အကြီးမားဆုံး အခက်အခဲတစ်ခုကတော့ သူတို့ နွားလှည်းတွေ ပြေးဆွဲနေတဲ့ ဂျပန်မဆိပ်ကမ်းအောက်က သဲတွေကို တချို့ကစုပ်ယူတာကြောင့် အင်းအိုင်လို ချိုင့်ခွက်တွေ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီအကြောင်းကိုလည်း သူက အလုပ်လာအပ်တဲ့ အဝင်ဖုန်းကို လက်ခံဖြေကြားဖို့ လုပ်ရင်းနဲ့ အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်တို့ ကာရီစတိုက်တုန်းက ဒီလို အင်းအင်မျိုးတွေ မရှိဘူးဗျ။နောက်တော့ ပိုက်ဆံရှိသူတွေက သဲစုပ်တယ် ပေါ့လေ။ သဲစုပ်ပြီးတော့ ဒိုင်တွေကိုဖို့တော့ ဒီလိုအင်းတွေပေါ်သွားတယ်။ ကျနော် ခုနားကပြတဲ့ မြောင်းတွေ မရှိဘူး။ တဖြောင့်တည်း။ တညီတည်းပဲရှိတယ်။ အဲဒီတုန်းက ဒီရေသင့်ရင် လှေတွေကို ဒီဖက်ထားရတယ်။ ခုက အကုန်လုံး အင်းချောင်းတွေ ပေါ်နေတော့ ကျနော်တို့ ကာရီသမားတွေ လုပ်စားမဲ့ နေရာ မရှိတော့ဘူး။ ဖြစ်သွားတယ်။”

အခုလို နွားလှည်းတွေ အသုံးပြုနေတာဟာ ပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ ဓလေ့ကြီးတခုကို ထိန်းသိမ်းရာ ရောက်တဲ့အပြင် မြို့ကိုလည်း တစ်ဖက်တစ်လမ်းက လှပအောင် ဖော်ကျူးပေးနေတာပါ။

ဒီလို ကြီးမားတဲ့ ရိုးရာအစဉ်အလာကို ပျောက်ကွယ်မသွားစေချင်ရင်တော့ လှည်းမောင်းတဲ့ လက်လုပ် လက်စားတွေ အဆင်ပြေအောင် သူတို့ တင်ပြခဲ့တဲ့ အခက်ခဲတွေကို တာဝန်ရှိသူတွေက ကြပ်မတ်ပေးဖို့ လိုသလို ပြည်သူတွေကလည်း တတ်နိုင်တဲ့ဖက်က ပါဝင်ဖေးမပေးဖို့ လိုအပ်ပါလိမ့်မယ်။

အဲဒီလို လုပ်ဆောင်ပေးကြမှလည်း ဦးကျော်သန်းဌေးနဲ့ ဦးထွန်းသိန်းအေးတို့လို နွားလှည်းသမားတွေရဲ့ ဘဝကို ကယ်တင်ရာရောက်တဲ့အပြင်  ဒီဓလေ့ကိုလည်း အလိုအလျောက် ထိန်းသိမ်းရာရောက်သွားပါမယ်။

 1,102 total views,  1 views today